ဒီမိုကရေစီသည် သွင်းကုန် မဟုတ်
Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Friday, April 5, 2013

ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး အဘ သူရဦးရွှေမန်းသို့အိပ်ဖွင့်ပေးစာ

ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ ဥက္ကဌကြီး အဘ သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ(၇)

အဘခင်ဗျား........

ကျွန်တော့်အနေနဲ့ အနယ်နယ်အရပ်ရပ်က ရဲဘော်ရဲဘက်များရဲ့တူညီသောခံစားချက်များကို စုစည်းပြီး ပါတီ ဗဟိုအလုပ် အမှုဆောင်များ သိရှိနိုင် ပါစေကြောင်း ရည်သန်လျက် “အဘများထံ အိတ်ဖွင့်ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသားခဲ့တာ (၆)စောင်ရှိခဲ့ပါပြီးခင်ဗျား။ ဒီအိတ်ဖွင့် ပေးစာတွေကို ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပါတီတစ်ရပ်လုံးကို ပဲ့ကိုင် ပေးနေကြတဲ့ ဗဟိုအလုပ် အမှုဆောင်များအနေနဲ့ အောက်ခြေ အဖြစ်သနစ်မှန်တွေကို ချင့်ချိန် စဉ်းစားသွားနိုင်ဖို့နဲ့ ပါတီကြီး အဓွန့်ရှည်အောင်မြင်နိုင်ရေး အတွက်ပဲ ဖြစ်ပါတယ် ခင်ဗျား။

ကျွန်တော့်ရဲ့ ပေးစာ အမှတ်(၁)မှ(၆)အထိ ဖတ်ရှုခဲ့ကြသော သွေးသောက် ရဲဘော်များ အနေဖြင့် ၄င်းတို့၏ ခံစားချက်နှင့်လည်း ထပ်တူကျသည်ဟု ဆိုကာ ဆက်လက် ရေးသားပေးရန် တောင်း ဆိုသည့်အပြင် အဘများထံဟူသော ခေါင်းစဉ်ထက် ပါတီဥက္ကဌကြီး ထံသို့သာ တိုက်ရိုက်ရေးသား ပေးစေလိုကြောင်း အကြံပြုလာ သဖြင့် အိတ်ဖွင့်ပေးစာ အမှတ်(၇)မှ စတင်၍ အဘ သူရဦးေ၇ွှမန်းထံ အိတ်ဖွင့်ပေးစာဟူသော ခေါင်းစဉ်ဖြင့် ဆက်လက် ရေးသားသွားမည် ဖြစ်ပါတယ်ခင်ဗျား။

ချစ်ကြောက်ရိုသေလေးစားရပါသော အဘသူရဦးရွှေမန်းခင်ဗျား

ကျွန်တော်တို့ပါတီကြီးဟာ ၁၉၉၃ ခုနှစ်ကတည်းက တပ်မတော်က မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးမှ အခြေတည် ပေါက်ဖွားလာခဲ့တာမို့ ပါတီသက်တမ်း အားဖြင့် နုနယ် သေးသည်ဆိုသော်လည်း အခြားသော နိုင်ငံရေး ပါတီများနှင့် နှိုင်းယှဉ်လျှင် သဘာရော၊ ၀ါအရ ပါ ခြေလှမ်းများစွာ အကြောရနေခဲ့ပါတယ် ခင်ဗျား။ အဲလို ခြေလှမ်း အသာစီးရနေခဲ့တဲ့ ကျွန်တော်တို့ ပါတီကြီးဟာ တစ်ဖြည်းဖြည်းနဲ့ အခြားသောအဖွဲ့ တွေနဲ့ ခြေလှမ်း တူလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရတာမို့ အချိန်မီ ထိန်းသိမ်း ကွပ်ကဲနိုင်လို့ရအောင် ဥပမာတစ်ခုနဲ့ နှိုင်းယှဉ် တင်ပြသွားပါ့မယ် ခင်ဗျား။

တကယ်တော့ ကျွန်တော်တို့ ပါတီကြီးဟာ ဘာနဲ့အလား သဏ္ဍာန် တူသလဲ ဆိုရင် လှေဝမ်းပေါက်ပြဲ နေသော၊ လှေနံ ကျိုးပဲ့နေသော လှေတစ်စီးနဲ့ တူနေပါတယ် ခင်ဗျား၊ ပဲ့ကိုင်သူက လမ်းမှန်ကို မြန်နှုန်း မြင့်နဲ့ ကိုင်တွယ် မောင်းနှင်သလို၊ လှေဦးကလည်း အရှိန်တစ်ခုနဲ့ ရေပြင်ကို ထိုးဖောက်ပြီး ရုန်းကန် လှုပ်ရှားနေကြပေမယ့်၊ လှေဝမ်း ပေါက်ပြဲနေခြင်း၊ လှေနံများကျိုးပဲ့ ပျက်စီးနေခြင်း တို့ကြောင့်၊ လိုရာ ခရီးကိုမှန်းထားသလိုမရောက်နိုင်ပဲ လှေဝမ်းက ရေကို ခပ်ထုတ်နေရတာ၊ ကျိုးပဲ့နေတဲ့လှေနံ ကြောင့် လှေမမှောက်အောင် ထိန်းနေရတာနဲ့တင် အခြားသော လှေတွေက အမှီလိုက် လာနိုင်တဲ့ သဘောဖြစ်နေပါတယ် ခင်ဗျား။

ဒီဖြစ်စဉ်ကို အထင်ရှားဆုံး အလွယ်ကူဆုံး ဥပမာတစ်ခုနဲ့ မီဒီယာလုပ်ငန်းနဲ့ ပတ်သက် ပြီးနှိုင်းယှဉ် သွားခွင့်ပြုပါခင်ဗျား ............။
 
ကျွန်တော်တို့ပါတီဟာ အသင်းကြီးဘ၀ကတည်းက မီဒီယာ လက်ဦးမှုကို ရရှိခဲ့ပြီး အသင်းဝင်တွေ ကို မီဒီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ဖြစ်အောင် အရှိန်အဟုန် တစ်ခုနဲ့ လေ့ကျင့်ပျိုး ထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပါတီဟာ နံပါတ်(၁) ဖြစ်နေသင့် ပါလျက်နဲ့ မျက်မှောက် ကာလမှာ တော့ နံပါတ်(၁)ဖြစ်ဖို့ ဟိုးးးနောက်ဆုံးက စတင် ရေတွက် ရမလိုဖြစ်နေ ပါပြီဆိုတာ အမှန်အတိုင်း သုံးသပ်တင်ပြပါရစေ ခင်ဗျား။

အခုလဲ ဓနအင်အား၊ ပညာရှင်အင်အား၊ လူအင်အား၊ စီမံခန့်ခွဲမှု အင်အား အစစအရာရာ သာလွန်ကောင်းမွန်တဲ့ ကျွန်တော်တို့ ပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ပတ်သက် ပြီး ကျွန်တော် မြင်တွေ့ နေရတာတွေကို ရင်ဖွင့်ခွင့်ပြုပါ ခင်ဗျား။

အဘသူရဦးရွှေမန်းခင်ဗျား..........

ကျွန်တော်တို့ ပါတီက နေ့စဉ် သတင်းစာ တစ်စောင်ကို ထုတ်ဝေရခြင်း ရည်ရွယ်ချက်ကို ကျွန်တော် ဥာဏ်မီသလောက် ပြောပြရရင်။ ပါတီရဲ့မူဝါဒတွေ၊ ဆောင်ကြဉ်းပေးနေတဲ့ လုပ်ငန်းစဉ်တွေကို လူထု တွေသိရှိဖို့၊ အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ ရင်ဖွင့်သံကို သိရှိဖို့နဲ့ ပါတီအနေနဲ့ ပြည်သူတွေ ထံ တိုက်ရိုက် ပြောဆိုနိုင်တဲ့ ကြားခံ ပစ္စည်းတစ်ခုအဖြစ် ထုတ်ဝေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် ဥာဏ်မီသလောက်သာ ကောက်ချက် ဆွဲမိတာပါ၊ ဒီအထဲမှာ အခိုင်မာဆုံး တစ်ခုက ကျွန် တော်တို့ပါတီအနေနဲ့ ငွေကြေး အတွက် ဒီသတင်းစာကို ထုတ်ဝေခြင်း မဟုတ်ဘူး ဆိုတာပါပဲ။

အဲဒီလို ရည်ရွယ်ချက်တွေကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကနဦး အသင်းဘ၀မှာ ကတည်းက တိုင်း/ပြည်နယ် အသီးသီးက သင်တန်းသားတွေကို သတင်းစာပညာ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ် သင်တန်းပေးခဲ့တယ်၊ သတင်းရေးသားမှု စွမ်းရည် မကျဆင်းအောင် လည်း အသင်းပိုင် ဂျာနယ်တွေ စာစောင်တွေ ထုတ်ဝေခဲ့တယ်၊ ဒါ့အပြင် ပါတီဌာနချုပ်မှာ သတင်း ကိစ္စတွေကို ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ ဆက်ဆံရေးဌာန ဆိုတာကို ထားရှိခဲ့ပါ တယ်။ အသင်းမှ ပါတီဘက်သို့ ကူးပြောင်း လာပြီးတော့လဲ ပြည်ထောင်စု နေ့စဉ် သတင်းစာကို ထုတ် ဝေနိုင်ဖို့ အတွက် ကျွန်တော်တို့ကို ပါတီ ဌာနချုပ်က သတင်းစာ သတင်းထောက် သင်တန်း ဖွင့်လှစ် ပေးခဲ့ပါတယ်ခင်ဗျား။

အဘခင်ဗျား......။

သင်တန်းတစ်ခုလို့ ဆိုလိုက်တာနဲ့၊ ဦးဆောင် ဖွင့်လှစ်သူရော တက်ရောက်သူပါ နှစ်ဦးနှစ်ဖက်စလုံး အချိန်၊ ငွေများစွာ ပေးဆပ် ရင်းနှီးမြှပ်နှံ ရတာကြီးပါပဲ အနည်းနဲ့ အများပဲကွာမှာပါ ကုန်ကျတာချင်း တော့အတူတူပါပဲ၊ သင်တန်း(၂)ပတ် အတွင်းမှာရော သင်တန်း ဆင်းပြီးတဲ့ (သတင်းစာ မထုတ်ခင် စပ်ကြား)အထိ ကျွန်တော်တို့ တတွေဟာ ဧပြီ ၁ မှာ စတင် ထုတ်ဝေမယ့် ပါတီသတင်းစာကို ဘယ် လိုကြိုးပမ်း အားထုတ်သွားမလဲ၊ ဘယ်လို စွမ်းဆောင် ပေးသွား မလဲဆိုတာ စိတ်ကူးနဲ့တင် ညည အိပ် မပျော်ခဲ့သလို၊ သင်တန်းသား အချင်းချင်းကလဲ အမြဲတစေ ဖုန်းနဲ့ ဆက်သွယ် မေးမြန်ခဲ့ရတာ မမောနိုင် မပမ်းနိုင်အောင် ပါပဲခင်ဗျား။ ဒါပေမယ့် အဲဒီ စိတ်ကူးယဉ်မှုဟာ ဧပြီလ ၁ ရက်နေ့ မတိုင်မီ တစ်ပတ်အလိုမှာပဲ ပျောက်ဆုံးခဲ့ပါတယ် ခင်ဗျား။

ဒီလိုနဲ့ ပြည်ထောင်စု သတင်းစာကြီးဟာ ဧပြီ(၁)ရက်နေ့မှာ ထွက်လာပါတယ်၊ ကျွန်တော်တို့ သင်တန်းဆင်း တွေ ပါဝင်ခွင့် မရခဲ့ပါဘူး၊ ဒီလိုပြောလို့ “ဖိုးလုပ်ချင်”လို့ မယိုးစွပ်ပါနဲ့ ခင်ဗျား၊ ကျွန်တော် တို့အဆင့်၊ ကျွန်တော်တို့ ပညာနဲ့ အယ်ဒီတာ အဆင့်ကိုတောင် မမှန်းခဲ့ပါဘူး၊ အများဆုံးမှ နယ်သတင်းထောက် တာဝန်လေးတစ်ခုပဲ လိုချင်ခဲ့တာပါ၊ ဒီတာဝန်ကို ကျွန်တော်တို့ လုပ်ပြချင်ခဲ့တာ၊ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ဖော်ပြချင်ခဲ့တာ တစ်ခုတည်းပါပဲ။

ဒါပေမယ့် စွမ်းဆောင်ခွင့် ကူညီခွင့် မသာခဲ့ပါဘူး၊ ကျွန်တော်ပြောတဲ့ စွမ်းဆောင်ခွင့်ဆိုတာ ငွေရေး ကြေးရေးနဲ့ မဆိုင်ပါဘူး တကယ့် စေတနာ၊ ၀ါသနာ စစ်စစ်နဲ့ ပါတီအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုချင်ရုံလေးပါ ခင်ဗျား။ သင်တန်းကို ကျွန်တော်တို့ တက်ရောက် ခဲ့တယ်၊ သင်တန်းမှာ ပါတီ ဌာနချုပ်က ကျွေးခဲ့တဲ့ ထမင်းတွေကို ကျွန်တော်တို့စားခဲ့ရတယ်၊ ပါတီက သင်ကြားပေးလို့ ပညာ တစ်ခုကို တတ်မြောက်ခဲ့တယ် ဒီကျေးဇူး တရားကို တစ်ဖက် တစ်လမ်းက ပြန်ဆပ်ချင်ရုံလေးပါပဲ။ ဆပ်ခွင့် မရခဲ့ပါဘူး ခင်ဗျား။ ဒီလို ခံစားရပေမယ့်လည်း “အော်လူကြီးတွေက အမြှော်မြင်ကြီးကြီးနဲ့ တွေးခေါ်ထားလို့ တို့တွေကို ထုတ်မသုံးသေးပဲ တို့ထက် အရည်အချင်းရှိတဲ့ လူတွေကို အရင် ထုတ်သုံးမယ် အခြေကျမှ တို့တွေကို ပွဲထုတ်မယ်”လို့ ဖြေတွေး တွေးခဲ့မိပါသေးတယ်။ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပါတယ် အဘခင်ဗျား။

ကျွန်တော်နေထိုင်တဲ့ ဒေသက လုပ်သက်နု ဂျာနယ် သတင်းထောက်လေး တစ်ဦးက တစ်လရှစ်သောင်း ရနေရာကနေ ပြည်ထောင်စု သတင်းစာက တစ်လ သုံးသိန်းပေးပြီး တာဝန်ပေးလိုက်တယ် ဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြောသွားပါတယ်၊ လာပြောတယ်ဆိုတာ သာမန်လာပြောတာမဟုတ် ပါဘူး ရိသဲ့သဲ့ အသံလေးနှောလို့ပါ၊ သူက ဆက်ပြောပါသေးတယ်.. ပြည်ထောင်စု သတင်းစာမှာ အယ်ဒီတာချုပ်က တစ်လ ၁၈ သိန်း၊ အုပ်ချုပ်မှု အယ်ဒီတာက တစ်လကို ၁၀ သိန်း လစာရတယ်တဲ့ လေ၊ ဒီ့ထက်ပိုဆိုးတာက အယ်ဒီတာချုပ်နဲ့ အုပ်ချုပ်မှု အယ်ဒီတာတို့က သားအဖတော်တာတဲ့....။ ပါတီဗဟိုက ........... နဲ့လည်း တစ်ပတ်စဉ်ထဲပဲတဲ့လေ.......။

ဒီအဖြစ်သနစ်တွေကို ပါတီဥက္ကဌဖြစ်တဲ့ အဘအနေနဲ့ သိပါလေစလို့ တွေးမိပါတယ်၊ သားအဖ နှစ်ယောက် တစ်လ သိန်း ၃၀ နီးပါး၊ တစ်ရက်ကို ငွေ ၁ သိန်း........ဘုရား. ....... ဘုရား.....ပြည်သူ့ အကျိုးပြုတွေ အများကြီး လုပ်နိုင်ပါ ပေါ့လား လို့တောင် ဘုရားတ မိပါတယ် ခင်ဗျား။ ဒီလိုပြောလို့ မုဒိတာ မပွားနိုင်တာ မဟုတ်ပါဘူးခင်ဗျား၊ ပညာရှင် ဆိုတာမျိုးဟာ ငွေကြေးနဲ့ ပိုင်းဖြတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။  ဒါပေမယ့်အဘရယ်. .............. ................ .။ ကျွန်တော် ဘာကို ဆိုလိုချင်တယ် ဆိုတာ အဘ ထိုးဖေါက်မြင် ပါလိမ့်မယ် ဆိုတာ ကျွန်တော်ယုံကြည် ပါတယ် အဘ။

ကျွန်တော့် ပေးစာကို နိဂုံးချုပ် ပါတော့မယ် အဘ...... လှေတစ်စီးကို ပဲ့ကိုင်သူကလည် မခိုမကပ် ထိန်းကြောင်းပြီး လိုရာပန်းတိုင် တစ်ခုကို မရပ်မနား ရှိသမျှခွန်အားနဲ့ ရုန်းကန်နေပါတယ်အဘ။ လှေဦးကလည်း သူရှိတဲ့ ခွန်အားကို ထုတ်နှုတ်ပြီး ရေထုကို ထိုးဖောက် ပြေးလွှားနေ ပါတယ်အဘ၊ လိုချင်တဲ့ ခရီးကို အမြန်ဆုံးနဲ့ အမှန်ဆုံး ရောက်ဖို့ လှေဝမ်းနဲ့ လှေနံ ပေါက်ပြဲ ပျက်စီးမှု မရှိအောင် တော့ အချိန်မီပြုပြင် ဖာထေးရမယ်ထင် ပါတယ်၊ ဒီလိုမှ မဟုတ်ရင်၊ သဘာမရှိ၊ ၀ါမရှိတဲ့ နောက်က လိုက်လာတဲ့ လောင်းလှေငယ်လေးတွေ ကျော်တက် သွားပါ တော့မယ်လို့ တင်ပြလိုက် ၇ပါတယ် အဘ။

အဘကိုချစ်ကြောက်ရိုသေပါသော တပည့်ကျော် (ကိုဖွ)
USDP Grop Face Book မှ ကူးယူ ဖော်ပြပါသည်။

Tuesday, April 2, 2013

အငှားဗိုက်နဲ့ ဓါးထိုးခံ ပါရစေ (သို့ ) ပြည်ထောင်စု နေ့စဉ် အပေါ် ဝေဖန်ချက်

ဒီနေ့မနက် အိမ်ကို သတင်းစာပို့သမား ရောက်လာတယ်၊ ပြည်ထောင်စု နေ့စဉ် သတင်းစာအခြေ အနေ မေးကြည့်တယ်၊“ အမှန်အတိုင်း ပြောရမလား.. ကြားကောင်းအောင် ပြောရမှာလား ဆရာ”လို့ ဆိုလာပါတယ်။ ကျွန်တော်ကလည်း အားမနာတမ်း ပြောပါဆိုလို့ သူပြောပြခဲ့ ပါတယ်။ “ဆရာရေ.. အားမနာတမ်း တကယ့် အဖြစ်မှန် ပြောမယ်ဆိုရင် ..... ဒီနေ့မနက် ကျွန်တော် သတင်းစာ လိုက်ပို့ရင် ဒီပြည်ထောင်စု သတင်းစာကို လိုက်စပ်ဟပ်ပါတယ်၊ လူတွေက မယူကြဘူး ဆရာ၊  အလကား ပေးတာတောင် အိမ်တိုင်း မယူကြဘူး၊ အားလုံးက ခြင်္သေ့က ထုတ်တယ်ဆိုတာ သိထား ကြတာမို့ပါ ဆရာ” တဲ့လေ။

