ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, November 29, 2007

မြန်မာပြည် ပထ၀ီနိုင်ငံရေးနှင့် ခွဲထွက်ခွင့်

အခုတစ်လော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနောက်အုပ်စု နိုင်ငံကြီတွေ၊ ကိုလိုနီလက်သစ် လက်ဝေခံ မီဒီယာတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေကို ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး မြှောက်ပင့် သွေးထိုး တာတွေ၊ တိုက်တွန်းနေတာတွေ၊ လှုံ့ဆော်နေတာတွေကို တွေ့နေရတဲ့အတွက် ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပထ၀ီ နိုင်ငံရေး အနေအထားနဲ့ သုံးသပ် တင်ပြ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အနေအထားကို ပြန်ကြည့်ပါ ။ လူသန်းပေါင်း (၁၂၀၀)ကျော်၊ သန်းပေါင်း (၁၀၀၀)ကျော်၊ သန်းပေါင်း (၁၄၀) လောက် များပြားတဲ့ နိုင်ငံတွေ အကြားမှာ လူဦးရေ သိပ်သည်းမှု မရှိလှဘဲ တည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လူဦးရေ ဖိအားကို အမြဲတစေ စိုးရွံ့ သတိထား နေရမှာ ဖြစ်ပါတယ်။ မိမိနိုင်ငံကို စည်းစည်းလုံးလုံးနဲ့ ကျစ်ကျစ်လစ်လစ် ကာကွယ် နိုင်မှသာ မြန်မာနိုင်ငံဆိုတာ ရေရှည် သက်ဆိုးရှည်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသား စည်းလုံး ညီညွတ်ရေးဟာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။

နိုင်ငံတော် မြေမျက်နှာ သွင်ပြင် အနေအထားကို ကြည့်မယ်ဆိုရင် လူနေထူထပ်တဲ့ မြစ်ဝှမ်းဒေသများကို ၀န်းရံကာကွယ်ထားတဲ့ တောင်တန်းများက မြန်မာနိုင်ငံကို သဘာဝခံတပ်သဖွယ် ကာကွယ်ပေးထားတဲ့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ပေါင်း များစွာ အတွင်း ဘေးပတ်ဝန်းကျင်မှ အင်အားကြီး နိုင်ငံကြီးများရဲ့ ကျူးကျော်လွှမ်းမိုးမှုကို မခံခဲ့ရခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးအရ မြေပြန့်ဒေသများအတွက် တောင်တန်းဒေသဟာ သဘာဝခံတပ် မြို့ရိုးကြီး သဖွယ် ဖြစ်ပါတယ်။ တောင်တန်းဒေသများ အနေနဲ့လည်း ဆန်၊ ဆီ၊ ဆား အဓိက စားနပ်ရိက္ခာ များက အစ အထွေထွေ လူသုံးကုန် ပစ္စည်းများ အားလုံးအတွက် မြေပြန့်ကနေ ရယူနေရတာ ချည်းပဲ ဖြစ်လို့ မြေပြန့်ဒေသ မပါဘဲလည်း တောင်တန်းဒေသတစ်ခုတည်း မရပ်တည် နိုင်ပါဘူး။

ဒါ့အပြင် တောင်တန်း ဒေသ ပြည်နယ်များ ခွဲထွက်သွားလျှင်လည်း land locked ကုန်းပိတ်နိုင်ငံငယ်များ အဖြစ်ပဲ ဖြစ်လာမှာ ဖြစ်လို့ မြန်မာနိုင်ငံကို မမှီခိုရလျှင် အခြား တစ်ဖက်တစ်ချက်က နိုင်ငံကြီးများကို မှီခိုအားကိုး ရတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ မှီခိုသူအား အမှီခိုခံသူက လွှမ်းမိုးလာမှာပဲ ဖြစ်ပါတယ်။ လူဦးရေ သန်းရာထောင်ချီရှိနေပြီး လူဦးရေ သိပ်သည်းမှု များလှတဲ့ နိုင်ငံကြီးကို မှီခိုရတဲ့ လူဦးရေကြဲ၊ အားနည်းလှတဲ့ နိုင်ငံပေါက်စနကလေး တစ်ခုရဲ့ ဘ၀ဟာ မြေမမျိုဘဲ လူမျိုခံရတဲ့ အဖြစ်ကို အနှေးနဲ့ အမြန် ဆိုက်ရောက်သွားရမယ် ဆိုတာ မလွှဲပါဘူး။ ဒါ့ကြောင့် တောင်တန်းဒေသ ပြည်နယ်များ အနေနဲ့လည်း ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု မပျောက်မပျက် ထိန်းသိမ်းလိုတယ်ဆိုရင် လူအင်အား အသင့်အတင့်ရှိတဲ့ မြေပြန့်ဒေသနဲ့ မခွဲမခွာ စတမ်း ပေါင်းစည်းထားရမယ် ဆိုတာကလည်း မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထ၀ီနိုင်ငံရေး အနေအထားက ခွဲထွက်ခွင့်ကို လုံးဝမလုပ်သင့်ကြောင်း ပြဌာန်းလျက် ရှိတယ်လို့ တွေ့ရပါတယ်။

နိုင်ငံရေး အချက်အလက်မှာ ဒီပထ၀ီနိုင်ငံရေးဟာ အခြေအမြစ် အကျဆုံးနဲ့ အပြောင်းအလဲ အနည်းဆုံး ဖြစ်ပါတယ်။ နိုင်ငံရေး စနစ်အားလုံးကို လွှမ်းမိုးပြီး သြဇာ အသက်ရောက်ဆုံးလည်း ဖြစ်ပါ တယ်။ ပထ၀ီနိုင်ငံရေးရဲ့ ပြဌာန်းချက်များဟာ မှားခဲပါတယ်။ ဒါ့ကြောင့် ခွဲထွက်ခွင့်ဆိုတာ စိတ်ကူးပင် မယဉ်ကောင်းတဲ့ အရာလို့ ကျွန်တော် ထင်မြင်မိပါတယ်။

Monday, November 26, 2007

ကဗျာဆရာ မြင်းရိုင်း အောင်ဝေးရဲ့ ဇာတ်သိမ်း

ကဗျာဆရာ မြင်းရိုင်း အောင်ဝေးရဲ့ ဇာတ်သိမ်း

ပိတောက်မြေ မှ ရယူပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နဲ့ အနောက်အုပ်စုက မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများဆိုသူတွေကို ၀မ်းပန်းတသာကြိုဆိုကြတယ်။ ဒုက္ခသည်အဖြစ်နဲ့ နေရာချပေးတယ်။ ဒီလိုအခွင့်အရေးကို လက်အလွတ်တမ်းယူတက်တဲ့ ရွှေမြန်မာများကလည်း အောက်လမ်းကနေ နယ်စပ်ကို ပြေး၊ ဟိုရောက်ရင် နိုင်ငံရေးအရ ထွက်ပြေးလာရတာပါလို့ပြော၊ အဆင်ပြေရင် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကို ခရီးဆက်၊ အဆင်မပြေရင်တော့ ယိုးဒယားမှာ နံမည်အမျိုးမျိုးနဲ့ ဖွဲ့ထားတဲ့ သူတောင်းစား စီမံကိန်းအဖွဲ့တွေမှာ ၀င်ရောပြီး အစိုးရဆန့်ကျင်ရေးလုပ်လိုက်ရင် တ၀မ်းတခါးတော့ အဆင်ပြေတာပါဘဲ။

