ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, April 5, 2013

ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး အဘ သူရဦးရွှေမန်းသို့အိပ်ဖွင့်ပေးစာ

ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ ဥက္ကဌကြီး အဘ သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ(၇)

အဘခင်ဗျား........

ကျွန်တော့်အနေနဲ့ အနယ်နယ်အရပ်ရပ်က ရဲဘော်ရဲဘက်များရဲ့တူညီသောခံစားချက်များကို စုစည်းပြီး ပါတီ ဗဟိုအလုပ် အမှုဆောင်များ သိရှိနိုင် ပါစေကြောင်း ရည်သန်လျက် “အဘများထံ အိတ်ဖွင့်ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသားခဲ့တာ (၆)စောင်ရှိခဲ့ပါပြီးခင်ဗျား။ ဒီအိတ်ဖွင့် ပေးစာတွေကို ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပါတီတစ်ရပ်လုံးကို ပဲ့ကိုင် ပေးနေကြတဲ့ ဗဟိုအလုပ် အမှုဆောင်များအနေနဲ့ အောက်ခြေ အဖြစ်သနစ်မှန်တွေကို ချင့်ချိန် စဉ်းစားသွားနိုင်ဖို့နဲ့ ပါတီကြီး အဓွန့်ရှည်အောင်မြင်နိုင်ရေး အတွက်ပဲ ဖြစ်ပါတယ် ခင်ဗျား။

ကျွန်တော့်ရဲ့ ပေးစာ အမှတ်(၁)မှ(၆)အထိ ဖတ်ရှုခဲ့ကြသော သွေးသောက် ရဲဘော်များ အနေဖြင့် ၄င်းတို့၏ ခံစားချက်နှင့်လည်း ထပ်တူကျသည်ဟု ဆိုကာ ဆက်လက် ရေးသားပေးရန် တောင်း ဆိုသည့်အပြင် အဘများထံဟူသော ခေါင်းစဉ်ထက် ပါတီဥက္ကဌကြီး ထံသို့သာ တိုက်ရိုက်ရေးသား ပေးစေလိုကြောင်း အကြံပြုလာ သဖြင့် အိတ်ဖွင့်ပေးစာ အမှတ်(၇)မှ စတင်၍ အဘ သူရဦးေ၇ွှမန်းထံ အိတ်ဖွင့်ပေးစာဟူသော ခေါင်းစဉ်ဖြင့် ဆက်လက် ရေးသားသွားမည် ဖြစ်ပါတယ်ခင်ဗျား။

ချစ်ကြောက်ရိုသေလေးစားရပါသော အဘသူရဦးရွှေမန်းခင်ဗျား

ကျွန်တော်တို့ပါတီကြီးဟာ ၁၉၉၃ ခုနှစ်ကတည်းက တပ်မတော်က မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးမှ အခြေတည် ပေါက်ဖွားလာခဲ့တာမို့ ပါတီသက်တမ်း အားဖြင့် နုနယ် သေးသည်ဆိုသော်လည်း အခြားသော နိုင်ငံရေး ပါတီများနှင့် နှိုင်းယှဉ်လျှင် သဘာရော၊ ၀ါအရ ပါ ခြေလှမ်းများစွာ အကြောရနေခဲ့ပါတယ် ခင်ဗျား။ အဲလို ခြေလှမ်း အသာစီးရနေခဲ့တဲ့ ကျွန်တော်တို့ ပါတီကြီးဟာ တစ်ဖြည်းဖြည်းနဲ့ အခြားသောအဖွဲ့ တွေနဲ့ ခြေလှမ်း တူလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရတာမို့ အချိန်မီ ထိန်းသိမ်း ကွပ်ကဲနိုင်လို့ရအောင် ဥပမာတစ်ခုနဲ့ နှိုင်းယှဉ် တင်ပြသွားပါ့မယ် ခင်ဗျား။

တကယ်တော့ ကျွန်တော်တို့ ပါတီကြီးဟာ ဘာနဲ့အလား သဏ္ဍာန် တူသလဲ ဆိုရင် လှေဝမ်းပေါက်ပြဲ နေသော၊ လှေနံ ကျိုးပဲ့နေသော လှေတစ်စီးနဲ့ တူနေပါတယ် ခင်ဗျား၊ ပဲ့ကိုင်သူက လမ်းမှန်ကို မြန်နှုန်း မြင့်နဲ့ ကိုင်တွယ် မောင်းနှင်သလို၊ လှေဦးကလည်း အရှိန်တစ်ခုနဲ့ ရေပြင်ကို ထိုးဖောက်ပြီး ရုန်းကန် လှုပ်ရှားနေကြပေမယ့်၊ လှေဝမ်း ပေါက်ပြဲနေခြင်း၊ လှေနံများကျိုးပဲ့ ပျက်စီးနေခြင်း တို့ကြောင့်၊ လိုရာ ခရီးကိုမှန်းထားသလိုမရောက်နိုင်ပဲ လှေဝမ်းက ရေကို ခပ်ထုတ်နေရတာ၊ ကျိုးပဲ့နေတဲ့လှေနံ ကြောင့် လှေမမှောက်အောင် ထိန်းနေရတာနဲ့တင် အခြားသော လှေတွေက အမှီလိုက် လာနိုင်တဲ့ သဘောဖြစ်နေပါတယ် ခင်ဗျား။