ကိုင်း.......ဒါက ကျွန်တော်တို့ ဒေသရဲ့ ဧပြီ(၁)ရက်နေ့ မနက်ပိုင်း ကြားရတဲ့ အသံပါ။ နောက်တစ်ခုက သတင်းစာပို့သမား လက်ဆောင် ပေးတဲ့ ပြည်ထောင်စု နေ့စဉ်ကို ကျွန်တော်  အသေးစိတ် ဖတ်ပါတယ်၊ ပထမ စစချင်းထုတ်တဲ့ အစောင်မို့ အပြင်အဆင်ကို မဝေဖန်လိုပါဘူး၊ စာတည်း အဖွဲ့ဝင်တွေ စာရင်းကို ဖတ်ကြည့်လိုက်ပါတယ်၊ ဘယ်မလဲ သတင်းစာ သတင်းထောက် သင်တန်းဆင်းတွေ တစ်ယောက်မှ မပါဝင်ပါလား၊

ဒီအတွက် သင်တန်း ဖွင့်ခဲ့ကြတာ မဟုတ်လား၊ ဒီအတွက် ဌာနချုပ်က ငွေကြေး ကုန်ကျခံခဲ့တယ် မဟုတ်လား၊ ဒီအတွက် တက်ရောက်တဲ့ သင်တန်းသားတွေ အလုပ်ပျက် အကိုင်ပျက်နဲ့ မိသားစု ငြိုငြင်မှုကိုခံပြီး အချိန်ပေးခဲ့ ရတယ် မဟုတ်လား၊

နောက်ဆုံး ရလာဒ်က ဘာလဲ၊ ဘယ်သူ ကောင်းစား သွားလဲ၊ ဘယ်သူ နေရာရသွားလဲ၊ ဒါကို တွက် ကပ်ပြောနေရင် နေရာမရလို့ မလိုတမာစိတ်ကြောင့် ပြောတယ်လို့ ပြောချင် ပြောကြမယ်၊ မဟုတ်ဘူး ကျုပ်ဆိုလိုတာ ဒီအတွက် မဟုတ်ဘူး၊ ကျုပ်နဲ့လည်း ဘာမှ မပတ်သက်ပြီး၊ ကျုပ် အကျိုးစီးပွားလဲ မထိခိုက်ဘူး၊ ဒါပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ ပြည်သူတွေရဲ့ ပဲ့တင်သံကို တာဝန်ရှိသူတွေ ကြားရအောင် ရောင်ပြန် ပို့ခြင်းသာ ဖြစ်ပါတယ်။

နကို ကတည်းက သတင်းစာ ထုတ်တဲ့အခါ  ဒီလို အစီအစဉ်မျိုးနဲ့ ဆောင်ရွက် သွားမယ်လို့ စိတ်ကူး ထားတယ် ဆိုရင်၊ မလိုအပ်ပဲ ငွေကုန်ကျ မခံကြပါနဲ့၊ အချိန်ကို အလဟသ မဖြုန်းတီး မိပါစေနဲ့၊ အင်အားတွေကို အချည်းနှီး မထုတ်သုံး ကြပါနဲ့၊ ဒီလိုသာ ကြိမ်ဖန်များစွာ ဖြစ်နေကြရင်.. ရင်လေးမိတယ်လို့ပဲ ပြောလိုက် ပါရစေ။ (ကိုဖွ )

USDP FB Group မှ ကူးယူ ဖော်ပြပါသည်။ 



Monday, March 4, 2013

နှစ်ကျပ်ခွဲ ကျေးရွာ မီးလင်းရေး ဖြစ်ရပ်မှန်

ခေါင်းစဉ် မဲမဲ ကြီး တွေ ဖတ်ခဲ့ရတယ်။ နေနိုင်အောင်တော့ နေပါတယ်။ နောက်ဆုံး မနေနိုင်တော့လဲ တကယ် ထပြောမိ ပါတယ်ဗျာ။
((( နှစ်ကျပ်ခွဲကျေးရွာ မီးလင်းရန် ကူညီသည့် ဆရာတော် နှင့် ရွာသားများ ကို ဖမ်းဆီး ))) အဲ့ဒီဖြစ်စဉ်ကို အရိုးသားဆုံး သုံးသပ်ကြည့်ကြမယ်လေ။


ထီးတော်ရှင် စေတီ 



ထီးတော်ရှင် စေတီ
နှစ်ကျပ်ခွဲရွာမှာ ထီးတော်လှုပ်(သို့)ထီးတော်ရှင် စေတီ လို့အမည်ရတဲ့ ထင်ရှားနဲ့ စေတီ တစ်ဆူ ရှိပါတယ်။ နယ်တဝိုက်မှာတော့ ထင်ရှားကျော်ကြားမှု အပြည့်ရှိခဲ့ပါတယ်။ ထီးတော်ရှင် စေတီ လျှပ်စစ်မီး ပူဇော်ရေး အတွက် လှူဒါန်းသူ အချို့နဲ့ ဒကာ/ဒကာမ များ စုပေါင်းပြီး ထရန်စမော်မာ တစ်လုံး စုပေါင်း ဆောင်ရွက်ခဲ့ ကြတယ်။ အဲ့ဒီမှာ ပြဿနာက စဖြစ်တော့တာပဲ ဂေါပကအဖွဲ့က ဘုန်းဘုန်း ဦးကောသလ္လကို စေတီပိုင် အလှူငွေ အလွဲသုံးစား လုပ်တယ်လို့ သံသယရှိပြီး ရဲတိုင်မယ်/ တရားရုံး တိုင်မယ် ဖြစ်ကြရော ဒါနဲ့ ရွာနဲ့ ဘုန်းကြီး နည်းနည်း ကွဲလွဲ ကုန်ကျတယ်။ ဂေါပက ဦးမြသန်းက တရားရုံးမှာ ဦးကောသလ္လကို တရားစွဲတယ်။ ဖြစ်ပွားရခြင်း အကြောင်းရင်းက တော့ ဒါပါပဲလို့ ကျွန်တော် ထင်ပါ တယ်။ နောက်ပိုင်း ဖြစ်စဉ်တွေကတော့ လတ်တလော အကြောင်းရင်းတွေပါ။ ဘယ်လိုပဲ ပြောပြာ ထရန်စဖော်မာလေး တစ်လုံးနဲ့ ထီးတော်ရှင် စေတီကို မီး ပူဇော်နိုင်တာကို အတော်လေး သာဓုခေါ်ရမှာပါပဲ။

ထရန်စဖော်မာ
နှစ်ကျပ်ခွဲ ကျေးရွာမှာ အိမ်ထောင်စု (၈၀၀)လောက် ရှိတယ်လေ။ ဘုန်းဘုန်း ဦးကောသလ္လ ရဲ့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်မှုကို ကြည့်ကြ ရအောင်ဗျာ။ ကျောင်းအနီး တဝိုက်က ၀ထ္တုငွေ ကပ်နိုင်တဲ့ ဒကာ/ဒကာမ (၁၄၅)ဦးကို လျှပ်စစ်မီး အသုံးပြုခွင့် ရအောင် လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန် (၁၇)ဦး လျှပ်စစ်မီး မရရှိသေးဘူး ဆိုပြီး တိုင်စာ ပေးပို့တိုင်တန်း ပါလေရော ဒါနဲ့ တိုင်ရင် ကြောက်ရတဲ့ လျှပ်စစ် ၀န်ကြီးဌာန အနေနဲ့လည်း ၂၀၁၁ ဇွန် လပိုင်း လောက်မှာ သုံးစွဲခွင့် ရရှိရေး စီစဉ် နေရတော့ တာပါပဲ။

 ထရန်စဖော်မာ

 အဲ့ဒီ သတင်းဟာ နှူးကလီးယား ဗုံးပေါက်သလို တမဟုတ်ချင်း ပေါက်ကွဲ ထွက်သွား ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွာအိမ်ထောင်စုက (၈၀၀) လောက်လေ။ လူဦးရေနဲ့ မတွက်ကြည့် ပါနဲ့တော့ နှစ်ကျပ်ခွဲက ရွာကြီးပေါ့။ လက်ရှိလျှပ်စစ်မီး ရနေနိုင်တာ (၂၀၀)တောင် မပြည့်သေးဘူး။ ဒါနဲ့ လျှပ်စစ် မရရှိသေးတဲ့ (၅၅၀) ကျော်က လွတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ခေါင်းဆောင်မှုနဲ့ မီးလင်းရေး ကော်မတီ ဆိုပြီး ဖွဲ့ရော အဲ့လိုဖွဲ့တဲ့ အခါမှာ ဦးဝင်းမြင့်ရဲ့ ပေါက်ရောက်အောင် တင်ပြ နိုင်မှုကြောင့် မီး မရရှိသေးသူများ အတွက် ထရန် စဖော်မာ (၁)လုံး ထပ်မံ သုံးစွဲခွင့် ရရှိသွားပါတယ်။

ပါတီနိုင်ငံရေး မှိုင်းတိုက်
 ဒါကို ဦးကောသလ္လက လုံးဝ မကျေနပ်ဘူး မဆိုင်တာတွေနဲ့ တိုက်ခိုက် ပုတ်ခတ်တယ်။ ပါတီ နိုင်ငံရေးမှိုင်း တိုက်အောင် လုပ်တယ်။ ဘယ်လိုလဲ ဆိုတော့ ရှင်းရှင်းလေးပါ (ဦးဝင်းမြင့်=ပြည်ခိုင်ဖြိုး) ပေါ့။ ရွာတစ်ရွာ ဆိုတာ ဘုန်းကြီး ပြောသမျှ အမှန်ယူ ရတယ်။ ဘုန်းတော်ကြီးက ရတနာ သုံးပါးထဲမှာ ပါတယ်လေ။ အကြွင်းမဲ့ ယုံကြည် ကြတာပေါ့။ ကျွန်တော့် ယူဆချက် ကတော့ ဘယ်ပါတီဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ် ဖြစ်ဖြစ် မိမိဒေသ ကောင်းကျိုး ဆောင်ရွက် ပေးရင် လက်ခံ ယုံကြည်မှာပါပဲ။ ပြည်ခိုင်ဖြိုး မို့လို့ NLD မို့လို့ မခွဲခြားဘူး။ ပြည်ခိုင်ဖြိုး အတွက် မဲဆွယ်ပေးနေတာ မဟုတ်ပါဘူး။ အမုန်းဆိုတဲ့ နေကာ မျက်မှန်ကို ချွတ်ကြည့်ရင် ပကတိ အတိုင်း မြင်နိုင်ပါတယ်။