ဒီလိုလုပ်တဲ့အထဲမှာ သူများထက်ခြေတစ်လှမ်း ဦးသူတွေကတော့ စာပေနယ်က လူတွေပါပဲ။ စာပေနယ် က ဖြစ်တော့ ပြောတက်ဆိုတက်ကလည်း ရှိတယ် မဟုတ်လား။ နယ်စပ်ရောက်တာနဲ့ စာပေလွတ်လပ်ခွင့် မရှိလို့ ဘာညာပြောလိုက်ရင် အမေရိကန် ရင်ခွင်ထဲကို စွေ့ကနဲရောက်သွားတော့တာဘဲ။ ဒါ့ကြောင့်လည်း ပြည်တွင်းမှာ ထုတ်ဝေသူငွေ အလွဲသုံးစားလုပ်မိလို့၊ လုပ်ဖော်ကိုင်ဖက်ရဲ့ မိန်းမကို ကြာကူလီ ရိုက်လို့၊ စာပေလောက အိမ်ဦးခန်းမှာ ရောက်နေရာကနေ ငွေ၊ မိန်းမနဲ့ ပတ်သက်ရင် ကြောင်တောင်နှိုက်တတ်လို့ ခွေးကတတ်ကို ကန်ချခံလို့ စိတ်နာနေတဲ့ စာပေလောက အမှိုက်များက ထိုင်းနိုင်ငံထဲမှာ သွားပြီး ဒီမိုကရေ၀ီ သူရဲကောင်းလုပ်နေနိုင်တာပေါ့။ မောင်သာရ၊ လွမ်းဆွေ၊ တင်မောင်သန်းတို့ဟာ ဒီနည်းနဲ့ လူတွင်ကျယ်လုပ်နေ ကြတာပါ။ တစ်လောက မြတ်ခိုင်သား ဇေယျာမြတ်ခိုင်တောင် ကောင်းသတင်းထုတ်ဝေသူဆီက ကြော်ငြာတွေ ဘုန်းတာ လူမိသွားတော့ နယ်စပ်ပြေးရင်ကောင်းမလားဆိုပြီး သူ့အဖေနဲ့ တိုင်ပင်သေးတယ်။ အဖေက ငါဒီမှာ လုပ်စားလို့ အဆင်ပြေနေတာ မင်းကြောင့် ထမင်းအိုးကွဲတော့မယ်ဆိုမှ မန္တလေးပြေးပြီး ပုန်းနေတယ်ဆိုပဲ။ အဲဒလို အောက်လမ်းပြေးပြီး လူရာဝင်နေတဲ့ အထဲမှာ ဆရာတင်မိုးတို့၊ ဆရာ မောင်စွမ်းရည်တို့ မပါပါဘူးဗျာ။ သူတို့က တရားဝင်ထွက်ပြီး တရားဝင်ဆက်နေတာ၊ သူတို့ သဘာ၊ သူတို့ အကျင့်စရိုက်တွေက မောင်သာရတို့ လွမ်းဆွေတို့ တင်မောင်သန်းတို့နဲ့ မသက်ဆိုင်ပါဘူး။

အခုနောက်ဆုံး ဒီမိုကရေစီအော်နေတဲ့ အောင်ဝေးက ၁၉၇၀ နှစ်များဆီက လက်ဝဲသမားစစ်စစ်ပါ။ ဗကပယူဂျီတွေ့ရဲ့ အောက်ဗမာပြည်ကလပ်စည်း LB ကနေပြီး အလုပ်သမားအရေးအခင်းမှာ ပါခဲ့တာပါ။ နောက်ထောက်လှမ်းရေးက မိသွားတော့ အောင်ဝေးကဖော်တာနဲ့ ဗကပ LB ယူနစ်တစ်ခုလုံး ပြိုကွဲတော့ ခဲ့ရတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ဗကပ ကြင်မောင်က ပြည်သူ့အာဏာဂျာနယ်မှ ၁၉၇၅ ယူဂျီတွေ့အကြုံ ကို ကောက်ချက်ချတဲ့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီထဲမှာ LB က ကလပ်စည်းဝင် တစ်ယောက်က အဖမ်းခံရတာနဲ့ လျှောက်ဖော်လို့ အောက်ဗမာပြည်ကလပ်စည်းတစ်ခုလုံး ပျက်ခဲ့ရတယ်လို့ အချိတင်ကဲ ရေးထားတာ အောင်ဝေးကို ပြောတာပါ။ အဲဒီလို ဖော်ကောင်ဘညွန့်လုပ်ခဲ့လို့လဲ အောင်ဝေးက ထောင်ထဲမှာ တစ်နှစ်လောက်ဘဲ နေရပြီး ရွေးမြစ်ဘေးမှာ မူလတန်းကျောင်းဆရာသွားလုပ်ရင်း စာပေလောကထဲ ၀င်ခဲ့ပါ တယ်။