ဒီဖြစ်စဉ်ကို အထင်ရှားဆုံး အလွယ်ကူဆုံး ဥပမာတစ်ခုနဲ့ မီဒီယာလုပ်ငန်းနဲ့ ပတ်သက် ပြီးနှိုင်းယှဉ် သွားခွင့်ပြုပါခင်ဗျား ............။
 
ကျွန်တော်တို့ပါတီဟာ အသင်းကြီးဘ၀ကတည်းက မီဒီယာ လက်ဦးမှုကို ရရှိခဲ့ပြီး အသင်းဝင်တွေ ကို မီဒီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ဖြစ်အောင် အရှိန်အဟုန် တစ်ခုနဲ့ လေ့ကျင့်ပျိုး ထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပါတီဟာ နံပါတ်(၁) ဖြစ်နေသင့် ပါလျက်နဲ့ မျက်မှောက် ကာလမှာ တော့ နံပါတ်(၁)ဖြစ်ဖို့ ဟိုးးးနောက်ဆုံးက စတင် ရေတွက် ရမလိုဖြစ်နေ ပါပြီဆိုတာ အမှန်အတိုင်း သုံးသပ်တင်ပြပါရစေ ခင်ဗျား။

အခုလဲ ဓနအင်အား၊ ပညာရှင်အင်အား၊ လူအင်အား၊ စီမံခန့်ခွဲမှု အင်အား အစစအရာရာ သာလွန်ကောင်းမွန်တဲ့ ကျွန်တော်တို့ ပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ပတ်သက် ပြီး ကျွန်တော် မြင်တွေ့ နေရတာတွေကို ရင်ဖွင့်ခွင့်ပြုပါ ခင်ဗျား။

အဘသူရဦးရွှေမန်းခင်ဗျား..........

ကျွန်တော်တို့ ပါတီက နေ့စဉ် သတင်းစာ တစ်စောင်ကို ထုတ်ဝေရခြင်း ရည်ရွယ်ချက်ကို ကျွန်တော် ဥာဏ်မီသလောက် ပြောပြရရင်။ ပါတီရဲ့မူဝါဒတွေ၊ ဆောင်ကြဉ်းပေးနေတဲ့ လုပ်ငန်းစဉ်တွေကို လူထု တွေသိရှိဖို့၊ အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ ရင်ဖွင့်သံကို သိရှိဖို့နဲ့ ပါတီအနေနဲ့ ပြည်သူတွေ ထံ တိုက်ရိုက် ပြောဆိုနိုင်တဲ့ ကြားခံ ပစ္စည်းတစ်ခုအဖြစ် ထုတ်ဝေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် ဥာဏ်မီသလောက်သာ ကောက်ချက် ဆွဲမိတာပါ၊ ဒီအထဲမှာ အခိုင်မာဆုံး တစ်ခုက ကျွန် တော်တို့ပါတီအနေနဲ့ ငွေကြေး အတွက် ဒီသတင်းစာကို ထုတ်ဝေခြင်း မဟုတ်ဘူး ဆိုတာပါပဲ။

အဲဒီလို ရည်ရွယ်ချက်တွေကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကနဦး အသင်းဘ၀မှာ ကတည်းက တိုင်း/ပြည်နယ် အသီးသီးက သင်တန်းသားတွေကို သတင်းစာပညာ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ် သင်တန်းပေးခဲ့တယ်၊ သတင်းရေးသားမှု စွမ်းရည် မကျဆင်းအောင် လည်း အသင်းပိုင် ဂျာနယ်တွေ စာစောင်တွေ ထုတ်ဝေခဲ့တယ်၊ ဒါ့အပြင် ပါတီဌာနချုပ်မှာ သတင်း ကိစ္စတွေကို ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ ဆက်ဆံရေးဌာန ဆိုတာကို ထားရှိခဲ့ပါ တယ်။ အသင်းမှ ပါတီဘက်သို့ ကူးပြောင်း လာပြီးတော့လဲ ပြည်ထောင်စု နေ့စဉ် သတင်းစာကို ထုတ် ဝေနိုင်ဖို့ အတွက် ကျွန်တော်တို့ကို ပါတီ ဌာနချုပ်က သတင်းစာ သတင်းထောက် သင်တန်း ဖွင့်လှစ် ပေးခဲ့ပါတယ်ခင်ဗျား။