ပဿနာက အဲ့ဒီမှာ စဖြစ်တော့တာပဲ -
မြို့နယ် လျှပ်စစ်မှူး ဦးမြင့်သူနိုင် နဲ့ အဖွဲ့က ထရန်စဖော်မာ တစ်လုံး ထပ်မံ တပ်ဆင်ဖို့ ရွာကို ရောက်လာ ပါတယ်။ အဲ့ဒီ အခြေအနေမှာ ထီးတော်ရှင် ဘုရားက ထရန်စဖော်မာကို လွတ်ထားတဲ့ ကြိုးတွေကို ခွဲပြီး သွယ်ဖို့ ဓါတ်တိုင်တွေ စိုက်တော့ ဘုန်းဘုန်ုး ဦးကောဿလ္လက ကန့်ကွက်တယ်တဲ့။ ဦးကောသလ္လက သူ့ဒကာ (၁၇)ဦးကိုတော့ မလုပ်ပေး သေးဘူး ဆိုပြီး တိုင်ပြန်တယ်။ မီးလင်းရေး ကော်မတီ ကလည်း မီးမရလို့ ထပ်တိုင်ပြန်ရော ဇာတ်ရှိန် မြင့်လာ ပါပြီ။ ပဋိပက္ခ ဖြစ်လာ နိုင်တယ်ဆိုတာ ကြိုတင် မှန်းဆလို့ ရနိုင်တဲ့ အခြေအနေမို့ အမှတ် (၂)စွမ်းအား ၀န်ကြီးဌာနက ဦးဆောင် ညွှန်ကြားရေးမှူး(စီမံ) ခေါင်းဆောင်နဲ့ အဖွဲ့က ဇူလိုင် လဦးပိုင်း လောက်မှာ တိုင်စာများကို စစ်ဆေး ပေးဖို့ ကျောက်ပန်းတောင်း မြို့နယ်ကို ရောက်လာ ပါလေရော။ ဒီလိုနဲ့ ဘုန်းဘုန်း ဦးကောသလ္လကို လျှပ်စစ်ရုံးကို ကြွရောက်ဖို့ ပင့်ခဲ့ပေမယ့် လုံးဝ လာရောက်ခြင်း မရှိဘူးလို့ သိရ ပါတယ်။

ဒီလိုနဲ့ ၂၀၁၃ မှာ တိုင်း လျှပ်စစ်ဝန်ကြီး ဒေါက်တာ မြင့်ကြူ ဦးဆောင်တဲ့ ဌာနဆိုင်ရာ လူကြီးများ အဖွဲ့ဟာ လျှပ်စစ်မီး မရသေးသူများ လျှပ်စစ် မီးသွယ်တန်းပေးဖို့ လုပ်တော့ ဦးကောသလ္လက ကန့်ကွက်တယ်။ ထိုနေ့ နေ့လည် လောက်မှာပဲ မြို့နယ် လျှပ်စစ်မှူး ဦးမြင့်သူနိုင်က လျှပ်စစ်မီးကြိုး သွယ်တန်းဖို့ လုပ်ဆောင်တဲ့ အခါမှာ ဦးကောသလ္လ နဲ့ ရွာသူ/ ရွာသား (၁၀)ဦး လောက်က နှောင့်ယှက် ကြတယ် တားမြစ်ကြပါတယ်။ ဒါနဲ့ ဦးကောသလ္လ အပါအ၀င် (၁၀)ဦးကျော်ကို နှစ်ကျပ်ခွဲ အလက မှာ နှောင့်ယှက် ဟန့်တားမှုမျိုး မလုပ်ရန်နဲ့ ထပ်မံ လုပ်ဆောင်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးတို့ ပါတဲ့ အဖွဲ့က ရှင်းလင်းခဲ့ ပါတယ်။ သို့သော် နှောင့်ယှက်မှုများ ကတော့ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။  ဒီလိုနဲ့ မြင်းခြံခရိုင်လျှပ်စစ်မှူး ဦးကျော်မြင့်က ရဲကို တိုင်ပါလေရော။ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဦးကောသလ္လ နဲ့ ရွာသား (၁၀)ဦးကို အမှုဖွင့်တယ်။ တာဝန် ဆောင်ရွက်နေစဉ် နှောင့်ယှက်သော ဖြစ်ရပ်အား ရိုက်ထားသည့် ဗွီဒီယို မှတ်တမ်း၊ ဓါတ်ပုံ မှတ်တမ်းတွေနဲ့ တရားစွဲတယ်။

 ရဲ နှင့် ဘုန်းတော်ကြီး
ဒီလိုနဲ့ တရားခံစာရင်းထဲ ပါနေတဲ့ သူတွေကို ဦးကောသလ္လက ကျောင်းဝင်းထဲ ခေါ်ထား တော့တယ်။ ရဲဝင်ဖမ်းမှာ စိုးတာက တစ်ပိုင်း EPC ကလျှပ်စစ် လာသွယ်ရင် အမြန်ဆုံး တားဆီးလို့ ရအောင်လို့ပေါ့။ နောက်ထပ်လည်း လျှပ်စစ်မီးသွယ်ဖို့ ကြိုးစားရာမှာ နှောင့်ယှက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒါအပြင် ထီးတော်ရှင် ထရန်စဖော်မာကနေ မီးယူနေတဲ့ အိမ်ထောင်စု (၁၄၀)ကျော် လောက်ကို ခေါ်ပြီး ဆန့်ကျင်ရေး စည်းရုံးခဲ့ပါ သေးတယ်။



တိုင်းလျှပ်စစ် အင်ဂျင်နီယာမှူးနဲ့အဖွဲ့က မီးမရရှိသေး သူများ တိုင်ကြားချက်အရ မီးမရသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီး မီးရရှိရေး သွယ်တန်းပေးမယ်လို့ အာမခံလိုက် ရတယ်။ ၂၄-၂-၂၀၁၃ မှာ တော့ အကြီးအကျယ် ပြဿနာ တက်လေရော။ အဲ့ဒီနေ့မှာ မြို့နယ်လျှပ်စစ်မှူး ဦးမြင့်သူနိုင်က လုံခြုံရေး ရဲတွေနဲ့ အတူ လျှပ်စစ်မီးကြိုးထပ် တပ်တယ်။ ဒါနဲ့ ဦးကောသလ္လ ကလည်း ဦးမြင့်သူနိုင်ကို လက်သီးနဲ့ထိုး တယ်တဲ့။ နောက်လျှပ်စစ်က ကားကို သော့ဖြုတ်ယူပြီး မထွက်သွားရင် မီးရှို့မယ်လို့ ငြိမ်းခြောက်သတဲ့။ ဒါနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲမှူးတို့က ဦးကောသလ္လကို အကြမ်းမဖက်ဖို့ သွားလျှောက်ပြန်ရော လက်မခံပါဘူး။ ဒါနဲ့ မြိုနယ် သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ကြီး ကို သွားလျှောက်ထားတော့ ဆရာတော်ကြီးက ဦးကောသလ္လကို ဖျောင်းဖျပြောဆိုသော်လည်း မရသဖြင့် ဥပဒေ နှင့်အညီ အရေးယူဖို့ မိန့်လျှောက်ပါလေရော။

ဒီလိုနဲ့ ဦးမြင့်သူနိုင် အမှုဖွင့် တိုင်ကြားမှုအရ၊ လက်သီးဖြင့် ထိုးမှု၊ ဝေါ်ကီတော်ကီ နဲ့ ကားလုယက်မှု၊ ဝေါ်ကီတော်ကီ ဖြင့် ပေါက်ခွဲမှု တို့ဖြင့် အမှုဖွင့်သဖြင့် ရဲအဖွဲ့က ကားပြန်သိမ်းရေး၊ တရားခံများ အပ်ပေးဖို့ ဦးကောသလ္လနဲ့ ညှိနှိုင်းရန် အင်အားနဲ့ ၀င်လာ ပါတယ်။  အဲ့ဒီမှာ  ရဲတွေကို လေးဂွနဲ့ဆော်၊ ခဲလုံးနဲ့ တွယ်၊ ငရုတ်သီးမှုန့် အရည်တောင် ပါသေး ဝိုင်းထုကြပါတယ်။ ဦးကောသလ္လ အပါအ၀င် တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရဲသား ၇ ဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့ ပါတယ်။

NLD ရုံးကိစ္စ
နောက်တစ်ခုက NLD ရုံးကိစ္စပေါ့ ဦးစိုးညွှန့် ဆိုတဲ့လူ ရဲတွေနဲ့ ဦးကောသလ္လ ပြဿနာဖြစ်တော့ ၀င် ဖြန်ဖြေခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာပါဘူး ရဲတွေကို NLD ရုံးထဲကနေ ခဲ/လေးခွ/ပုလင်းတွေနဲ့ ပစ်ပါလေရော။ ဒါလည်း ရဲတွေ NLD ရုံးဖျက်တယ်လို့ ပြောလို့ရတဲ့ အကြောင်းရင်းတစ်ခုပေါ့။ ဒါပေမယ့် ဆန်းတာ တစ်ခုက ရဲတွေ ပြန်မထွက်သွားမချင်း NLD ရုံး ဘာမှမဖြစ်သေးဘူး ရဲတွေလည်း ပြန်ရော ရွာထဲက ရွာသား (၁၀)ဦးလောက်က NLD ရုံးခြံစည်းရိုးများ၊ ဆိုင်းပုတ်များ၊ ဓါတ်ပုံများကို ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒါကိုလည်း ဦးစိုးညွှန့်က ဖျက်ဆီးခဲ့သည်မှာ ရဲမဟုတ်ကြောင်းနဲ့ ဖျက်ဆီးသွားသော ရွာသားများကို အမှုဖွင့် တိုင်တန်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ စည်းလုံးညီညွှတ်မှု ပြိုကွဲလာရင် တစ်ရွာလုံး အချုပ်ထဲရောက်ကုန်မှာကို တွေးမြင်မိတယ်။