အောင်ဝေးအကြောင်းပြောရင် ယာမာဂူချီခင်ဆွေရင်သို့ ဆိုတဲ့ ကဗျာရှည်ကို ချန်ထားလို့မရပါဘူး။ ဒီကဗျာရှည်ကြီးဟာ အောင်ဝေးရဲ့ Master Piece ပါ။ ဒါကိုတော့ အောင်ဝေးကို ကြိုက်သူရော၊ မကြိုက်သူပါ လက်ခံရမှာပါ။ ဒါပေမယ့် သနားစရာကောင်းတာက ယာမာဂူချီကဗျာဟာ အောင်ဝေးရဲ့ အကောင်းဆုံးဖြစ်သလို နောက်ဆုံးဒီရေမြင့်မှတ်ဘဲဖြစ်ပါတယ်။ ဒီကဗျာကြောင့် အလုပ်ကထွက်ပြီး ရန်ကုန်တက်ကာ မြန်မာကဗျာ လောကကို သိမ်းပိုက်မယ်ဆိုတဲ့ အောင်ဝေးဆီက နောက်ထပ်ဘာမှ အသစ်အဆန်း ထွက်မလာတော့ပါဘူး။ ယာမာဂူချီ နောက်ဆက်တွဲအဖြစ်နဲ့ အောင်ဝေးကဗျာတွေဟာ ခရမ်းပြာ၊ မြင်းရိုင်း၊ လရောင်၊ ရွေးမြစ်နဲ့ မိန်းမနဲံ့ စိတ်ကောက်၊ ပြန်ချော့ ဒီသံသရာထဲမှာပဲ လည်နေခဲ့တယ်။ အောင်ဝေးက ဆရာဖော်ဝေးကို ကြိုက်လို့ အောင်ဝေးလို့ နာမည်ခဲတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဖော်ဝေးလို အကြံဥာဏ်သစ်တွေ အတွေးသစ် တွေ မဖော်ထုတ်နိုင်ဘဲ ဖော်ဝေးဆီက အရက်သောက်တာဘဲ အောင်ဝေးတက်ခဲ့ပါတယ်။ နောက်ဆုံးမတော့ ကဗျာလောကကို သိမ်းပိုက်ဖို့နေနေသာသာ လေထန်ကုန်းမှာ လက်ဘက်ရည်တိုက်မယ့်သူမျှော်၊ ညနေဘက်မှာ လေအန်ကုန်း သွားဖို့အတွက် ဒကာရှာဘ၀ကို ရောက်ခဲ့တယ်။ ၁၉၈၀ပြည့်နှစ်များဟာ ကြူးနှစ်နဲ့ အောင်ဝေး လာရင် လူတွေ ထွက်ပြေးရတဲ့ အချိန်ပေါ့။
၁၉၈၈ အရေးအခင်းဖြစ်တော့ အောင်ဝေးတစ်ယောက် လူပေါ်လူဇော် လုပ်ခွင့်ရသွားတယ်။ မတ်စ်-လီနင်-မော်စီတုံး NLM အတွေးခေါ်နဲ့ သေမင်းဆိုတယ့် အောင်ဝေး ဒီမိုကရေစီခြေသလုံးကို ပြေးဖတ်ပြီး သာကူး လုပ်ခဲ့ပါတယ်။ ဒါကိုလည်း သူ့ကဗျာတစ်ပုဒ်မှာ ငယ်ငယ်တုံးက လီနုင်ကိုချစ်တယ်။ ကြီးလာတော့ လင်ကွန်းနဲ့ တွေ့ချင်တယ်လို့ ဗြောင်ပဲဝန်ခံခဲ့တယ်။ ဒါကြောင့် အောင်ဝေးတစ်ယောက် ရန်ကုန်ကို ခွာပြီးမြောင်းမြ အင်န်အယ်လ်ဒီမှာသွားပြီး အမှုဆောင်လိုလို ဘာလိုလိုနဲ့ လူရာဝင်ခဲ့တယ်။ ဒါပေမယ့် အောင်ဝေးရဲ့ လူတန်းစာပျက်ဥာဉ်ကြောင့် ကြာကြာဟန်ဆောင်လို့ မရပါဘူး၊ အင်န်အယ်လ်ဒီက ကန်ထုတ်တာခံပြီး ရန်ကုန်ပြန်ရောက်လာပါတယ်။
ရန်ကုန်မှာတော့ ထုံးစံအတိုင်း လှည့်လည်တောင်းရမ်း၊ ပွဲမှန်သမျှတက် (စာနယ်ဇင်းသမား မှန်ရင် ဖိတ်စာ မလိုဘူး ဆိုတဲ့ အယူအဆကို ရှေ့ဆုံးက ထောက်ခံသူပါ) ပြီး အချိန်ကုန်ခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အောင်ဝေးရေးတဲ့ ကဗျာဆိုတာ လက်ချိုးရေလို့ရပါတယ်။ မော်ဒန်၊ ပို့စ်မော်ဒန်ဆိုတဲ့ ရေစီးမှာ ၀င်ကူးဖို့ ကြိုးစားတော့လည်း နောက်ပေါက်ကလေးတွေက လက်မခံတော့ဘူး၊ တစ်လောက မော်ဒန်ကဗျာသမားတွေ ကဗျာနေ့ဆိုပြီး စာတမ်းဖတ်တော့ အောင်ဝေးဆရာကြီးဝင်လုပ်ဖို့ ကြိုးစားသေးတယ်။ ခေတ်ပြိုင်ကဗျာ ရှေ့ဆောင်ကြီးနေရာများရမလားလို့ပေါ့၊ ဒါပေမယ့် ချာတိတ်တွေက လက်မခံတော့ သူ့ဘာသာသူရှေ့ထွက်ပြီး ကဗျာတစ်ပုဒ်ထွက်ရွက်ပြီး စင်ပေါ်က ပြန်ဆင်းသွားခဲ့ရတယ်။ ယာမာဂူချီကဗျာကို ရေးခဲ့သူ၊ ပေဖူးလွှာလို့ မဂ္ဂဇင်းကြီးမှာ အခန်းဆက်အင်တာဗျူးခံခဲ့ရသူ အတွက် ရင်နာစရာဇာတ်သိမ်းပါ။ အောင်ဝေး သမိုင်းကို မသိတဲ့ ဂျာနယ်လစ် ပေါက်စတစ်ယောက်က အခမ်းအနားမှာ အောင်ဝေးဆိုတဲ့ ကဗျာဆရာတစ်ယောက် ကဗျာရွတ်ပြ သွားတယ်၊ ကြားလည်းမကြားရ၊ ဘာကိုဆိုမှန်းလည်းမသိဆိုပြီး ဂျာနယ်မှရေးတော့ အောင်ဝေးကြေကွဲမဆုံး ဖြစ်ရတယ်ဆိုပဲ။
ကဗျာတွေ မရေးနိုင်တော့ဘဲ အောင်ဝေးဟာ ဖိတ်ဖိတ် မဖိတ်ဖိတ် ပွဲမှန်သမျှတက် အခွင့်ရရင် စင်ပေါ် တက် ကဗျာရွတ်ပဲ လုပ်နိုင်ပါတော့တယ်။ ကဗျာရွတ်တာဟာ သူ့ဗိုက်ပြည့်ပေမယ့် ဇနီးနဲ့ ကလေးတွေ ဗိုက် မပြည့်ဘူးလေ။ ဒါကြောင့် အောင်ဝေးရဲ့ ရဲဘော်ရဲဘက် ခင်ဆွေရီတစ်ယောက် ချဲရောင်းရတဲ့အဖြစ် ရောက်ခဲ့တယ်။ ချဲမှုကြောင့်ပဲ ထောင်ခြောက်လကျခဲ့ရတယ်။ အောင်းဝေးဘေးမှာ ရဲဘော်ရဲဘက် တစ်ယောက် အဖြစ်နဲ့ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ ယာမာဂူချီအတွက်တော့ ကြေကွဲဖွယ်ဇာတ်သိမ်းပေါ့။
အခုတော့ အောင်ဝေးတစ်ယောက် လရောင်ဝေး၊ နှင်းဆီသွေးတို့နဲ့ ဝေးတဲ့ နယ်စပ်ကိုရောက်သွားပါပြီ၊ သူ့ထက်ဖျံကျတဲ့ လွဏ်းဆွေ၊ သာရ ၊ တင်မောင်သန်းတို့ကြားမှာ အောင်ဝေး ဘာဆက်လုပ်မလဲ? သူပြော နေကြအတိုင်း ကဗျာမြင်းရိုင်းကို ဒုံးစိုင်းပြီး ဒီမိုကရေစီပန်းတိုင်ကို သွားနိုင်မလား? လွဏ်းဆွေဆီမှာပဲ ထမင်းစား ကျွန်ခံဘ၀နဲ့ ဇာတ်သိမ်းမလား? သေချာတာကတော့ ဖိတ်ဖိတ် မဖိတ်ဖိတ် အတင်းတက်ပြီး ကဗျာရွတ်၊ ထမင်းစား၊ အရက်သောက်လို့ရတဲ့ပွဲတွေ နယ်စပ်မှာမရှိပါဘူး။ အပေါင်းအသင်းတွေဆီက လက်ဖြန့်တောင်း စရာ လေထန်ကုန်း၊ လေအန်ကုန်းတွေမရှိဘူး။ အဲဒီတော့အောင်ဝေး ဇာတ်သိမ်းမလှမှာ သေချာတယ်။ အချိန် မနှောင်းခင်ပြန်လာပြီး ရွေးမြစ်ဘေးမှာ စာပြန်သင်နေတာ ကောင်းမယ်ထင်တယ်။

အန်တီစုသည် ဗိုလ်ချုပ်အောင်ဆန်း မဟုတ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ က အန်တီစုရဲ့ အာဏာ လွှဲအပ်ချက်အရ စင်ကာပူ နိုင်ငံမှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားတဲ့ ပါတီများ ၊ တိုင်းရင်းသားများ အရေးကို အန်တီစုက ၄င်း၏ တာဝန်အနေဖြင့် ဆောင်ရွက် မည် ဆိုတဲ့ အကြောင်းအရာတွေကို ဖတ်လိုက် ရတော့ အန်တီစုကတော့ လုပ်ချလိုက်ပြန်ပြီ.. သူ့ကိုယ်သူ ဗိုလ်ချုပ် အောင်ဆန်း လို့များ သတ်မှတ်ထင်ထားသလားလို့ ကျွန်တော် တွေးထင် လိုက် မိပါတယ်။

အားလုံး သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ယခု ကာလတိုင်အောင် အမျိုးသား ခေါင်းဆောင်အဖြစ် ပြည်သူအားလုံးရဲ့ အသည်းမှာ မှတ်ယူ ထားကြတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပီး ဘယ်သူမှ အဲဒီနေရာကို အစားထိုး နိုင်ခြင်း မရှိသေးပါ။ ဒီနေရာမှ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် အန်တီစုမှာ ထူးချွန်တဲ့ အရည်အချင်းတွေ အများကြီးရှိတာ ကျွန်တော် လက်ခံပါတယ်။ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုက ဘွဲ့ရ၊ ပညာတတ် တစ်ယောက် ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာ စကားကို မိခင် ဘာသာစကား သဖွယ် ကျင်လည်စွာ ပြောဆိုရေးသား နိုင်ပါတယ်။ နိုင်ငံရေး ရည်မှန်း ချက် ကြီးမားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလောက်နဲ့တော့ အမျိုးသား ခေါင်းဆောင် တစ်ဦးအဖြစ် လက်ခံဖို့ ဆိုတာ သေသေချာချာ စဉ်းစား ကြည့်လျင် မလုံလောက် သေးပါ။ အန်တီစု အနေနဲ့ ဖခင် ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာကို အစားထိုး ၀င်ရောက်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါ။

ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ နတ်မောက်မှာနေ၊ နတ်မောက်မှာ မွေးပြီး နတ်မောက်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါ တယ်။ မြန်မာ့လူနေမှု အဆောက်အဦး အတွင်းမှာ ပေါက်ဖွား ကြီးပြင်းလာရသူ၊ ပြည်သူလူထုနှင့် အေးအတူ၊ ပူအမျှ ကျွန်ဘ၀တွင် ခံစားလာခဲ့ရသူ၊ ပညာရေးမှာလည်း မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးခဲ့တဲ့ ရေနံချောင်း အမျိုးသား ကျောင်းမှာ ပညာသင်ကြားခဲ့ရသူ၊ တက္ကသိုလ်မှာလည်း တစ်စိုက်မတ်မတ် နိုင်ငံလွတ်လပ်ရေးကို ရည်မှန်းလျက် အပတ်တကုတ် ကြိုးစား လှုပ်ရှားခဲ့သူ၊ နယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေး ကြိုးပမ်းမှုမှာလည်း အဆင်းရဲခံ၊ အငတ်ခံ၊ ကိုယ်ကျိုးစွန့်လွှတ်ခဲ့သူ၊ နောက်ဆုံးမှာ တိုင်းပြည်အတွက် အသက်ကို တောင်မှ ပေးလှူခဲ့သူ ဖြစ်ပါတယ်။ ခြုံပီး ပြောရလျှင် မြန်မာနိုင်ငံရေး သမိုင်းကြောင်းမှာ စဉ်ဆက်မပြတ် ပါဝင် ဦးဆောင်လာသူ ဖြစ်ပါတယ်။

အန်တီစုကတော့ ပြည်ပ မှာ အနေကြာသူ၊ ပညာရေးမှာလည်း ပြည်ပကျောင်းများမှာ အနေများ ခဲ့ပါတယ်။ မြန်မာ့လူမှုပတ်ဝန်းကျင်နဲ့ ကာလများစွာ ကင်းကွာနေခဲ့သူ၊ မြန်မာနိုင်ငံအပေါ် ပြင်ပမှ လေ့လာမှု ရှုဒေါင့်များနဲ့သာ အထိအတွေ့များခဲ့သူ၊ မြန်မာနိုင်ငံရေး သမိုင်းကြောင်းရဲ့ ပွဲကြည့် ပရိသတ် တစ်ဦးမျှသာ ဖြစ်ပါတယ်။ အန်တီစုအနေနဲ့ ဗိုလ်ချုပ်ရဲ့ ခြေရာကို ဘယ်လောက်ပဲ နင်းနိုင် နေပါစေ၊ ဒီအရာများဟာ အစားထိုးလို့ ရနိုင်တဲ့ အရာများ မဟုတ်ပါ။ အောက်စဖိုဒ့် တက္ကသိုလ်က ဘွဲ့တွေ ၊ ဆုတံဆိပ်တွေနဲ့လည်း အစားထိုးလို့ မရနိုင်ပါ။

ဒါ့အပြင် အန်တီစု အနေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံ့ခေါင်းဆောင် ဖြစ်နိုင်ရေးအတွက် ဘယ်လိုမှ လက်မခံနိုင်တဲ့ အရည်အချင်း ပျက်ကွက်မှု တစ်ခုက ရှိနေပါသေးတယ်။ အဲဒီအချက်က နိုင်ငံခြားသားနဲ့ လက်ထပ်ပြီး အဲဒီနိုင်ငံသား အဖြစ် ခံယူထားခြင်း၊ သားနှစ်ဦးစလုံး ကလည်း အဲဒီ နိုင်ငံခြားသား ဖြစ်နေခြင်း၊ အဲဒီအချက်တွေကြောင့် အန်တီစုဟာ တစ်ပါးနိုင်ငံရဲ့ သစ္စာတော်ခံ အခွင့်အရေး အကျိုးကျေးဇူးများကို ခံစားခွင့်ရှိနေသူ ဖြစ်ပါတယ်။

အန်တီစုဟာ တကယ်ပဲ တိုင်းပြည်ကို ချစ်လို့လား၊ ပုဂ္ဂလိက ရည်မှန်းချက် ဆန္ဒ တစ်ခုအတွက် ဗိုလ်ချုပ် အရှိန်အ၀ါနဲ့ ထင်ပေါ်ကျော်ကြားမှု၊ လူထုဂရုဏာကို ရယူအသုံးချနေတာလား ဆိုတာကိုတော့ သူ့ဘ၀၊ သူ့နောက်ကြောင်း၊ သူ့လုပ်ရပ်များနဲ့ နှိုင်းချိန် စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့ မဲဆွယ် စည်းရုံးရေးကာလက ပင်နီရင်ဖုံး၊ ယောထဘီနဲ့ ဓာတ်ပုံရိုက် ကြေငြာခဲ့ပြီး လက်တွေ့ မှာတော့ အင်္ဂလန်က ပိတ်စများ၊ ဂျုံမှုန့်များ၊ ဗာဒံစေ့နဲ့ ငြုတ်ကောင်းမှုန့်က အစ မှာယူ သုံးစွဲတဲ့ လုပ်ရပ်ဟာ (ဗိုလ်ချုပ်ရဲ့ နိုင်ငံတော် စာတိုလေးမှာ ) ပဲပြုတ်နဲ့ နံပြားကို အကောင်းလုပ် စားသွားရှာတဲ့ သေတဲ့အချိန်အထိ အ၀တ်သုံးလေးစုံထက် ပိုမရှိရှာတဲ့ ၊ ရိုးရိုးကျင့် ရိုးရိုးနေ ဟန်ပန် မလုပ်တတ်တဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်တတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြေးပြေးပြီး ယှဉ်ထိုးကြည့်စရာ အကွက်များ ဖြစ်လို့ နေပါတယ်။

ဘာပဲဖြစ်ဖြစ်လေ .. ဒီလို အန်တီစု ဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်လို့လဲ တိုင်းရင်းသား အဖွဲ့အစည်း တွေအားလုံးက ကန့်ကွက်နေကြတာ မဆန်းဘူးလို့ သဘောပေါက်လိုက်ပါတယ်။

Saturday, November 24, 2007

အနီးမှုံအန်တီစု

မစ္စတာဂမ်ဘာရီ စက်တင်ဘာလ နောက်ပိုင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ပြီး အပြန်တွင် အန်တီစု ထုတ်ပြန် ကြေညာချက်အား စင်ကာပူတွင် ထုတ်ပြန် ကြေညာခဲ့ ပါသည်။ ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း စည်းလုံးညီညွတ်ရေး အတွက် ၄င်းမှ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ခေါ်ယူညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြ ထားသည်ကို ဖတ်ရပါသည်။ အံ့သြစရာ ကောင်းလှပါသည်။ ကျွန်တော်တို့ နိုင်ငံတော်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက် ယခင်လက်နက်ကိုင် ဆန့်ကျင် ခဲ့ကြသော တိုင်းရင်းသား အဖွဲ့အစည်းများအား တပ်မတော်မှ နိုင်ငံတော် တာဝန် ထမ်းဆောင်ချိန်မှ စ၍ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့် နယ်မြေ အေးချမ်းမှုအတွက် ငြိမ်းချမ်းရေးရယူ တည်ထောင်ခဲ့ရာ ယခုအခါ မြန်မာ နိုင်ငံအနှံ့ အပြား နေ့ရောညပါ အေးချမ်း တည်ငြိမ်စွာ သွားလာ လုပ်ကိုင်လျက် ရှိကြသည်ကို နေရာတိုင်း တွင် တွေ့မြင်ပြီး လက်တွေ့ ခံစားနေကြရပြီ ဖြစ်ပါသည်။

၎င်းအခြေအနေသည် မြေပြင် လက်တွေ့ အမှန်တရား ဖြစ်ပါသည်။ ထို့ ပြင် စည်းကမ်း ပြည့်ဝပြီး ခေတ်မီ ဖွံ့ ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် အမျိုးသား ညီလာခံတွင် နိုင်ငံ တစ်ဝှမ်းလုံးမှ ကိုယ်စားလှယ်များဖြင့် ဆွေးနွေး ဆောင်ရွက်ခဲ့ရာ အခြေခံမူများ ချမှတ်အောင်မြင်ခဲ့ပြီဖြစ်ပါသည်။ ၄င်းအခြေအနေ ကိုလည်း မျက်စိအောက်တွင် မြင်နိုင်ပါသည်။ ထိုကဲ့သို့ မျက်စေ့အောက်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရှိရန် ဆောင်ရွက်မှု၊ တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်အောင် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်များ ဆွေးနွေး ဆောင်ရွက်မှု အခြေအနေများကို အန်တီစုမမြင်ဘဲ ဖေါ်ပြပါအတိုင်း "ဂမ်ဘာရီ" မှတဆင့် စင်္ကာပူတွင် ကြေညာချက် ထုတ်ခြင်းမှာ အနီးတွင် ဖြစ်ပေါ်နေသော အခြေအနေများကို မျက်ကွယ်ပြုပြီး ဆရာကြီးများ ခိုင်းစေချက်အတိုင်း ရေးသား ထုတ်ဝေခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် အန်တီစု အနီးမှုံရောဂါ ဖြစ်နေသည်။ ၄င်း အနီးမှုံရောဂါသည် အနောက်တိုင်း အထင်ကြီး၊ ဒေါ်လာများကို စားသော အစားအစာများမှ ဖြစ်လာခြင်း ဖြစ်ပါသည်။

Friday, November 23, 2007

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲဝယ်မှုများ ရှိနေသည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲဝယ်မှုများ ရှိနေသည် ဟူသော ကိစ္စနှင့် ပတ်သက်၍ ၂၀၀၆ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် Deutsche Presse Agentur မှ JT Nguyen ရေးသားသည့် Vote Buying in UN Security Council (By Any Other Form Study ) ဆောင်းပါးတွင် ရေးသားချက်များကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ဖြစ်လာခြင်း အားဖြင့် အမေရိကန် ကဲ့သို့ ချမ်းသာသော နိုင်ငံများမှ စီးပွားရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ ထိုချမ်းသာသော နိုင်ငံများက လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသော ဖွံ့ဖြိုးဆဲ နိုင်ငံများထံမှ မဲဝယ်ရန် ချဉ်းကပ်ဆက်ဆံ လာကြ ကြောင်း ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်တစ်ရပ်က ဆိုထားပါသည်။ ဟားဗတ်တက္ကသိုလ် စီးပွားရေး ပညာရှင် နှစ်ဦး၏ အဆိုအရ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အဓိကအားဖြင့် အမေရိကန် နိုင်ငံထံမှ ငွေကြေး အထောက်အပံ့အကူအညီများကို ကမ္ဘာပေါ်၌ ပဋိပက္ခများ၊ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် ပိုမိုရရှိနိုင်ကြကြောင်း၊ ထိုအချိန်အခါ မျိုးတွင် အမေရိကန် အနေဖြင့် ယင်းတို့၏ မဲများကို ပိုမိုလိုအပ်သောကြောင့် ဖြစ်ကြောင်း သိရှိရသည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံတွင် ပါဝင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသည် ပျမ်းမျှအားဖြင့် အမေရိကန် နိုင်ငံထံမှ ထောက်ပံ့ငွေ ၅၉ ရာခိုင်နှုန်း ပိုမိုရရှိမည် ဖြစ်ပြီး ကုလသမဂ္ဂ ထံမှ ၈ ရာခိုင်နှုန်း ပိုမို ရရှိမည် ဖြစ်ကြောင်း ထိုလေ့လာချက်က ဆိုထားသည်။ ငွေပမာဏအားဖြင့် တွက်ပြရလျှင် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံသည် လုံခြုံရေး ကောင်စီဝင်ဖြစ်လာလျှင် ၄င်း၏ သက်တမ်းအတွင်း ကုလသမဂ္ဂထံမှ ဒေါ်လာ တစ်သန်းနှင့်အတူ အမေရိကန် ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၁၆ သန်းကို မျှော်လင့်နိုင်သည်။ ပဋိပက္ခ အကျပ် အတည်းများ ဖြစ်နေချိန်နှင့် တိုက်ဆိုင်လျှင်မူ ကုလသမဂ္ဂထံမှ ဒေါ်လာ ရှစ်သန်းနှင့် အတူ အမေရိကန်ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄၅ သန်းအထိ မျှော်လင့်နိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ ပါဝင်ပြီး ၄င်းတို့မှာ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့ ဖြစ်ကြသည်။ ၄င်းအဖွဲ့ဝင် နိုင်ငံများသည် ကုလသမ၈္ဂ ဆုံးဖြတ်ချက်များကို ဗီတို အာဏာသုံး၍ ပယ်ဖျက် နိုင်ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများအဖြစ် အခြားနိုင်ငံ ၁၀ နိုင်ငံ ကိုလည်း နှစ်နှစ်တစ်ကြိမ် ရွေးချယ်ကြရာ ၄င်းတို့ကို အမြဲတမ်းမဟုတ်သော လုံခြုံရေး ကောင်စီဝင် နိုင်ငံများ၊ ရွေးချယ်ခံ လုံခြုံရေး ကောင်စီဝင် နိုင်ငံများဟု ခေါ်ကြသည်။ ထို အမြဲတမ်းမဟုတ်သော လုံခြုံရေး ကောင်စီဝင် နိုင်ငံများသည် များသော အားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်။ သို့ရာတွင် ထိုဆင်းရဲသော နိုင်ငံများအား ငွေကြေး ထောက်ပံ့ပေးနေသော ဂျာမနီ၊ ဂျပန်၊ စပိန်၊ ကနေဒါနှင့် အီတလီ တို့ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံ တို့လည်း ပါဝင်ကြသည်။

လုံခြုံရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရလျှင် ထိုနိုင်ငံအား ပေးသော ပြည်ပငွေကြေး အထောက်အပံ့ များ ပိုမို သိသာစွာ ပိုလာပြီး အဖွဲ့ဝင် သက်တမ်း ကုန်ဆုံးသွားလျှင် ယင်းငွေကြေး အထောက်အပံ့များ ချက်ချင်း သိသာစွာ လျော့နည်းသွားကြောင်း ထိုလေ့လာချက်က ဆိုသည်။ ယင်းသို့ ပြည်ပမှ ငွေကြေး အထောက် အပံ့များ သာသာထိုးထိုး ရရှိလာခြင်းသည် ထိုအထောက်အပံ့ခံ နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန် ရေးရာတို့တွင် ဘက်လိုက်မှုများ ရှိနေသည် ဟူသော အချက်ကို သိသာ ထင်ရှားစေသည်။ ရွေးချယ်ခံ လုံခြုံရေး ကောင်စီ နိုင်ငံ အချို့ကလည်း မိမိတို့၏ မဲများကို ရောင်းစားရန် အလွန်လိုလားနေကြသည်။ ထိုနိုင်ငံ အနေဖြင့် လုံခြုံရေး ကောင်စီ တွင် နိုင်ငံကြီး တစ်နိုင်ငံ၏ အကျိုးစီးပွားဘက်မှ ရပ်တည်ပေးလျှင် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ရပ်မှ ဖွံ့ဖြိုးရေး အကူအညီ အရပ်ရပ်ကိုလည်း ရရှိနိုင်သေးသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနိုင်ငံကြီး တစ်နိုင်ငံသည် UN အေဂျင်စီများ အပေါ် သြဇာ ညောင်းနေ၍ ဖြစ်သည်။ အဆိုပါ လေ့လာချက်တွင် အမေရိကန် နိုင်ငံသည် တိုက်ရိုက်ဖြစ်စေ၊ ယူနီဆက် ရန်ပုံငွေအဖြစ် ဖြစ်စေ ငွေကြေး ထောက်ပံ့မှုများကို အရွေးချယ်ခံရသော နိုင်ငံများအား ပေးနိုင်လျက် ရှိကြောင်း ၊ ယူနီဆက်သို့ ငွေကြေး အများဆုံး ထောက်ပံ့နေသော နိုင်ငံမှာ အမေရိကန် နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လေ့လာချက် စာတမ်းကို ရေးသားသူများက ကုလသမဂ္ဂ စနစ်ကြီး တစ်ခုလုံးတွင် အဂတိလိုက်စားမှု များရှိနေကြောင်း၊ ယခုကဲ့သို့ ဖော်ပြနိုင်ရန်အတွက် ၁၉၄၅ ခုနှစ် ကုလသမဂ္ဂ ပေါ်ပေါက်လာချိန်မှ စပီး လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ သံခင်း ၊ တမန်ခင်း ကိစ္စများတွင် အဓိက အရေးပါသော ဖြစ်ရပ်များကို အခြေခံကာ ၄င်းတို့ စုံစမ်း ထောက်လှမ်းခြင်း ဖြစ်ကြောင်း ဆိုထားသည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်စာတမ်းကို သုံးသပ်ဖော်ပြထားသည့် အဆိုပါ ဆောင်းပါးကို ဖတ်ရှု လေ့လာခြင်းဖြင့် လုံခြုံရေး ကောင်စီ အတွင်းမှ အမေရိကန်၏ အရှုပ်အထွေးများကို ထင်လင်းစွာ တွေ့ရှိ နိုင်မည် ဖြစ်သည်။

ဤမျှဆိုလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ရန်အတွက် ကုလသမဂ္ဂကို အသုံးချခဲ့သော အမေရိကန် နိုင်ငံ၏ ရှုပ်ကွက်။ မြုပ်ကွက်များကို သိရှိလောက်ပြီ ဖြစ်ပါသည်။

စီးပွားရေး ပိတ်ဆို့တယ် ဆိုတိုင်း ဂရုစိုက်ရမှာလား

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့တာကို အာရှတိုက်က ဘယ်နိုင်ငံကမှ မထောက်ခံဘူးလို့ စင်္ကာပူ ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်း ကြားသိရပါတယ်။ အလားတူပဲ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံများ ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့တာကို ဆန့်ကျင်ရှုတ်ချ ကြောင်း ဝေဖန် ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဟာ နိုင်ငံအချင်းချင်းအကြား လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစားရေး အခြေခံမူအတိုင်း တစ်သွေမတိမ်း လိုက်နာ ကျင့်သုံးသွားသင့်ကြောင်း လာအိုဝန်ကြီးချုပ်က အာဆီယံထိပ်သီး ဆွေးနွေးပွဲမတိုင်မီမှာ ထုတ် ဖော် ပြောကြား ခဲ့ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ အနောက်အုပ်စုများက ကျွန်တော်တို့ နိုင်ငံကို သွားပုပ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲမှုတွေလုပ်ပြီး စီးပွားရေးပိတ်ဆို့မှု နည်းလမ်းနဲ့ ဖိနှိပ် ရန်စလာတာ ကြာခဲ့ပါပြီ။ ဒါကျွန်တော်တို့ ပြည်သူတွေအားလုံးကို ရန်စတာ၊ နိုင်ငံတော်ရဲ့ အေးချမ်းသာယာတည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးမှုတွေကို တုံ့ဆိုင်းရပ်တန့်သွားအောင် သက်သက်မဲ့ အနိုင်ကျင့်တာဖြစ်ပါတယ်။သူတို့သမ္မတ ကတော် လော်ရာဘွတ်ဒ်ကလည်း သူ့ဟာသူ အေးအေးမနေဘဲ နားမလည်ပါးမလည်နဲ့ နိုင်ငံတော်ကျင်း ပခဲ့တဲ့ ၂၀၀၇ခုနှစ် နှစ်လည် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ရှောင်ရှားကြဖို့ နိုင်ငံတကာကျောက်မျက် ရတနာ ကုမ္ပဏီများကို တိုက်တွန်းကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့စကား ဘယ်သူမှနားမထောင်ပဲ နိုင်ငံပေါင်း (၁၅)နိုင်ငံက ကုမ္ပဏီ(၁၅၈၃)ခုက ပြည်ပရတနာကုန်သည်ပေါင်း (၂၂၆၁)ဦးလာရောက်ခဲ့ပြီး ကျောက်မျက်ရတနာများ လေလံ ဆွဲဝယ်ယူခဲ့ ကြပါတယ်။ ဒီကြားထဲ ကနေဒါ ကလည်း သံယောင်လိုက်၊ ဥရောပဘုံဈေး အဖွဲ့ကလည်း ဆရာကြီးရဲ့ အကြိုက်ကို လိုက်နဲ့၊ သူတို့နိုင်ငံ တွေနဲ့ ကမ္ဘာ့ ပုလိပ်ကြီး ဆက်ဆံရေး ကောင်းအောင် မျက်နှာချို သွေးကြပြီး ကျွန်တော်တို့နိုင်ငံကို စီးပွားရေး ပိတ်ဆို့ မှုတွေ လုပ်လာ ပါတယ်။

ကျွန်တော့် အမြင်ကတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားတိုင်းစားရေး ၊ ၀တ်ရေး ၊ နေရေး ဖူလုံ လောက်အောင် သဘာဝသယံဇာတ အရင်းအမြစ်တွေ၊ ထုတ်လုပ်မှုစွမ်းအားတွေ အပြည့်အ၀ ရှိပြီး သားပါ။ ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ ကမ္ဘာ့ပုလိပ် ဦးဆောင်တဲ့ အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြ တဲ့ ကမ္ဘာ့နိုင်ငံတွေ အများကြီးပါပဲ။ သူနဲ့အနီးကပ်ဆုံး ကျူးဘားကို နှစ်ပေါင်း(၄၀)ကြာအောင် ပိတ်ဆို့ လာတာ ခုထိ ဘာအောင်မြင် သေးလို့လဲဗျာ။ ကျူးဘားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု စွမ်းအားက ဒါတွေကို ကျော်လွှား နိုင်ခဲ့တာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ ပြည်သူလူထုတွေ အားလုံးကိုလည်း အရေးကြီးပြီ၊ သွေးနီးကြစို့လို့ တပ်လှန့် နှိုးဆော်ချင်ပါတယ်။

Thursday, November 22, 2007

ကိုလ်ကတ္တားမြို့တွင် အဓိကရုဏ်းဖြစ်ပွား

ကိုလ်ကတ္တားမြို့တွင် အဓိကရုဏ်းဖြစ်ပွား

၂၀၀၇ နိုဝင်ဘာ ၂၂

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၌ ဗုဒ္ဓဟူးနေ့က ပြည်သူ ထောင် ပေါင်း များစွာ တို့က အကြမ်းဖက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သဖြင့် ပြည်နယ် အစိုးရ မာ့စ်ဝါဒီသမား များက၊ အကြမ်းဖက်မှုအား နှိမ်နှင်းရန် အိန္ဒိယ စစ်တပ်အား အကူအညီတောင်း ခံခဲ့သည်။ ကွန်မြူနစ်ဝါဒီများ အုပ်စိုးသော၊ အနောက် ဘန်ဂေါပြည်နယ် ၏ အချက်အချာမြို့တော် ကိုလ်ကတ္တားတွင် မွတ်စလင် အများစုပါဝင်သော ဆန္ဒပြသမား ၅၀၀၀ ခန့်နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုကြောင့် လူတစ်ဦး သေဆုံး၍ ၃၆ ဦး၊ ဒဏ်ရာ ရရှိခဲ့ပြီး၊ ဆန္ဒပြသမား ၂၀၀ ကျော်အား ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ““ကိုလ်ကတ္တားမြို့ရှိ နယ်မြေလေးခုအား ည ၁၀ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရကာ ဖျူးအမိန့် ထုတ်ပြန် ထားသည်။ အနောက်ဘန်ဂေါပြည်နယ် မွတ်စလင် အများစုနေထိုင်ရာ Nandigram ခရိုင်တွင် အင်ဒိုနီးရှား Slim Group ကုမ္ပဏီက ရေနံဓါတုပစ္စည်းရှာဖွေရန် ဗဟိုချက်မ ဒေသအဖြစ် ရည်ရွယ်ထား သဖြင့်၊ မြေယာ များကို စွန့်လွှတ်ရန် မလိုလားသည့် ရွာသားများက၊ စီမံကိန်းကို စွန့်လွှတ်ရန် အိန္ဒိယအစိုးရအား ဖိအား ပေးသည့် အနေဖြင့်ဆန္ဒပြ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ဇန်န၀ါရီလ ကတည်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်း များကြောင့် ၃၄ ဦး သေဆုံးပြီး ဒေသခံများက အိုးအိမ် ထောင်ပေါင်းများစွာ စွန့်လွှတ်ထားရသည်။ ထိုအချိန်မှ စ၍ ဒေသခံများကတစ်ဖက်၊ ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့က တစ်ဖက်၊ အဆိုပါနယ်မြေအား ထိန်းချုပ်ရန် ပဋိပက္ခ ဖြစ်ပွား နေကြခြင်း ဖြစ်သည်။
(အေအက်ဖ်ပီ)

သမ္မတဘုရှိ၏ အကြံပေးအရာရှိ ရာထူးမှ နုတ်ထွက်

အမေရိကန် သမ္မတ ဂျော့ဂ်ျဒဗလျူဘုရှ်၏ အိမ်ဖြူတော် ထိပ်တန်းအရာရှိ အသိုင်းအ၀ိုင်းမှ အကြမ်းဖက်မှု တန်ပြန် နှိမ်နင်း ရေးနှင့် အမိမြေလုံခြုံရေး အကြံပေး အရာရှိ ဖန်တောင်ဆင် ရာထူးမှ နုတ်ထွက်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန် ကြေညာသည်။
ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာလ များအတွင်း အိမ်ဖြူတော် အထက်တန်း အရာရှိ အများအပြား ရာထူးမှ နုတ်ထွက် ခဲ့သည်။ ထိုအရာရှိများတွင် ရှေ့နေချုပ် အယ်လ်ဘာတိုဂွန် ဇာလေ့စ်၊ အိမ်ဖြူတော် ကောင်စီဝင် ဒင်ဘတ်လက်၊ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ တော်နီစနိုးနှင့် သမ္မတ၏ အထက်တန်း အကြံပေးအရာရှိ ကားလ်ရို့ဗ်တို့ ပါဝင်သည်။ အကြံပေးအရာရှိ ဖန်တောင်ဆင်သည် နောက်ဆုံးရာထူးမှ နုတ်ထွက်သော အိမ်ဖြူတော် အသိုင်းအ၀ိုင်းမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

Sunday, November 11, 2007

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ၏ ဆုတောင်း

သားတစ်ယောက် ထုဆစ်ပေးပါ။
အိုအရှင်
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ။ ဒီသားဟာ -
- အားနည်းနေချိန်မှာ သန်မာကြံ့ခိုင်တဲ့သူအဖြစ်ကို သိတဲ့သား ....
- ဂုဏ်ရှိရှိ ရှုံးနိမ့်ရချိန်မှာ မာနမကျိုး၊ ခါးမချိုးတဲ့သား ....
- အောင်ပွဲခံနိုင်ချိန်မှာ မ၀င့်မ၀ါဘဲ သိမ့်မွေ့ယဉ်ကျေးတတ်တဲ့သားမျိုး ဖြစ်စေ
ချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်......
- ဒီသားရဲ့ ညှပ်ရိုးဟာ ကျောရိုးရှိရမယ့်နေရာမှာ ရောက်မနေတဲ့သား..
- အရှင့်ကို ကောင်းစွာသိတဲ့သား ....
- သူကိုယ်တိုင် အသိပညာရဲ့ အုတ်မြစ်ကျောက်တုံး ဖြစ်မှုကို သိတဲ့သားမျိုး
ဖြစ်စေချင်ပါတယ်။
- သူ့ကိုပန်းခင်းလမ်းဆီမညွှန်ကြားဘဲ အခက်အခဲအမျိုးမျိုးကြားမှာ စွမ်းပကား
အပြည့်နဲ့ ရုန်းကန်လှုပ်ရှားရမယ့်လမ်းဆီသို့သာညွှန်ကြားဖို့ ပန်ကြားအပ်
ပါတယ်။
- အဲဒီနေရာက မုန်တိုင်းထဲမှာ မားမားမတ်မတ်နဲ့ ရပ်နိုင်ဖို့သင်ယူခွင့်လေးပေး
စေချင်ပါတယ်။
- မရပ်နိုင်ဘဲ ပြိုလဲကျဆုံးသွားသူတွေကို ကြင်နာသနားတတ်အောင် သင်ယူ
စေချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ................
- နှလုံးသား ကြည်လင်ပြတ်သားတဲ့သား ....
- ပန်းတိုင်မြင့်မားတဲ့သား .....
- အခြားလူတွေအပေါ်သြဇာညောင်းနိုင်ဖို့လမ်းရှာမတွေ့ခင်မှာသူ့ကိုယ်သူ သြဇာ
ညောင်းနိုင်တဲ့သား ....
- ရယ်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပေမယ့် ငိုနည်းကိုလည်း
ဘယ်တော့မှ မမေ့တဲ့သား ......
- အနာဂတ်ကာလထဲရောက်တော့မယ့် အတိတ်ကို တစ်ဆစ်တစ်ရံတောင် မေ့မပစ်
တတ်တဲ့သားမျိုး ဖြစ်စေချင်ပါတယ်။
ဒီအရည်အသွေးတွေအပြင်
- သူ့မှာဟာသဓာတ်ခံလေးလည်းရှိစေချင်ပါသေးတယ်။ဒါမှသူ့အတွက်ဘယ်တော့မှ
အလေးအနက်မထားပေမယ့် အများတကာအတွက် အလေးအနက် အမြဲထားတတ်
သွားမှာပါ။
- နှိမ့်ချတတ်တဲ့ သားတစ်ယောက်လည်း ဖြစ်စေချင်ပါသေးတယ် ....... ဒါမှ သူဟာ
....... စစ်မှန်သော ကြီးမြတ်မှုရဲ့ ရိုးစင်းခြင်း .........
....... အသိဥာဏ်ရဲ့ ပွင့်လင်းစိတ်ထား .....
....... ခွန်အားအစစ်ရဲ့ ပျော့ပျောင်းသိမ်မွေ့မှုတွေကို အမြဲသတိရနေမှာပါ။ .....
ဒီလိုသားမျိုး ပိုင်စိုးနိုင်သည့် အခါမှ `` ငါအချည်းနှီး အသက်ရှင်နေတာ
မဟုတ်ပါလား `` လို့ရေရွတ်ရဲတော့မှာပါ။

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ
အမေရိကန်တပ်မတော်

Saturday, November 10, 2007

ပေါက်တတ်ကရရေးထားစာ

“ငှက်ငယ်ဘဝ ပျံသင်စ များလှဖမ်းချင်သူ။ ကြောင့်ကြသွယ်သွယ်၊ ပျိုဖြန်းရွယ် ထို့နှယ်ပမာတူ”
(အပျိုဖြန်း)
“မိန်းမယောက်ျား မြင်ဖန်များ၊ သနားချစ်ကျွမ်းဝင်၊ ကျွန်ပင်ဖြစ်ငြား၊ မရှောင်ရှား၊ မေ့မှားတတ်ကြအင်”
(အပျိုစင်)
“ချစ်စိတ် ကြိုက်စိတ်၊ အပျိုစိတ်၊ ဖိနှိပ်မတားလျှင်။စိတ်ပင်ဖျက်ဆီး၊ အပျိုကြီး၊ ပျက်စီးကြဖို့ပင်”
(အပျိုကြီး)“
မီးဟူသမျှ ပူလောင်လှ၊ ကျွမ်းရကုန်အစင်။ထိုမီးဆယ်ဆ၊ ချစ်မီးက၊ ပြင်းလှလောင်ချက်ပင်”
(အပျိုဟိုင်း)“
ရေလာမြောင်းပေး၊ ပြောဆိုရေး၊ ရှုပေးဆင်ခြင်လျှင်။ မိန်းမပီပီ၊ပျို့ဂုဏ်ညီ၊ ခေါ်မည် ဣနြေ္ဒရှင်”
(ပျို့မာယာ)
ဓာတ်ပုံကိုပေး၊ ရယ်သွမ်းသွေး၊ စာရေးတတ်တဲ့ ပျို။ နောက်ဆုံးတစ်နေ့၊ ဒုက္ခတွေ့၊ ကျိတ်၍ ရှိုက်ကာငို။

ရေးသူ - အမည်မသိ

မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ

အလောင်းဘုရားအား
သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။
ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။

မှတ်သားမိသော စကားများ

ဒီအကြောင်းအရာရဲ့ ခေါင်းစဉ်က ဒီစာမှာပါတဲ့အတိုင်းဆိုရင် Rules for Being Human တဲ့။ လူအဖြစ်ကို ရမည့် လူတစ်ယောက် သိသင့် သိထိုက်တဲ့ အကြောင်းအရာအချို့ကို သြ၀ါဒပေးတဲ့ သဘောပါပဲ့။ အကြံဥာဏ်ပေးတဲ့ သဘောမျိုး၊ လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်။ မင်းလူ့ပြည်ကို သွားတော့မယ်။ မင်းလူ့ပြည်မှာ သိသင့်သိထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာတွေကို အခုကြိုးစားပြီးတော့ မှာလိုက်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ့။ အဲဒီအချက်တွေကတော့ .....
၁။ You will receive a body. You may like it or hate but it wills yours for the entire period this time around.
(သင်ဟာ ခန္ဓာကိုယ်တစ်ခု ရမယ်။ အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်း ကြိုက်မယ်။ မုန်းချင်လည်း မုန်းမယ်။ ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပါပဲ့။ )
၂။ You will learn lessons. You are enrolled in a full time informal school called life.
(ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေကို အများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀လို့ခေါ်တဲ့ သင်ရိုး သတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ။)
၃။ There are no mistakes, only lessons.
( အမှားမရှိပါဘူး။ သင်ခန်းစာတွေချည်းပါပဲ့။ )
၎။ In the long run we get what we deserve.
( ရေရှည်မှာ ကိုယ့်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။ )
၅။ learning lessons does not end.
( ပညာသင်တာ အဆုံးမရှိဘူး )
၆။ '' There '' is no better than '' here ''
( ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုမကောင်းဘူး )
၇။ Others are merely mirrors of your.
( သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ့။ )
၈။ What you make of your life is up to you .
(သင့်ဘ၀ကို သင်ဘယ်လိုလုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ့ မူတည်ပါတယ်။ )
၉။ Your answers lie inside you. The answer to your life's questions lie inside you.
(သင့်အတွက် သင့်အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ သင့်ဘ၀နဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ )
၁၀။ You will forget this.
( အခုလိုမှာလိုက်တာကို သင်မေ့သွားလိမ့်မယ်။ )

ဆရာတော်ဦးဇောတိက၏ '' ဘ၀ဆိုတဲ့ကျောင်း '' စာအုပ်မှ.......

Thursday, November 8, 2007

ပြည်သူ့အင်အား

တစ်ခါက ဘာစကားပဲ့ပြောပြော ပြည်သူ့အင်အား အကြောင်း မပါလျှင် မပြီးသော နိုင်ငံရေး သမားကြီး တစ်ဦးရှိလေသည်။

တစ်နေ့၌ ထိုနိုင်ငံရေးသမားနှင့် ဇနီး ၊ သားတို့သည် ညအိပ်ယာ ၀င်ကြစဉ်

သား။ အဖေကြီး .. အမေကြီး သားကို ညီမလေး တစ်ယောက် ချက်ချင်း မွေးပေးနော်

အဖေ။ ဟာ … အခု ချက်ချက်ကြီး ဘယ်လိုလုပ်လို့ ရမှာလဲ..

သား။ အဖေကြီးပဲ ပြောတယ်လေ… ပြည်သူ့အင်အားနဲ့ လုပ်ရင် ဘာမဆို ရတယ်ဆို..

အဖေ။ ဟိုက်.. သေရော…..

Wednesday, November 7, 2007

ပြန်ပါအမိရယ်

အသိအမြင် ပုံမမှန်သည့် အတွက်ရယ်ကြောင့်
အမိရင်ခွင် စုံကန်၍ ထွက်ခဲ့ပြီပေါ့
ညည့်လင်ကို ယုံရန်ဖြင့် ခက်လှပါသကွဲ
ဘုံပျံကနက်မှာတော့ ရှက်စဖွယ်။ ။
တစ်ပြည်သားကိုမှ
ရွှေပြားဂဟေဆော်၍
ဒွေးနှစ်ဖော် သံဝါညှိမိတာက
မပြေးသော် ကန်ရာရှိပီပဲ့
ပြန်ပါ့အမိရယ်တဲ့ ပြောကြတယ်။ ။
ဒို့ပြေ ဒို့မြေမှာ
ဒို့တစ်တွေ အခြေတည်တာက
ပဝေသဏီ ဟိုးရှေးရှေး အတိတ်သမိုင်း မတင်မီ ကတည်းကပါကွဲ့
ဒို့ဘိုးဘေးဘီဘင်တွေ စိတ်ပိုင်းရုပ်ပိုင်း ညီညာစွာနဲ့
ပြည်မြန်မာ တည်ကာဆောက်နိုင်ခဲ့
မသတီစရာ ၀င်လာနှောင့်သူက
အနောက်ကုလားဖြူတစ်စုဟာ ၀ရုန်းသုန်းကားနဲ့
သူဖုန်းစား ခွက်ပျောက်သလို
အမုန်းတရားနဲ့ မရှက်မကြောက် သူတမင်လီဆယ်
အိုကွယ် .. ကုန်းစကား တစ်ဝက်တစ်ပျက်နဲ့ သူအလွန်ပလီတယ်
မဒီကေသွယ်ကတော့ ထင်မှတ်မှား ။ ။
သိလျက်နှင့်ပင်
ဝိပါက် ကြမ္မာငင်တော့
ဥာဏ်ကြီးရှင် အယူမှောက်ပါပေါ့
အသူတရာ ချောက်မှာ ကျချက်နာပါဘိ
ဘ၀တစ်သက်တာနော်ဗျာ အပြီးအပိုင်သာမှတ်လိုက်ပါတော့
(အမယ်မင်း အမိုက်မရေ )
အဘအတွက်မှာတော့ ပုတီးကိုင်လျက်က
အထပ်ထပ်အခါခါ သနား..