အဘခင်ဗျား......။

သင်တန်းတစ်ခုလို့ ဆိုလိုက်တာနဲ့၊ ဦးဆောင် ဖွင့်လှစ်သူရော တက်ရောက်သူပါ နှစ်ဦးနှစ်ဖက်စလုံး အချိန်၊ ငွေများစွာ ပေးဆပ် ရင်းနှီးမြှပ်နှံ ရတာကြီးပါပဲ အနည်းနဲ့ အများပဲကွာမှာပါ ကုန်ကျတာချင်း တော့အတူတူပါပဲ၊ သင်တန်း(၂)ပတ် အတွင်းမှာရော သင်တန်း ဆင်းပြီးတဲ့ (သတင်းစာ မထုတ်ခင် စပ်ကြား)အထိ ကျွန်တော်တို့ တတွေဟာ ဧပြီ ၁ မှာ စတင် ထုတ်ဝေမယ့် ပါတီသတင်းစာကို ဘယ် လိုကြိုးပမ်း အားထုတ်သွားမလဲ၊ ဘယ်လို စွမ်းဆောင် ပေးသွား မလဲဆိုတာ စိတ်ကူးနဲ့တင် ညည အိပ် မပျော်ခဲ့သလို၊ သင်တန်းသား အချင်းချင်းကလဲ အမြဲတစေ ဖုန်းနဲ့ ဆက်သွယ် မေးမြန်ခဲ့ရတာ မမောနိုင် မပမ်းနိုင်အောင် ပါပဲခင်ဗျား။ ဒါပေမယ့် အဲဒီ စိတ်ကူးယဉ်မှုဟာ ဧပြီလ ၁ ရက်နေ့ မတိုင်မီ တစ်ပတ်အလိုမှာပဲ ပျောက်ဆုံးခဲ့ပါတယ် ခင်ဗျား။

ဒီလိုနဲ့ ပြည်ထောင်စု သတင်းစာကြီးဟာ ဧပြီ(၁)ရက်နေ့မှာ ထွက်လာပါတယ်၊ ကျွန်တော်တို့ သင်တန်းဆင်း တွေ ပါဝင်ခွင့် မရခဲ့ပါဘူး၊ ဒီလိုပြောလို့ “ဖိုးလုပ်ချင်”လို့ မယိုးစွပ်ပါနဲ့ ခင်ဗျား၊ ကျွန်တော် တို့အဆင့်၊ ကျွန်တော်တို့ ပညာနဲ့ အယ်ဒီတာ အဆင့်ကိုတောင် မမှန်းခဲ့ပါဘူး၊ အများဆုံးမှ နယ်သတင်းထောက် တာဝန်လေးတစ်ခုပဲ လိုချင်ခဲ့တာပါ၊ ဒီတာဝန်ကို ကျွန်တော်တို့ လုပ်ပြချင်ခဲ့တာ၊ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ဖော်ပြချင်ခဲ့တာ တစ်ခုတည်းပါပဲ။

ဒါပေမယ့် စွမ်းဆောင်ခွင့် ကူညီခွင့် မသာခဲ့ပါဘူး၊ ကျွန်တော်ပြောတဲ့ စွမ်းဆောင်ခွင့်ဆိုတာ ငွေရေး ကြေးရေးနဲ့ မဆိုင်ပါဘူး တကယ့် စေတနာ၊ ၀ါသနာ စစ်စစ်နဲ့ ပါတီအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုချင်ရုံလေးပါ ခင်ဗျား။ သင်တန်းကို ကျွန်တော်တို့ တက်ရောက် ခဲ့တယ်၊ သင်တန်းမှာ ပါတီ ဌာနချုပ်က ကျွေးခဲ့တဲ့ ထမင်းတွေကို ကျွန်တော်တို့စားခဲ့ရတယ်၊ ပါတီက သင်ကြားပေးလို့ ပညာ တစ်ခုကို တတ်မြောက်ခဲ့တယ် ဒီကျေးဇူး တရားကို တစ်ဖက် တစ်လမ်းက ပြန်ဆပ်ချင်ရုံလေးပါပဲ။ ဆပ်ခွင့် မရခဲ့ပါဘူး ခင်ဗျား။ ဒီလို ခံစားရပေမယ့်လည်း “အော်လူကြီးတွေက အမြှော်မြင်ကြီးကြီးနဲ့ တွေးခေါ်ထားလို့ တို့တွေကို ထုတ်မသုံးသေးပဲ တို့ထက် အရည်အချင်းရှိတဲ့ လူတွေကို အရင် ထုတ်သုံးမယ် အခြေကျမှ တို့တွေကို ပွဲထုတ်မယ်”လို့ ဖြေတွေး တွေးခဲ့မိပါသေးတယ်။ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပါတယ် အဘခင်ဗျား။