နှစ်ကျပ်ခွဲ NLD ရုံး

 
ဆရာတော် ဦးကောသလ္လ ဟာ
(၁) မီးရရှိရေး ဆောင်ရွက်ပေးတယ်လဲ ပြောတယ် တစ်ရွာလုံး မီးရဖို့ကြတော့ ကန့်ကွက်နေတယ်။
(၂) ထီးတော်ရှင်စေတီ အလှူငွေ ဘဏ်စာအုပ်အား အလွဲသုံးစား ပြုတယ်လို့ တရားစွဲခံထား ရတယ်။  ဘယ်ရွာသူ/ ရွာသားမှ ကိုယ့်ဆရာတော်ကို မဟုတ်ဘဲနဲ့ တရားမစွဲရဲပါဘူး။
(၃) တရားတော် အလေးမမူဘဲ ၀ိနည်းတော် နှင့် မလျော်ညီသော မအပ်စပ်သော အားထုတ်မှုများ ပြုခဲ့တယ်။
(၄) လျှပ်စစ် ၀န်ထမ်းတွေကို အေးအေးချမ်းချမ်း မဆွေးနွေးပဲ လက်သီးနဲ့ထိုးတယ်။
(၅) ဒကာ/ ဒကာမတွေကိုလည်း အုပ်စုဖွဲ့ပြီး တိုက်ခိုက်ဖို့ တိုက်တွန်းတယ်။
ဒီအချက်တွေကိုကြည့်ရင် ဦးကောသလ္လဆိုတာ သာသနာတော် နဲ့ သံဃာထုကို အစွန်းအထင်း ဖြစ်စေမယ့် ငါးခုံးမ တစ်ကောင် သာဖြစ်နိုင်ကြောင်း အများ ဆင်ခြင်သုံးသပ် နိုင်ရန် ဖော်အပ်ပါသည်။

NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်
လတ်တလော ကြားရတဲ့သတင်းအရ ပြစ်မှုကျူးလွန်ပြီး နောက် ဆေးရုံမှာတက်ပြီး ပြန်ဆင်းလာတဲ့ တရားခံ (၃)ဦးကို ရဲက ဥပဒေနဲ့အညီ တရားစွဲတင်နိုင်ဖို့ ဖမ်းဆီးရန် ဆောင်ရွက်နေတုန်း NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ၏ ညွှန်ကြားချက်အရ NLD ပါတီဝင်များ ပါတီဝတ်စုံဖြင့် NLD အလံ ထောင်ထားတဲ့ ကားပေါ်ကို တရားခံ တွေ ခေါ်ဆောင် သွားကြောင်း ထပ်ကြားရပြန်ပါတယ်။
 တရားဝင်ပါတီ တစ်ခု အနေနှင့် တည်ဆဲ ဥပဒေကို လိုက်နာရမယ့် အစား ပြစ်မှု ကျူးလွန်သူ တွေကို လိုက်ပြီး အကာအကွယ် ပေးနေတဲ့ (တနည်းအားဖြင့် တရားဝင် ပါတီဆိုတာကို ခုတုံးလုပ်ပြီး ကိုယ်ထင်ရာ ကိုယ်လုပ်နေတဲ့) အနေအထားတွေ ဖြစ်နေတယ်။ 
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတာ မေ့နေပါသလား ?
ဥပဒေ အထက် မှာများ မိမိရောက်နေတယ်လို့ ခံစားမိနေပါသလား? ကိုယ့်ကိုယ်ကို ပြန်စဉ်စားသင့် ပါတယ်။
မှန်တယ်/ မမှန်ဘူး တရားရုံးက စိစစ် ဆုံးဖြတ်ရမယ့် ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါက်တာ ဇော်မြင့်မောင် က တရားသူကြီးထက် ပိုပြီး အာဏာရ သွားတာလား၊ ဒါဟာ ပါတီ တစ်ခုအနေနဲ့ မလုပ်သင့်တဲ့အလုပ်ပါ။
myan pyi thar FB မှ

Thursday, February 21, 2013

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဥပဒေနှင့် အညီ မလုပ်သည့် ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး အား အရေးယူပေးစေလို


ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွှေးချယ်ရေး ကို ဥပဒေနှင့်အညီ မလုပ်သည့် ရွှေတောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဟာ သမ္မတကြီးရဲ့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်နေတာ ဘဲလား

ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ပြီး ဥပဒေနှင့်အညီ ရွေးချယ်ပွဲများ ပြုလုပ်မည်ဆို သောကြောင့် ပြည်သူများဝမ်း သာရပါတယ်။ သို့ပါသော်လည်း ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ သုံးဆင့်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲအား လွန်ခဲ့သော (၂၄-၁၂-၂၀၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ဘက်(၂)ဦးမှာ မဲတူညီနေပါတယ်။ ဒါကြောင့်ရွေးချယ်ပွဲသို့ တက်ရောက် နိုင်ခြင်းမရှိသော (၁၀)အိမ်စု ကိုယ်စားလှယ်များကို ခေါ်ယူမဲပေးခိုင်းပြီး ရွေးချယ်ခဲ့ပါတယ်။ သို့ရာတွင် ရွေးချယ်ခံ ရသူသည် ဒေသတွင်တဆက်တစ်စပ်တည်း နေထိုမှုမရှိဘဲ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် သူဖြစ်သော ကြောင့် ဥပဒေနှင့်မညီကြောင်း ကြီးကြပ်သူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မှဆုံးဖြတ်ခဲ့ပါတယ်။ ကြီးကြပ်သူ(၂)ဦးသည် ၄င်းတို့၏ တူတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး တွင် ပါဝင်လုပ်ကိုင်ခွင့်မရတော့သဖြင့် မိမိဆန္ဒသဘောအလျှောက် နှုတ်ထွက်သွားပါသည်။ ထို့နောက်တွင် ရပ်/ကျေး NLDပါတီဝင်များမှ ကြီးကြပ်သူ (၅)ဦးလုံးအား ထုတ်ပယ်ပေးရေး တောင်းဆိုခဲ့၍ မြို့နယ်အုပ်ချုပ် ရေးမှူးမှ (၅)ဦးစာလုံး ပြန်လည်ရွေးချယ်ရန် ညွှန်ကြား ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် နည်းဥပဒေအခန်း(၂) အပိုဒ် ၇၊ ၈၊ ၉၊အတိုင်း ထပ်မံပြုလုပ်ရမည်ဟု ညွှန်ကြား ဆောင်ရွက်လျှက် ရှိသဖြင့် ကြီးကြပ်သူ ဦးမောင်တိုးနှင့် ဦးအောင်ကြည်တို့မှ ဥပဒေနှင့်မညီကြောင်း တင်ပြ ခဲ့သော်လည်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ကျေးရွာတွင်း အုပ်စုဖွဲ့မှု မကြေနပ်မှုများဖြစ်ပေါ်ခြင်း၊ မီးရှို့ပစ်မယ်၊ ဒီကြီးကြပ်ရေး အဖွဲ့နှုတ်ထွက် မပေးလျှင် ဒို့အကြောင်းသိရမယ်ဟု၍ ခြိမ်းခြောက်စာများ ကပ်ခြင်းများပြုလုပ် ဆောင်ရွက်လျှက် ရှိနေသည်ကို သိရှိသော်လည် ထိန်းသိမ်းလုပ်ကို ဆောင်ရွက်ခြင်း မရှိဖြစ်နေပါတယ်။ ထို့ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ နည်းဥပဒေအခန်း(၂) ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အပိုဒ် (၁၀)အရ ဆယ်အိမ်စု ကိုယ်စားလှယ်များအားလုံးက လျှို့ဝှက်မဲပေး၍ သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ဆန္ဒမဲအရေ အတွက်တူညီနေလျှင် ဖြစ်စေ အငြင်းပွားမှုပေါ်ပေါက်ခဲ့လျှင်ဖြစ်စေ၊ ကြီးကြပ်ရေးအဖွဲ့သည် ရရှိသော အဖွဲ့သည် ရရှိသောဆန္ဒမဲရွေးချယ်ခြင်းကို နည်းဥပဒေ (၈)နှင့် (၉)တို့ပါအတိုင်း ထပ်မံ ပြုလုပ်ရမည့်ဟု အတိအလင်းဖော်ပြ ထားသည့်နှင့် အညီ ဆောင်ရွက်သင့်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ အကြံပြုဆွေးနွေးခဲ့ ကြောင်းသိရှိရပါတယ်။
ထိုသို့ညှိနှိုင်း ဆောင်ရွက်မှုအား အကြောင်းတစ်စုံ တစ်ရာပြန်ကြား ခြင်းမရှိသည့် အပြင် ထပ်မံ၍ ဥပဒေနှင့် လွဲမှားစွာ ဆောင်ရွက်နေသည့် အပြင် ရမ်းကားခြင်း၊ ခြိမ်းခြောက်ခြင်း များအား အရေးယူ ဆောင်ရွက် မှုမရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေး မှူးမှ အားပေးကဲ့သို့ဖြစ်နေပါတယ်။
အလားတူပါဘဲ ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်း ကျေးရွာအုပ်စု တွင်လည်း ကြီးကြပ်သူ(၅)ဦးမှ ဥပဒေနှင့်အညီ ဆယ်အိမ်စု ကိုယ်စားလှယ်များ ရွှေးချယ်ခြင်းမရှိဘဲ ကြီးကြပ်ရေးအဖွဲ့ဝင် ဦးဌေးမြင့် သည် ၄င်းတို့နှင့်နီးစပ်သူကို အုပ်ချုပ်ရေးမှူး ဖြစ်ရေးအတွက် ဆယ်အိမ်စု ကိုယ်စားလှယ်များ အား ကိုယ်တိုင်လိုက် လံစည်းရုံး၍ ပြည်သူသိရှိမှု နည်းပါး ပြီး အချိန်တိုအတွင်း ရွေးချယ်ခဲ့သည့် ရွှေးချယ်ခံရသူမှာ ကိုယ်ကျင့်တရားနှင့် ပတ်သတ်ပြီး နာမည်ပျက်ရှိသူ ဖြစ်သောကြောင့် ပြန်လည်ရွေးချယ်ပေးရန် ပြည်သူများမှတင်ပြသော်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ နေသည့်အတွက် ပြည်သူများ အခက်တွေ့ပြီး မကျေမနပ်ဖြစ်နေ ကြပါသည်။
၎င်းကိစ္စအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှတဆင့် ပွင့်လင်းမြင်သာမှုရှိရှိ အဖြစ်မှန်ဟုတ်မဟုတ် ပြန်လည်စီစစ်ကူညီပေးရန်တင်ပြ ဆောင်ရွက်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ အရေးယူဆောင်ရွက်ခြင်းမရှိ ကြောင်းသာသိရှိရပါသဖြင့် ဦးသိန်းစိန်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးသန့်ရှင်းသောအစိုရကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့မျက်နှာမထောက်ထားဘဲအကောင်အထည်ဖော်နေတာလားလို့ အထက်ဌာန ၀န်ကြီးများကို ပြောကြားပေးပါဦးခင်ဗျား

Monday, January 28, 2013

အနိုင်ရ ပြည်ခိုင်ဖြိုးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ်-ခရိုင်-မြို့နယ်ပါတီ ကော်မတီဝင်တို့၏ စိတ်ဓာတ် ရေးရာများ ပြုပြင် သင့်ပြီလော၊ သို့မဟုတ်

၂၀၁၅-ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးသည် တရွေ့ရွေ့နီးကပ်လာပြီဖြစ်ပါသည် ၊ ပါတီများဟာလည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက်ကြိုးစား လှုပ်ရှားဆောင်ရွက် နေကြ ပြင်ဆင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရပြီဖြစ်ပါတယ်။

ပါတီရေးရာကဏ္ဍတွင် တစ်ဦးတစ်ယောက်၏ ဆန္ဒအဆုံးအဖြတ်နှင့် အမိန့်ပေးစနစ်အရ မျက်စိမှိတ်ပြီး အများက လိုက်လျှောရသည့် အဖြစ်မျိုး မည်သည့်အခါမှ မသက်ရောက်စေအပ်သည့် နည်းတူ စုပေါင်းညှိနှိုင်းမှု ၊ဆွေးနွေးမှု၊ ဆန္ဒယူမှု အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက လိုက်နာမှု စုပေါင်းပြီး ဆုံးဖြတ်ချက်များကို ပါတီအဆင့်ဆင့်နှင့် ပါတီဝင်အသီးသီးက လိုက်နာမှု အခြေခံ အဖွဲ့အစည်းအဆင့် ဆင့်နှင့် ပါတီဝင်များက အခြေအနေမှန်များကို အမှန်အတိုင်းတင်ပြမှု အပြန်အလှ န်လေစားမှု စသည့် ဒီမိုကရေစီ သဘောတရားများကို ပါတီအတွင်း ခံယူလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း စွဲမြဲစွာမှတ်ယူ ကြရမည်ဖြစ်ပါသည်။

အသွင်သဏ္ဍန်အရ ဖွဲ့စည်းမှု ကျစ်လစ်ခိုင်မာသဖြင့် ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရသော ပါတီကေဒါများ အနေဖြင့် ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ အရိပ်သုံးပါး နားလည် ပြီး အကင်းပါးခြင်း၊ လိမ်မာပါးနပ်ခြင်းတို့ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို တက်တက် ကြွကြွဆောင် ရွက်လိုသော ပါတီကေဒါများကို နေရာပေးဦးဆောင်စေခြင်းဖြင့် ပါတီ၏အနှစ်သာရ ပိုမိုပြည့်စုံစေ နိုင် မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

မိမိတို့ပါတီအတွင်းရှိ တိုင်းရင်းသားများလည်း တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့် အရေး၊ တရားမျှတမှု အခွင့်အရေး စသည်တို့ကို ခံစားခွင့်ရှိကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် အတိ အလင်းပြဌာန်း ထားပြီးဖြစ်ပါသည်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည် ပြည်ထောင် စု ကြီးတည်တံ့ခိုင်မြဲရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း တိုင်းရင်းသားတိုင်းကလက်ခံယုံကြည် ထားရာ အရေးကြီးဆုံးဖြစ်ပါသည်၊ တိုင်းရင်းသား လူမျိုးအချင်းချင်းတို့ သွေးစည်း ညီညွတ်ရေးသည် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း ချစ်ချစ်၊ ခင်ခင်၊ ယုံယုံ ၊ကြည်ကြည် နှင့် ပြည်ထောင်စု မြန် မာ နိုင်ငံတော်ကြီးအကျိုးစီးပွား လူမျိုးအားလုံး၏အကျိုးစီးပွားတို့ကို အတူတစ်ကွ လုပ်ကိုင်သွားခြင်း ဖြစ်ကြောင်း ခံယူထားရန် အရေးကြီးပါသည်။

တစ်ဦးနှင့် တစ်ဦး သံသယရှိမှုများနှင့် ဆက်ဆံရေး လတ်တလော မပြေလည်မှုများကို အခြေခံ၍ ဖြစ်ပေါ်လာသော လူမျိုးကြီး လူမျိုးငယ်ဟူသော လူမျိုးစွဲဝါဒများ ကင်းစင်ပပျောက်လျှက် မိမိတို့ သည် ပြည်ထောင်စုမြန်မာ နိုင်ငံသားများဖြစ်ကြ သည်ဟု တစ်လုံးတစ်ဝတည်း ခံယူလုပ်ဆောင် သွားရန်လည်း အလွန်အရေးကြီး ပါသည်။

သို့ဖြစ်၍ လူမျိုးစုအလိုက် လူဦးရေ အများအပြားေ နထိုင်ရာဒေသတွင် ပညာတတ်ဘွဲ့ရ သော ပါတီကေဒါများအား ဒေသကို ဦးဆောင်နိုင်ရေး အတွက် ရွေးကောက်ပွဲတွင် အရွေးချယ်ခံ ကိုယ်စားလှယ် အဖြစ် ရွေးချယ်တာဝန် ပေးသင့်ပါသည်၊
ဥပမာ “၀“ (လွယ်လ) လူမျိုး အများအပြားနေထိုင်ရာဒေသတွင် “၀“(လွယ်လ) ပညာတတ် ကိုယ်စားလှယ်လောင်း ကိုရွေးချယ်သင့်ပါသည်၊
ယခင်(၂၀၁၀)ရွေးကောက်ပွဲ တွင်အရွေးချယ်ခံခဲ့ရသော ပါတီကိုယ်စားလှယ်များကလည်း ထာဝရနေရာယူလိုသော အတ္တစိတ်များ ကို ချုပ်တည်းလျှက်အခြားသောပါတီကေဒါများ ဆက်လက်ဦးဆောင်နိုင်ရန် နားလည်ပေးသင့်ပါသည်၊

- ယနေ့ယှဉ်ပြိုင်နိုင်ငံရေးပါတီများ အင်အားတိုးပွားလာရခြင်းမှာ မိမိတို့ပါတီအတွင်း ထက်မြက် သောမျိုးဆက်သစ်များအား နေရာပေးရန် ပျက်ကွက်ခြင်းဟူသော အကြောင်းအရာပါဝင်နေ ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်၊ ထက်မြက်သော ပါတီကေဒါများကို နေရာပေးရန် ၀န်မလေးသင့် ကြောင်းသင်ခန်းစာရယူသင့်ပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပါတီကော်မတီ အတွင်းတွင်ပင်ပါတီကေဒါအချို့သည်မိမိ ကိုယ်တိုင်ပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍတွင် နေရာရယူလျှက်မကဘဲ ၄င်းနှင့်ဆက်နွယ်သောဆွေမျိုး ညှာတိများကိုပင် ပါတီဦးဆောင်မှုအခန်းကဏ္ဍအတွင်း အတင်းအကြပ် သွပ်သွင်းလိုသောပုဂ္ဂိုလ်များ ပါတီတွင်း ဒီမိုကရေစီအရေးကို ပစ်ပါယ်လျှက်၎င်းတို့အလိုရှိပုဂ္ဂိုလ်များကို မရမကပင် ပါတီဦးဆောင်မှု ကဏ္ဍတွင်ထည့်သွင်းဖွဲ့စည်းပေးရန်အတင်းအကြပ် တောင်းဆိုသော ကေဒါများပင်ရှိနေပါသည်၊အဆို ပါပုဂ္ဂိုလ်များသည် နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်မှ ဒေသသို့ ရောက်ရှိလာပါက ပတ်ချွဲနှပ်ချွဲ ပြောဆိုကာ ဖေါ်လံဖားရာတွင် ကျွမ်းကျင်ခြင်း ထိုသို့ပြုမူတတ်သော်လည်း ပါတီတွင်းလုပ်ငန်းများကိုမူ စာတစ်စောင်မျှကိုပင် ရေးသားခဲ့ဖူးကြောင်းမတွေ့ရပေ၊ ရုပ်စွအဆုံး အချို့ဆိုလျှင်ပါတီရုံုးသို့ပင် မလာ ရုံးတွင်ဘာလုပ်နေသည်ကိုပင်၎င်းတို့မသိသော ပုဂ္ဂိုလ်မျိုးများဖြစ်နေကြောင်းတွေ့ရမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲနိုင်ခြေရှိသော ပုဂ္ဂိုလ်များကိုကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းဟူသော အကြောင်းပြချက်သည် အထိုက်အလျှောက်မှန်ကန်မည်ဖြစ်ပါသော်လည်း ပါတီကေဒါအများစု၏ စည်းရုံးရေးစွမ်းအား ကောင်းမွန်ခဲ့ပါက မည်သူမဆိုရွေးကောက်ပွဲတွင် အနိုင်ရပုဂ္ဂိုလ်ဖြစ်နိုင်ပါသည်၊
ပြည်သူ၏နှစ်လုံးသည်းပွတ်ကို ကိုင်လှုပ်နိုင်သောစည်းရုံးရေးစွမ်းအားကို မည်သူမျှ အန်မတုနိုင် ကြောင်းသက်သေ သာဓကအများအပြားရှိကြောင်း သတိပြုသင့်ပါသည်။

ပါတီတွင်းကေဒါတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်အလေးထား ခြင်း တို့သည် ပါတီလုပ်ငန်းအောင်မြင်ရေးကို ဆောင်ကျဉ်း ပေးနိုင်မည်မလွဲပါ နယ်မြေတာဝန်ခံ ဗဟိုအလုပ် အမှုဆောင်နှင့် အလျင်းသင့်သော ပါတီကေဒါက မည်သူ့ကိုမှ ထီမထင်သောငါတကော ကောနေသော လုပ်ရပ်များသည် အလွန်ဆက်ဆုတ်ဖွယ်အဖြစ်တွေ့မြင်ရမည်ဖြစ်ပါသည်၊
အထက်နှင့်အောက်ဟူသော အသုံးအနှုန်းအစား ပြည်နယ်နှင့် ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီများဟူ၍သာ သုံးနှုန်းသင့် ပါသည်၊
မည်သူက အထက်၊မည်သူက အောက်ဆိုသည်ထက် ပါတီကော်မတီအချင်းချင်း အပြန်အလှန် လေးစားလျှက် လုပ်ငန်းအောင်မြင်ရေးကိုသာဦးတည်သင့်ပါသည်၊
ပါတီကော်မတီချင်းတွင် ကော်မတီချင်း အဆက်အဆံ မပြုနိုင်လောက် အောင် အစေးမကပ်ဖြစ်ပေါ်နေပါက ပါတီစည်းလုံးညီညွတ် ရေးအတွက် အလားအလာ၏ မကောင်းတော့ကြောင်း သတိပြုမိပါသည်၊
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၏ ပစားပေးခံရသူဖြစ်လင့်ကစား အခြား ပါတီကေဒါများ အပေါ် ပလွှားမှုမရှိသင့် အားလုံး သည်လုပ်ဖော် ကိုင်ဖက်များ ဖြစ်ကြောင်း ခံယူနိုင်သော စိတ်ဓာတ်မွေးမြူ သင့်ပါသည်။

သို့ဖြစ်၍မိမိကိုယ်ကိုယ် မိမိသုံးသပ်လျှက်ဝေဖန်စမ်းစစ်လျှက်ပြုပြင်သင့် သည်များကို ပြုပြင်ပြီး စိတ်သစ်လူသစ်ဖြင့်ရှေ့ခရီးသို့ ချီတက်ရန်လိုအပ်ပါသည်၊ သို့ဖြစ်ပါ၍ကောင်းမွန်မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင် ထားရှိသော မိမိတို့ပါတီကြီးသည် စိတ်သဘောထား သေးသိမ် သော အတ္တကြီးမားသော ပုဂ္ဂိုလ်များနှင့် လားလားမျှ မအပ်စပ်ပါကြောင်း၊ ထို့အပြင် ထာဝရ လွှတ်တော် ကိုယ်စားလှယ်နေရာ ရယူလိုသော ပုဂ္ဂိုလ်များ အတွက်လည်း ထာဝရနေရာမျိုးမရှိ၊ တစ်ဆွေတစ်မျိုးလုံး အတွက် သီးခြားဖန်တီး ထားသော နေရာမျိုးလည်း မရှိပါကြောင်း ပါတီတွင်း ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း အမည်စာရင်း ကြိတ်ပုန်း ခုတ်ကာ လက်သိပ်ထိုးပြီး နေရာ ရယူရန်ကြိုးစား အားထုတ်လျှက် ရှိသူ ပါတီကေဒါ အချို့ဂရုပြုမိစေရန် အပြု သဘောဖြင့် ရေးသား တင်ပြလိုက်ပါသည်။

--- စိုင်းဖိုးအိပ်
တောင်ပေါ်သားပါတီကေဒါ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရှမ်း(အရှေ့)။

Thursday, December 27, 2012

တောင်ကြီးအထက(၄) ကျောင်းအုပ်ဆရာမကြီး လုပ်ရပ်များ အတွက် အရေးယူ ပေးပါရန် (ပေးစာ)

တောင်ပိုင်း တောင်ကြီးမြို့ အထက(၄) ကျောင်းတွင် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ် ၀င်တန်း ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှ အမှတ်တရ ထရက်ဆု အင်္ကျီများ ချုပ်ရန် အတွက် အင်္ကျီ၏ နောက်ကျော်တွင် မြန်မာနိုင်ငံ၏ လွပ်လပ်ရေး ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပုံကို ဒီဇိုင်း ရေးဆွဲရာ ကျောင်းအုပ်ကြီးမှ တွေ့ရှိသွားပြီး ၄င်း ဒီဇိုင်း ရေးဆွဲသည့် ဒသမတန်း grade 11 E တွင် ပညာ သင်ကြား နေသော ကျောင်းသား မောင်မင်းရသ အား ကျောင်းမှ ၁၇-၁၂-၂၀၁၂ ရက်နေ့တွင် ထုတ်ပစ်ခဲ့ပြီး အတန်း ပိုင် ဆရာမ ဒေါ်မိမိလေးအားလည်း ထွက်စာတင်ရန် အမိန့်ပေး ပြောဆို ခဲ့ရာ ဆရာမ ဒေါ်မိမိလေးမှာ ၁၉-၁၂-၂၀၁၂ ရက်နေ့တွင် ထွက်စာ တင်ခဲ့ရပါသည်။
ထို့အပြင် ယင်း အထက (၄) ကျောင်းအုပ် ဆရာမကြီးသည် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင်လည်း ကျောင်း လုံးဝ ပိတ်ပေးခြင်း မရှိပဲ ဆရာ ဆရာမ များနှင့် ကျောင်းသား များအား စာသင်စေခဲ့ပါသည်။ နိုင်ငံတော် အစိုးရ ပညာရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော ဥပဒေကို လေးစား လိုက်နာခြင်း မရှိသလို မထီမဲ့မြင် ပြုနေ သကဲ့သို့ ကျောင်းတွင်း အာဏာ ရှင် ဆန်ဆန် အုပ်ချုပ်နေသည်မှာ အနာဂတ် ကျောင်းသူ ကျောင်းသား များအတွက် ရင်လေးစရာ ဖြစ်နေပါဖြင့် အရေးယူ ပေးပါရန် တင်ပြအပ်ပါသည်။

ကျောင်းသား မိဘများ

Wednesday, December 12, 2012

အမေစုသို့ပေးစာ ... NLDရဲ့ အန္တရာယ်

ဒီစာကို အမေစုဖတ်ရမရတော့ မသိပါဘူး။ ဖတ်ရမယ်လို့ မျှော်လင့်ပါတယ်။ စကားလေးပြောလို့ ရရင်လာပြောချင်ပါတယ်။ ဒါပေမဲ့ ... အမေစုရဲ့ဘေးက လူအုပ်ကို တိုးလို့မပေါက်လို့ ဒီကနေ ပဲပြောလိုက်ပါတယ်။

တစ်နေ့က ကျွန်တော်ရပ်ကွက်ထဲမှာ NLDရုံး ရပ်ကျေးတစ်ခု ဖွင့်တယ်။ ပါတီပြန်မ၀င်ဖြစ်သေးတဲ့ အချိန်မှာ ..အင်း... ငါပါတီပြန်ဝင်ရင်ကောင်းမလားလို့ စဉ်းစားမိတာနဲ့ ရုံးသစ်လေးထဲကို ကြည့်ဖြစ် မိတယ်။ ဘယ်သူတွေ များရှိလဲပေါ့။ ဟင်း...ဆိုစိတ်ထဲကထောင်းကနဲ့ ဒေါသထွက်မိသွားတယ်။ အလို .... ရုံးထဲကထိုင်ခုံမှာ အခန့်သားထိုင်နေတဲ့ ငနဲက ဘယ်သူများလဲ မှတ်တယ်။ ကျွန်တော်အသိ မိတ်ဆွေကို ထောင်ကျအောင် ကြံရွယ်ခဲ့တဲ့ အင်ဖော်မာ သတင်းပေးကောင် ဖြစ်နေတယ်။

ကျွန်တော် သူငယ်ချင်းက ထောင်ထဲ(၅)ရောက်ခဲ့ရတာက ပြောပြမယ်နော်။ ဗိုလ်ချုပ်အောင်ဆန်း ပုံလေးတွေပါတဲ့ ကျောင်းသုံး ဗလာစာအုပ်လေးတွေ ကို စာသင်ကြားဖို ချို့တဲ့ တဲ့ ကျောင်းသားကျောင်းသူလေးတွေ လိုက်ဝေငှပေးတဲ့သူပါ။ သူကသူ့ရဲ့ လုပ်အားခကိုစုပြီး ဗလာစာအုပ်လေးတွေ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အကုန်ကျခံ လုပ်ပါတယ်။ ဒါပေမဲ့ ... စာအုပ်တွေဟာ မလောက်ငှပါဘူး။ သူအဖမ်းခံရတာကတော့ ဗလာစာအုပ်တွေ လိုက်ဝေငှလို့ စာရွက်စာတမ်း ပုဒ်မနဲ့ပါ။ သူ့ကိုရဲအဖမ်းမခံရခင်မှာ ဟိုရှောင် ဒီရှောင် သူလုပ်ပါတယ်။ နောက်ဆုံးတော့ ပါတီထဲက သစ္စာဖောက်လော်ဘီကောင်ကြောင့် ထောင်(၅)စံမြန်းလိုက်ရပါတယ်။ အချုပ်ထဲမှာ ကျွန်တော်သူငယ်ချင်းကို နောက်တစ်မှုထပ်တပ်ပါတယ်။ X2O ဗုံခွဲမှုနဲ့ ပတ်သတ်တယ်ဆိုပြီး ဘယ်လိုချတယ်တော့ မသိပါဘူး။ သူထောင်(၅)နှစ်ကျသွားရပါတယ်။ ခက်တာကကျွန်တော်သူငယ်ချင်းဟာ ဘာသာရေးသမား တစ်ယောက်ဖြစ်သလို မျိုးချစ်စိတ်ပြင်းထန်တဲ့ ခပ်အေးအေးလူတစ်ယောက်ပါ။ ကျွန်တော်တို့ ရင်ထဲမှာ ခံစားရလို့ မဆုံးပါဘူး။ သူကတော့ ထောင်ထဲကနေ စကားပါးလိုက်ပါတယ်။ ငါအရင်ဘ၀က ၀ဋ်ကြွေးကျန်နေလို့ နေမှာပါတဲ့။ ဆပ်ရမှာပဲတဲ့။ ရင်ထဲနင့်သွားခဲ့ရဖူးပါတယ်။ ထားတော့ဗျာ။ ကျွန်တော်သူငယ်ချင်းကို သတင်းပေးလုပ်ခဲ့တဲ့ ပါတီသစ္စာဖောက်ကြီးဟာ အခုတော့ ရပ်ကျေး ရုံးခန်းမှာ စည်းရုံးရေးခေါင်းဆောင် ဖြစ်နေပါသတဲ့။ သွား....ပြီ။ ဒီလိုလူကို ဘာလို့ခန့်လိုက်ကြပါလိမ့်။
 
နောက်ထပ် ပိုကြေကွဲရတာက ရပ်ကျေးဥက္ကဌပါ။ ကျွန်တော်တို့  အဖွဲဝင်ဟောင်းတွေထဲမှာ လား....လားမှမမြင်ဘူး။ သူအရင်က ကြံ့ဖွတ်ပါတီမှာ ထောင်ထောင်လုပ်နေတဲ့သူ၊ မမှတ်မိပဲနေမလား ဒီရုပ်ကြီးတွေ။ ငါးပါးတော့မှောက်ပြီ။ ကဲ....ဒုဥက္ကဌတဲ့ လာပြန်ပြီ ရဲနဲ့ပေါင်းပြီး ရပ်ကွက်ထဲမှာ ချဲဒိုင်ဖွင့်နေတဲ့သူ။ ခုခေတ် သဘောအရဆို ခရိုနီကောင်ပေါ့။ ပိုင်ရာဆိုင်ရာ အရမ်းကတ်တဲ့လူ။ သွားပါပြီ.... ကျုပ်တို့လေးစားခဲ့ရတဲ့ ပါတီကြီးထဲမှာ ဒီလိုလူတွေ စုနေပါလားလို့ ပြန်ကြည့်မိတော့ ကြံ့ဖွတ်ထဲက ကလေးတစ်ချို့တောင်ပါနေတယ်။ ဘယ်လိုများ ဖြစ်ပါလိမ့်လို့ စဉ်းစားမရတော့ဘူး။ ပါတီပြန်ဝင် ချင်စိတ်တွေ ပျောက်ထွက်သွားတယ်။ အဲ့ဒီမှာ ကျွန်တော်ကို တချို့က ပါတီဝင်ဟောင်းမှန်း သိကြလို့ လေးလေးစားစား ဆက်ဆံကြပေမဲ့ (မှတ်ချက် တစ်ယောက်တစ်လေပါ) တချို့က မင်းပါတီဝင်ချင် လို့လား ဖောင်ပေးမယ်တဲ့။ ပါတီရဲ့ စည်းကမ်းတွေ  သေချာလိုက် နာနိုင်ရဲ့လားတဲ့။ ပြသနာ။ အဲ့လိုပြောတဲ့သူက ရပ်ကွက်ထဲ အလုပ်မရှိ အကိုင်မရှိ မီးသတ်လိုလို စွမ်းအားရှင်လိုလိုကောင်။ စာလည်း နကန်းတစ်လုံးမတတ်။ ရင်နာရပါပေ့ အမေရေ။ ကျွန်တော် သေချာရုံးခန်းထဲေ လ့လာကြည့်မိတော့ ဘယ်သူတွေမှန်း ဘာကောင်တွေမှန်းမသိ အုံးအုံးထလို့။  ကျွန်တော်တို့နဲ့ အရင် လက်တွဲခဲ့တဲ့ အစ်ကိုတစ်ယောက်ပဲ တွေ့တယ်။ သူကတော့ အရမ်း သံယောဇဉ်ကြီးပုံ ရပါတယ်။ သူငယ်ချင်း.... မင်းပျောက်နေတယ်ကွ။ ပါတီပြန်ဝင်လေကွာတဲ့။ ကျွန်တော် စစခြင်းမှာပဲ သူ့ကို မိတ်မဆတ်ပဲ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဘာတွေလဲဗျာ... ဘယ်လိုလူတွေနဲ့ ဖွဲ့ထားကြတာလဲ။ ကျုပ်တို့ပါတီတော့ ပျက်စီးပါပြီဗျာဆိုတော့ ... သွားမပြောနဲ့ကွ။ သူတို့က ခုချိန်မှာ စိတ်ဓါတ်အတတ်ကြွဆုံးပဲတဲ့။ ငါတို့တောင် ဂျောင်ကတ်နေရတယ်တဲ့။ ဗုဒ္ဒေါ...။ ဒါပေမဲ့. .. အခုချိန်မှာ ငါဖြစ်စေချင်တာကတော့ မိုက်မိုက်ကန်းကန်းပဲ ပြောလိုက်ချင်တယ်တဲ့။ တို့ပါတီဝင်တွေကို အရင်ကလို မျက်လုံး ဒေါက်ထောက်ကြည့်ပြီး ပြန်ဖမ်းတာမျိုးလေး လုပ်ပြစေချင်တယ်။ သောက်မြင်ကတ်တိုင်း အချုပ်ထဲထည့်။ စစ်ကြောရေးပို့ ဆိုတာတွေ နည်းနည်းလောက် လုပ်ပြလိုက်ရင်တောင် ဘယ်ခွေး တစ်ကောင် ကြောင်တစ်မှီးမှ ရှိမှာမဟုတ်တော့ဘူးတဲ့။ အဲ့ဒါနဲ့ လူစုံတုန်း အစည်းဝေးရှိတာနဲ့ ကျွန်တော်ကို ရာထူးယူထားသူတချို့နဲ့ မိတ်ဆတ်ပေးတယ် ကျွန်တော်သူငယ်ချင်းက။ ဒါပါတီဝင်ဟောင်းတစ်ယောက်ပဲ။ ခံဖော်ခံဖက် ကျွန်တော်သူငယ်ချင်ဆိုတော့ နည်းနည်းတော့ ဖြုံသွားကြတယ် ရေပေါ်ဆီတွေ။ သူတို့က ကျွန်တော် အသစ်ထင်နေကြတာကို။ အားလုံးကို စကား တစ်ခုမေးချင်တယ်။ မေးလို့ရမလားဆိုတော့ တစ်ချို့က မေးပါရပါတယ်ပေါ့။ ဘာလို့ NLDမှာ ပါတီဝင်တာလဲဆိုတော တချို့က စဉ်းစားသလိုဘာလိုတွေးပြီး မဖြေတတ်ကြဘူး။ ဥက္ကဌဆိုသူက မင်းကလဲ ပါတီဝင်ဖြစ်ချင်လို့ ပါတီထဲဝင်တာေ ပါ့ကွတဲ့။ သေပါရော....ဗျာ။ မေးမိတဲ့ပါစပ်ကိုက စပ်ဆော့မိတဲာ့ ငါကိုကမှားတာလို့။ သြော်.... နိုင်ငံရေး ခံယူချက်တွေ ပြင်းထန်လှပါပေ့လို့။ အိမ်ပြန်တော့ ကျွန်တော် သူငယ်ချင်းနဲ့ စကားပြောရင်း ... မင်းတို့ ဒီလိုလူတွေ ဘာမသိညာမသိတွေ ဘာလို့လက်ခံ ထားတာလဲလို့ မေးတော့။ ငါတို့က သိတယ်။ ငါတို့ဆီ လာဝင်ရင် သူတို့အကြောင်း ငါတို့က သိနေတော့ လာမ၀င်ရဲဘူး။ ရုံးချုပ်မှာသွားဝင်တာ တဲ့။ ကဲ...အေးရောဗျာ။ ဒါနဲ့ ပါတီဝင် သူငယ်ချင်းဟောင်းတွေကော ဘာလို့ ပြန်မ၀င်ကြတာလဲမေးတော့။ သူတို့ ကျပ်တည်းနေတဲ့ အချိန်က တိုက်ခဲ့၊ ၀င်ခဲ့ပြီးပြီတဲ့။ ခုလုပ်ချင်နေတဲ့ သူတွေ လုပ်ကြပါစေတော့တဲ့။ ထောင်(၅)နှစ် ကျ သွာြး ပီးပြန်ထွက်လာတဲ့ သူငယ်ချင်း ဆိုလဲ အခုပြန် လွတ်လာပြီးတော့ မုန့်ဖတ်ထုပ်ရောင်းနေတယ်တဲ့။ နောက်ဆုံးမှာ သူငယ်ချင်းက မေးခွန်းတစ်ခုမေးတယ်။ မင်းပါတီပြန် မ၀င်ဘူးလားတဲ့။ နေပါစေတော့ကွာ။ တို့က အဖမ်းခံရမှလုပ်ချင်တာလို့ .. .ပြောလိုက်တော့ ရယ်ပါလေရောဗျာ။ တချို့ကိစ္စများ ကိုယ်ပေါင် ကိုယ်လှန်ထောင်း သလိုဖြစ်မှာစိုးလို့ ချန်လှပ်ထားခဲ့ ရပါသည်။
မျိုးချစ်သူရဲကောင်း