ကျွန်တော်နေထိုင်တဲ့ ဒေသက လုပ်သက်နု ဂျာနယ် သတင်းထောက်လေး တစ်ဦးက တစ်လရှစ်သောင်း ရနေရာကနေ ပြည်ထောင်စု သတင်းစာက တစ်လ သုံးသိန်းပေးပြီး တာဝန်ပေးလိုက်တယ် ဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြောသွားပါတယ်၊ လာပြောတယ်ဆိုတာ သာမန်လာပြောတာမဟုတ် ပါဘူး ရိသဲ့သဲ့ အသံလေးနှောလို့ပါ၊ သူက ဆက်ပြောပါသေးတယ်.. ပြည်ထောင်စု သတင်းစာမှာ အယ်ဒီတာချုပ်က တစ်လ ၁၈ သိန်း၊ အုပ်ချုပ်မှု အယ်ဒီတာက တစ်လကို ၁၀ သိန်း လစာရတယ်တဲ့ လေ၊ ဒီ့ထက်ပိုဆိုးတာက အယ်ဒီတာချုပ်နဲ့ အုပ်ချုပ်မှု အယ်ဒီတာတို့က သားအဖတော်တာတဲ့....။ ပါတီဗဟိုက ........... နဲ့လည်း တစ်ပတ်စဉ်ထဲပဲတဲ့လေ.......။

ဒီအဖြစ်သနစ်တွေကို ပါတီဥက္ကဌဖြစ်တဲ့ အဘအနေနဲ့ သိပါလေစလို့ တွေးမိပါတယ်၊ သားအဖ နှစ်ယောက် တစ်လ သိန်း ၃၀ နီးပါး၊ တစ်ရက်ကို ငွေ ၁ သိန်း........ဘုရား. ....... ဘုရား.....ပြည်သူ့ အကျိုးပြုတွေ အများကြီး လုပ်နိုင်ပါ ပေါ့လား လို့တောင် ဘုရားတ မိပါတယ် ခင်ဗျား။ ဒီလိုပြောလို့ မုဒိတာ မပွားနိုင်တာ မဟုတ်ပါဘူးခင်ဗျား၊ ပညာရှင် ဆိုတာမျိုးဟာ ငွေကြေးနဲ့ ပိုင်းဖြတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။  ဒါပေမယ့်အဘရယ်. .............. ................ .။ ကျွန်တော် ဘာကို ဆိုလိုချင်တယ် ဆိုတာ အဘ ထိုးဖေါက်မြင် ပါလိမ့်မယ် ဆိုတာ ကျွန်တော်ယုံကြည် ပါတယ် အဘ။

ကျွန်တော့် ပေးစာကို နိဂုံးချုပ် ပါတော့မယ် အဘ...... လှေတစ်စီးကို ပဲ့ကိုင်သူကလည် မခိုမကပ် ထိန်းကြောင်းပြီး လိုရာပန်းတိုင် တစ်ခုကို မရပ်မနား ရှိသမျှခွန်အားနဲ့ ရုန်းကန်နေပါတယ်အဘ။ လှေဦးကလည်း သူရှိတဲ့ ခွန်အားကို ထုတ်နှုတ်ပြီး ရေထုကို ထိုးဖောက် ပြေးလွှားနေ ပါတယ်အဘ၊ လိုချင်တဲ့ ခရီးကို အမြန်ဆုံးနဲ့ အမှန်ဆုံး ရောက်ဖို့ လှေဝမ်းနဲ့ လှေနံ ပေါက်ပြဲ ပျက်စီးမှု မရှိအောင် တော့ အချိန်မီပြုပြင် ဖာထေးရမယ်ထင် ပါတယ်၊ ဒီလိုမှ မဟုတ်ရင်၊ သဘာမရှိ၊ ၀ါမရှိတဲ့ နောက်က လိုက်လာတဲ့ လောင်းလှေငယ်လေးတွေ ကျော်တက် သွားပါ တော့မယ်လို့ တင်ပြလိုက် ၇ပါတယ် အဘ။

အဘကိုချစ်ကြောက်ရိုသေပါသော တပည့်ကျော် (ကိုဖွ)
USDP Grop Face Book မှ ကူးယူ ဖော်ပြပါသည်။

No comments: