ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Sunday, December 30, 2007

“ ရသ ” ပျက်ရခြင်း အကြောင်း ...

ကျွန်တော်လဲ အလုပ်မအားသေးလို့ အသစ်တွေ မတင်ဖြစ်သေးဘူး .. လောလောဆယ် ကျွန်တော် သူငယ်ချင်း ပြည်ခေတ္တရာသား ရဲ့ လက်ရာလေးကို ခံစား လိုက်ကြပါအုံး ....

“ ရသ ” ပျက်ရခြင်း အကြောင်း ...


ဒီဇင်ဘာမနက် သိပ်အေးလွန်းတဲ့ အတွက် ၊ သောင်းကျော်တန် ကော်ဖီတစ်ခွက်နဲ့ ၊ သိန်းလေးဆယ်ကျော် laptop ရှေ့မှာ (ကြွားတာနော်… ကြွားတာ…) ကမ္ဘာရွာပြားကြီး အရပ်သို့ ၊ ဖိနပ်မပါပဲ ငါနင်းဖြတ်ခဲ့တယ်….။
လေ့လာချင်စဖွယ် internet ပေါ်ဝယ် ၊ ကြားမြင်သုတ international news နဲ့တကွ ၊ ဖြစ်ကြောင်းကုန်စင် ဤကမ္ဘာမြေတခွင် ၊ မှတ်သားဖွယ်ရာ online ပေါ်မှာ ၊ ကြည့်ရှု့တိုးပွား သုတများကာ ၊ ကျင့်ကြံကြိုးကုပ် အားထုတ်နေရမယ့် အစား ၊ သောက်မှတ်မရှိတဲ့ ငါ့အကြည့်က ၊ ဘလော့တွေဆီပဲ ရောက်မိတယ် ….။
ဘလော့တွေ လျှောက်ကြည့် ၊ ဘာတစ်ခုမှ သောက်ဖြစ်မရှိ (ကျုပ်မပါဘူးနော်…) ကိုယ့်ကိုကိုယ် အဟုတ်ထင် ၊ စိတ်အလိုမကျ မပုတ်ချပြီး ၊ ပြဿနာကို အဖြေမရှာ ၊ ပုဂ္ဂိုလ်ရေးတွေ ဆဲလာ ၊ ဒီတော့ကျုပ်က ၊ ပေါက်ကွဲဒေါသ စိတ်အချဉ်ပေါက်ရ ၊ ကဲချင်လေသမျှ ကျုပ်မဆဲတတ်တော့ ကဗျာပဲဆပ်ရတာပေါ့ ၊ ဘလော့တွေက အချိုးမပြောင်း ကျုပ်မတော့အာညောင်း ၊ မုန်းစရာကောင်းတဲ့ ဒီမိုကရေစီအကြောင်း ၊ ဘလော့တကာမှာ တွေ့လေတော့ ကျုပ်ပြောရပြီပေါ့…။ (အဟမ်း…. အဟမ်း….)
ဒီမိုကရေစီဆိုတာ ပြည်သူတွေပါမှပါ ၊ ပြည်သူတွေမပါသ၍ ဒီမိုကရေစီဝေလာဝေး ၊ မူးကြောင်ကြောင်နဲ့ ဘလော့တွေ လျှောက်ရေး ၊ ပြည်သူတွေနားနဲ့ဝေး ၊ မင်းတို့လုပ်တဲ့ မီဒီယာ ၊ ပြည်သူတွေ အပျင်းပြေစရာ ၊ နားကလော်ယုံမှတစ်ပါး ၊ ပြည်သူတွေဝမ်းရေး ခက်လို့ ဘယ်မှာနိုင်ငံရေးလုပ်လဲ ၊ ပြည်သူတွေ နိုင်ငံရေး လုပ်ဖို့အရေး ၊ မင်းတို့ဒေါ်လာတွေ လာဝေပေး (ဒါဆိုငါလည်း လုပ်မယ်ဟေး…) ဒင်းတို့သွေးရူး သွေးတန်း လမ်းမပေါ်တက် သေးပန်းလဲ ၊ ဒီမိုကရေစီ ရမှာမဟုတ် ၊ မင်းတို့ဘလော့ပေါ် လက်စွမ်းပြ သေတောင် ဒီမိုကရေစီမရ ၊ သုံးမရတဲ့ထုံးနဲ့ နှလုံးမူချနေလို့ကတော့ ၊ မင်းတို့မသာပေါ်ယုံပေါ့…။ မင်းတို့ခေါ်တဲ့ နအဖ ၊ ရှစ်ဆယ့်ရှစ်ကို ကိုင်တွယ်ပြခဲ့တာ ၊ မသိလေရော့သလား ၊ ငယ်သေးလို့ မမှတ်မိရင် ၊ သမိုင်းကိုပြန်ကြည့် ၊ ဒါနဲ့များ လာလာချီသေး ၊ “ရွှေဝါရောင်တော်လှန်ရေး” ၊ မင်းတို့အဖေတွေက ပျင်းတောင်ပျင်းသေး ၊ ရွှေဝါရောင်မကလို့ စိန်ပြာရောင်လာလဲ ၊ ရိုင်ဖယ်ကိုတော့ မနိုင်ပေါင်…။
မင်းတို့သုံးတဲ့ ဂျင်ကလိနဲ့ ရိုင်ဖယ်ကျဉ်ကို လာမတုနဲ့ ၊ သောက်ရူးဖြစ်သွားမယ် ၊ ခုဘလော့ပေါ် ကြိုက်သလောက်ရမ်း ၊ ဒီမြေပေါ်လာမသရမ်းနဲ့ ၊ စစ်ဖိနပ်နဲ့ မျက်နှာအပ်မိမယ် ၊ မင်းတို့ကိုးကွယ်တဲ့ ခွပ်ဒေါင်း ၊ ရိုင်ဖယ်ကျဉ်အကြောင်း သိပါတယ်။ ဒီမယ် ဒေါင်းစုတ် ၊ သရဲကောင်း မလုပ်နဲ့ ၊ ရိုင်ဖယ်နဲ့တွေ့ရင် ၊ လဒကင် ဖြစ်မယ်။ စစ်ဖိနပ်အောက် ဒေါင်းမွေးမကပ်ရအောင် ၊ ဂျောင်ကပ်ပြီးလဲ မကုပ်နဲ့ ၊ ( H5N1 ) တုပ်လိမ့်မယ် ။ အီရတ်ကို အားကျ ၊ အမေရိကန်လာချမှ ဒီမိုကရေစီရမယ့် အိမ်မက် ၊ မင်းတို့ဒီတစ်သက် သေတောင်မမက်နဲ့။ ရှေးမူကိုမပြောင်း ၊ ဒီအတိုင်း ဂျောင်းနေလို့တော့ ၊ ထပ်စောင့်လိုက် အနှစ်(20) ၊ မင်းတို့မငယ်ပါဘူး.....။
ကျုပ်သဘော အမှန်ကိုပြောရလျှင် ၊ အကျိုးမရှိတဲ့ ခုလုပ်ရပ် ရပ်တန်းကရပ်လို့ ၊ အစိုးရနဲ့ပူးပေါင်း ဒီနိုင်ငံကောင်းစားရေး ၊ စေ့စပ်ကြောင်းလမ်းပေးပြီး ၊ ပြည်သူတွေအကျိုး အစွမ်းရှိသယ်ပိုးလို့ ၊ ကိုယ်လိုရာဆန္ဒ ၊ ပြည့်ဝအောင် လုပ်ပါလား။ ဒီလိုမလုပ် ခုလိုရှုပ်နေရင် ၊ အစိုးရနဲ့ မလိုက်လျှော ငြင်းဆန်ကော နေမယ့်အစား ၊ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီအိမ်မက် ၊ မြင်မက်ခွင့်ရရေး ၊ အစိုးရကို မျက်နှာချိုသွေး ၊ သူတို့အလိုကျ လုပ်မပြနိုင်ရင်တောင်မှ ၊ သူတို့ကြည်ဖြူဖို့အရေး မင်းတို့ကြံဆတွေးလို့ ၊ မေတ္တာသုတ်သာ ရွတ်နေပါ…။
-
ခုတော့ငါပြောမကောင်း ၊ ဒီဆောင်းမနက်ရဲ့ ၊ သောင်းကျော်တန် ကော်ဖီတစ်ခွက် ၊ ဒင်းတို့ကြောင့် အရသာပျက်ရပြီ…..။ ( သွန်ပစ်လိုက်ပြီ … ဟီးဟီး )

Tuesday, December 18, 2007

ငါ့နောက်မပါသူ ငါ့ရန်သူ

ယနေ့နိုင်ငံတကာ အခြေအနေကို လေ့လာပါက တစ်ဦးတည်းသော မဟာအင်အားကြီး (Solo Super Power) နိုင်ငံမှ မဟာအင်အားလွန် နိုင်ငံ (Hyper Power) အဆင့်သို့ တက်လှမ်းနေသည့် အမေရိကန်သည် တစ်လောကလုံး အရေးသည် ၄င်း၏ အရေးဟု မှတ်ယူကာ မည်သည့် နိုင်ငံတကာ ဥပဒေ ၊ ပြဌာန်းချက်၊ စာချုပ် စာတမ်းများကိုမှ အလေးမထားဘဲ မလိုလျှင် မလိုသလို အင်အားသုံး ပါဝင်စွက်ဖက်ကာ ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ( Hegemonism ) ကိုလက်ကိုထားပြီး ( Unilateralism ) ၀ါဒဖြင့် ကမ္ဘာ့စစ်ပုလိပ်ကြီးသဖွယ် လက်ဝါးကြီးအုပ်စိုးကာ ထင်တိုင်း ကြဲနေလျက် ရှိပါသည်။ ကျန်ကမ္ဘာ့နိုင်ငံ အများစုကမူ ဒွိ မဏ္ဍိုင်စနစ် ( Biplarity) ပျက်သုံးသွားပြီးနောက် ဗဟုမဏ္ဍိုင်စနစ် ( Multipolarity ) ဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လိုကြပါသည်။

အမေရိကန်တို့သည် အထက်ဖော်ပြပါ အန္တိမရည်မှန်းချက်ကို ဖော်ဆောင်ရန် ၄င်းတို့၏ အမျိုးသား ကာကွယ်ရေး မူဝါဒ (၃)ရပ်ကို ချမှတ်ခဲ့သည်။ ပထမဆုံးအချက်မှာ ပုံဖော်ခြင်း (Shape) ဖြစ်သည်။ ပုံဖော်သည် ဆိုရာတွင် နိုင်ငံတကာနှင့် လိုက်လျောညီထွေမှု တည်ရှိနေရန် ပုံဖော်သည်ဟု ဆိုသော်လည်း အမှန်စစ်စစ် အမေရိကန် အလိုကျ ပုံဖော်ခြင်းသာ ဖြစ်ပါသည်။ ဒုတိယအချက်မှာ တုန့်ပြန်ခြင်း ( Respond) ဖြစ်ပြီး ကမ္ဘာ့ခြိမ်းခြောက်မှု အန္တရာယ်အသွယ်သွယ်ကို လက်မနှေးတု့န်ပြန်ခြင်း ဖြစ်သည်။ ၄င်းမှာလည်း အမေရိကန် အလိုမကျမှုများကို အရေးယူ ဆောင်ရွက်သည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။ နောက်ဆုံး အချက်မှာ ပြင်ဆင်ခြင်း ( Prepare) ဖြစ်ပြီး မျှော်မှန်း၍ မရနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အေးလွန်ကာလတွင် ၄င်းတို့ ကျင့်သုံးခဲ့သည့် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းကို ထိန်းချုပ်သည့် မူဝါဒသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အသုံးမတည့်တော့သည့်အခါ အမေရိကန်သည် လွတ်လပ်သည့် စီးပွားရေးစနစ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံများ တိုးတက်ပြန့်ပွားရန် အားပေးကူညီရေး ဟူသည့် နိုင်ငံခြား ရေး မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှု ကမ္ဘာ့ရှေ့ပြေးနေသည့် အမေရိကန် နိုင်ငံသည် လွတ်လပ်သည့် ဒီမိုကရေစီ ၀ါဒီများ ဖြစ်သည်နှင့်အညီ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း ညာတာထောက်ထားမှု အစရှိသည့် အတွေးအခေါ် အယူအဆများကို အသက်သွင်းပေးလျက် ကမ္ဘာကြီး၏ စစ်ပုလိပ် ( Global Police Man ) သို့မဟုတ် ကမ္ဘာ့အုပ်ချုပ်ရေးမှူးကြီး ( Global Governor ) အဖြစ် ရပ်တည် ဆောင်ရွက်လာခဲ့ပါသည်။

““ ကမ္ဘာတွင် မည်သည့်နေရာ ဖြစ်စေ ၄င်းတို့၏ လူသားချင် ညှာတာထောက်ထားမှု ရှုဒေါင့်မှ ကျူးလွန်ပါက အမေရိကန်သည် အင်အားအသုံးပြုလျှက် ကာကွယ်တားဆီးရေး ဆောင်ရွက် ရမည်ဟူသော မူဝါဒ အတိုင်း ဆိုမာလီ၊ ဆူဒန်၊ ဟေတီ၊ ကိုဆိုဗို၊ အီရတ် အစရှိသည့် အရေးအခင်းတွင် စစ်အင်အားကို အသုံးပြုကာ ၀င်ရောက် စွက်ဖက်ခဲ့ပါသည်။ ကမ္ဘာ့တစ်ဝန်းတွင် သြဇာပြန့်ကျက်ရေးနှင့် ၄င်းတို့၏ သြဇာမနာခံ သူများအား ပြစ်ဒဏ်ခတ်ရေးကို ဆောင်ရွက်ရာတွင် ယင်းတို့၏ စံနှုန်းများကို ကမ္ဘာစံနှုန်းအဖြစ် နေရာတိုင်း တိုင်းတာကာ လိုရင် လိုသလို၊ မလိုရင် မလိုသလို ပြုကျင့်လာခဲ့ပါသည်။ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးမည့် ကုလ သမဂ္ဂကြီးပင်လျှင် အမေရိကန်၏ လက်ကိုင်တုတ်သဖွယ် ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်းလုံး လက်ဝါးကြီးအုပ် စိုးမိုး ချယ်လှယ်ဗိုလ်ကျမှုသည် ထိန်းမနိုင်၊ သိမ်းမရအောင် ဖြစ်နေခဲ့ပါသည်။

ထိုကဲ့သို့ ဗိုလ်ကျစိုးမိုးရေး ၀ါဒကို ကျင့်သုံးလာသော အမေရိကန်သည် တစ်ဖက်မှလည်း ၄င်းတို့၏ အကျိုးစီးပွားကို ဆန့်ကျင်အကြမ်းဖက် တိုက်ခိုက်လာသည့် ခြိမ်းခြောက်မှု မှန်သမျှကို ဟန့်တားရန်နှင့် ချေမှုန်း ရန်မှာ အမေရိကန် တပ်ဖွဲ့ရဲ့ အခြေခံစည်းမျဉ်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်တို့သည် နိုင်ငံတကာ ပတ်ဝန်းကျင် လုံခြုံရေးကို လွှမ်းမိုးထားရန်နှင့် အကျိုးစီးပွားကို ထိခိုက်လာနိုင်မည့် အရေးကိစ္စမှန်သမျှကို ထိရောက်စွာ လက်တုန့်ပြန်ပြီး မသေချာသော အနာဂတ်အတွက် ပြင်ဆင်ရန် အထက်ဖော်ပြပါ ကာကွယ်ရေး မဟာဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လက်ရှိ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရ့် အယူဝါဒဖြစ်သော “ Either you are with us, or you are with the terrorists “ ““ ငါ့နောက်မပါ ငါ့ရန်သူ ”” သည် ကမ္ဘာတတိယ နိုင်ငံများ အတွက် စိုးရိမ် တုန်လှုပ်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။

Monday, December 10, 2007

ဒိုင်လူကြီး မရှိသော ဘောလုံးပွဲ


ယနေ့ ဘောလုံးပွဲများကို ကမ္ဘာတစ်ဝန်းလုံးမှ စိတ်ပါဝင်စားလျက် ရှိကြသည်ကို တွေမြင်ကြရ ပါသည်။ ထိုကမ္ဘာ့ဘောလုံးပွဲများကို ကမ္ဘာ့ဒိုင်လူကြီးများကလည်း စနစ်တကျ ကွပ်ကဲအုပ်ချုပ်လျက် ရှိကြသဖြင့် ဘောလုံးပွဲ ပွဲစဉ်များမှာ အလွန်ပင် ကြည့်ကောင်းလျက် ရှိကြသည်ကိုလည်း တွေ့မြင်ရပါသည်။

ပင်လယ်ကွေ့ရှိ အီရတ်စစ်မြေပြင်မှ ဘောလုံးပွဲများမှာကား ကမ္ဘာ့ဘောလုံးပွဲများကဲ့သို့ မည်သူ တစ်သီးတစ်ယောက်ကမျှ ကြိုက်နှစ်သစ်ခြင်းမရှိ၊ အုပ်ထိန်းရန် ဒိုင်လူကြီးများကလည်း တစ်ဦး တစ်ယောက်မျှ မရှိသဖြင့် သွေးချောင်းစီးပြီး အရိုးများ တောင်လိုပုံကာ အနိဌာရုံ စစ်ပွဲကြီး တစ်ခု ဖြစ်နေသည်ကိုသာ တွေ့ရပါသည်။

ထိုဒိုင်မရှိသော ပွဲမှာ ပင်လယ်ကွေ့ဒေသမှ အမေရိကန်နှင့် အီရတ်တို့၏ စစ်ပွဲသာ ဖြစ်ပါသည်။ ကမ္ဘာကုလသမဂ္ဂသည် ကမ္ဘာကို ပြုပြင်ထိန်းသိမ်းရသော ဒိုင်လူကြီး တစ်ဦးဖြစ်ပါသော်လည်း ထိုပွဲကို လက်ရှောင်၍ နေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ပါသည်။

စစ်ပွဲဆိုသည်မှာ ကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာရမှသာ ပေါ်ထွက်ရစမြဲ ဖြစ်သော်လည်း ယခု အီရတ်စစ်ပွဲမှာမူ မည်သူ့ကိုမျှ ဂရုမစိုက် ဗိုလ်ကျကျူးကျော်သော စစ်ပွဲဖြစ်ပြီး သိန်းဂဏန်းမကသော လူသားတို့သည် ထိုစစ်ပွဲတွင် အတုံးအရုံး ကျဆုံးခဲ့ကြရပီး ဖြစ်ပါသည်။ ထိုအီရတ်စစ်ပွဲကြီး ပြီးဆုံးရန် မှာလည်း အရိပ်အရောင်မျှပင် ပေါ်ပေါက်ခြင်း မရှိသေးပါ။

ဤကဲ့သို့ပင် ကမ္ဘာကြီးတွင် လက်ဦးသူက မတော်မတရား ကျူးကျော်သည့် စနစ်ကို သုံးစွဲလျက် ရှိနေပြီ ဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိတို့ နိုင်ငံကို မိမိတို့ကပင် လုံခြုံအောင် အဘက်ဘက်မှ ထိန်းသိမ်းပြီး ထိုကျူးကျော်သူများ မပေါ်ပေါက် လာနိုင်စေရန်နှင့် ကျူးကျော်မှုများ ပေါ်ပေါက် လာပါကလည်း ကာကွယ်နိုင်ကြရန် ကြိုတင်ပြင်ဆင်မှုများ လိုအပ်လျက် ရှိနေပြီ ဖြစ်ပါသည်။

Thursday, December 6, 2007

ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော်

၂၀၀ရ စက်တင်ဘာလ အရေးအခင်း မဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့နောက် သတင်း site တွေ၊ blog တွေကို ဖတ်ကြည့် မိလိုက်တော့ အစိုးရ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ အမျိုးမျိုး ထွက်ပေါ်လာတာ တွေ့ရ ပါတယ်။ ဒီအဖွဲ့အစည်း တွေရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူအခွင့်အရေး ဆိုပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဖွဲ့ပြီး မကြာခင်မှာပဲ အဖွဲ့တစ်ချိွု့ဟာ အထောက်အပံ့ရရှိရေး၊ ငွေကြေး အကူအညီရရှိရေး အတွက် ကင်ပိန်းတွေ အမျိုးမျိုးလုပ်ပီး တစ်ဖုံ၊ မော်တော်ကား တစ်စီးနဲ့ အလှူခံလို့ တစ်နည်း၊ UN ကို စာပို့တဲ့နည်းက တစ်ဖုံနဲ့ အနောက် နိုင်ငံတွေကနေပြီး တစ်စာစာနဲ့ စောင့်မျှော် တောင်းခံနေပြီး ဒီမိုကရေစီ အသွင်သဏ္ဍာန်၊ နိုင်ငံရေး အသွင်သဏ္ဍာန်နဲ့ စီးပွားဖြစ် လုပ်ဆောင် နေကြတာကို တွေ့ရပါတယ်။ ဒီလို ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားဖြစ် လုပ်ဆောင်နေကြတဲ့ လူတစ်ချို့တွေနဲ့ အဖွဲ့ တစ်ချို့ အတွက် ကျွန်တော် အနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ကိံသုကောပမသုတ် ( ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော် ) ဆိုတဲ့ တရားလေးတစ်ပုဒ်ကို နာယူမှတ်သား ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်။

ကိံသုကောပမသုတ်
( ပေါက်ပင်ခွေးမျှော် ဘေးကြီးပေါ် တရားတော် )

ယထာပိ ပုပ္ဖတံ ဒိတွာ ၊ သိင်္ဂါသေလာ ကိံသုကံဝနေ၊
မံသရုက္ခော၊ မယာလဒ္ဓေါ၊ က္ကတိဂန္တန ဝေဂသာ

ယထာပိ - သင်တို့တစ်တွေသည် ၊ ၀နေ - တောကြိုင်ကြီးထဲ၌ ၊ သိင်္ဂါလော - တောမှာ ကျက်စား ပျော်ပါးနေသည့် မြေခွေးသည်၊ ပုပ္ဖတံ - တစ်ပင်လုံး နီရဲရဲ ပွင့်၍ နေသော၊ ကိံသုကံ - ပေါက်ပင်ကြီး ကို ၊ ဒိသွာ - အစာရှာဖွေရန် သွားရင်းလာရင်း ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသည်။ ပေါက်ပင်က တစ်ပင်လုံး ရဲရဲနီ ပေါက်ပွင့်တွေကို အမဲသားငါးတွေလို့ မြင်သည်။ ထိုသို့ မြင်လိုက်ရသည်နှင့် မြေခွေးက၊ မယာ - ငါသည်၊ မံသရုက္ခော - အသား သစ်ပင်ကြီးကို၊ လဒ္ဓေါ - ကံကောင်းထောက်မ၍ ငါရလေပြီဟု ၀မ်းသာလျက်ရှိပြီး၊ က္ကုတိ - ဤသို့ တွေးပီး စိတ်ကူးယဉ်ကာ ၊ ဝေဂသာ - အဟုန်အမြန်ဖြင့်၊ ဂန္တန - သစ်ပင်အနီးရောက်အောင် ပြေးသွားခဲ့ပြီး ပေါက်ပင်ပေါ်၌ ပွင့်နေသော ပေါက်ပွင့်များကို မခုန်နိုင်၊ မခူးနိုင်သောကြောင့် သစ်ပင်အောက် ဆောင့်ကြောင်ထိုင်ပြီး မျှော်နေခဲ့ ပါသည်။ ပေါက်ပွင့်ခွေးမျှော် ဆိုသည့်အတိုင်းပင် အသားတစ်များကို စားလိုက်ရပါက အဘယ်မျှ အရသာ ရှိလိုက်မလဲဟု တွေးတော စိတ်ကူးယဉ်ပြီး အပင်အောက်မှာ ထိုင်မျှော်နေပါသည်။

ပတိတံ အတိကံ ပုပ္ဖံ ၊ ဍံသိတွာ အတိလောလုပ္ဖေါ။
နယိဒံ မံသံ အဒုံ မံသံ ယံ ရုက္ခသ္မိ န္တိ ဂဏှာဟိ။

ပတိတံ အတိတံ ပုပ္ဖံ - လေတိုက်၍ တဖုတ်ဖုတ်ကြွေကျလာသော ပေါက်ပွင့်များကို ၊ ဍသိတွာ - ပြေး၍ ကိုက်ပြီးသည်ဖြစ်၍၊ အတိလောလုပ္ဖေါ - အလွန်လောဘကြီးသော ၊ သိင်္ဂါလော - မြေခွေးသည် ၊ ဍံတံတွာ - ကိုက်စားလိုက်ပြီးသည့် နောက်တွင် ၊ က္ကုဒံ - ယခု ကြွေကျလာ၍ ကိုက်စား လိုက်သော အရာဝတ္ထုသည် ၊ နမံသံ - အသားတစ်မဟုတ်သေးပါ၊ ရုက္ခသ္မိံ- သစ်ပင်ကြီးပေါ၌ ၊ ယံ - ရဲရဲနီနေသော အရာဝတ္ထု တို့သည်၊ အတ္တိ - ရှိနေ သေး၏ ။ အဒုံ - ထိုသစ်ပင်၌ ရှိနေသော အရာဝတ္ထု သည်သာလျှင် ၊ မံသံ - အင်မတန် အရာသာရှိသည့် အသားတစ် အစစ် ဖြစ်ပေသည်။ က္ကုတိ - ဤသို့ ဂဏှာဟိ - မှတ်ထင်တွေးတာ ပေါက်ပွင့်များကို ဆက်၍ မျှော်နေရှာလေသည်။

ယခင်ကကဲ့သို့ ပေါက်ပွင့်ကြွေလိုက်၊ ကောက်စားလိုက်နှင့် အကြိမ်ကြိမ် ကြွေကျ၊ အကြိမ်ကြိမ် ကောက်စားနေသော်လည်း အသားတစ်မဟုတ်သေး၊ သစ်ပင်ပေါ်မှာ ကျန်နေသေးသည့် အရာများက အသားတစ် အစစ်ဟု ထင်မှတ်၍ စောင့်မျှော်ရင်းဖြင့် အားမရသေး၊ နောက်ထပ်ကျလာတဲ့ အရာမှ အသားတစ် အစစ်ဟု ဆိုကာ ဆက်၍ ဆက်၍ မျှော်ရင်းဖြင့် အချိန်ကုန်ကာ မိုးချုပ်သွားလေသည်။ ညမှောင်၍ ကျား၊ ကျားသစ်၊ ခြင်္သေ့ တို့ အစာရှာထွက်လာသည်နှင့် အသေဆိုး၍ သေဘေးဒုက္ခ ရောက်ကြရပေတော့သည်။ (သာဓု-သာဓု-သာဓု)

မောင်ဒိုင်း အတွက် ဆုံးမစာ

ပြောလိုက်ပြန်ရင်လည်း စွာကျယ်၊ စွာကျယ်၊ မထိခလုတ်၊ ထိခလုတ်၊ စောင်းသလို၊ ချိတ်သလို၊ ကလိသလို၊ ရိသလို၊ ခနဲ့သလို၊ ရွဲ့သလိုနဲ့ အဆီအနှစ်မရှိ သိမ်ဖျင်းတာတွေ၊ အကျိုးယုတ် စေနိုင်တာတွေကို ပြော၊ လုပ်သမျှကလည်း အမြီးအမောက် မတည့်၊ ဖီလာ ကန့်လန့်၊ တစ်ဇောက်ကန်၊ တစ်ဇွတ်ထိုး၊ ဆင်ခြင်တုံတရားမရှိ၊ စိတ်ထားကလည်း ငါနဲ့ ငါ့အတွက်က လွဲရင် ကျန်တာ ဘာဖြစ်ဖြစ်၊ ဘာကိုမှ အကောင်းမမြင် နိုင်တဲ့ မောင်ဒိုင်း အတွက် လယ်တီဆရာတော် ဘုရားကြီး၏ ဆုံးမစာ-

ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော
ဂင်္ဂါသဲမျှ ၊ ပွင့်ကုန်ကြသား
ဘုရားသာသနာ ၊ ခေတ်အခါဝယ်
လူ့ရွာနတ်၌ ၊ နင်ကြုံကြိုက်လည်း
အမိုက်မခြွေ၊ အလိုက်နေ၍
အခြေအကြီး ၊ အချည်းနှီးလျှင်
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်
သန်းခေါင်လကွယ်၊ တောအုပ်လည်၌
ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည့်
မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား
အမိုက်အပြား ၊ အင်လေးပါးထက်
နင်ကားရာထောင်၊ မကမှောင်၏ ။
လူ့ဘောင်လူရွာ၊ သာသနာ၌
ကြမ္မာတော်၍ ၊ ယခုတွေ့လည်း
အလေ့မလွဲ၊ အများနည်းလျှင်
မိုက်မြဲနှင်နှင် ၊ မိုက်စရွှင်၏ ။
မျက်မြင်လောက ၊ ဤဘ၀ကား
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏ ။
သေမင်းအစာ၊ နင့်ခန္ဓာကို
တဏှာဘီလူး၊ အမှောင့်ပူး၍
အရူးပြင်ပြင် ၊ နင့်ကိုထင်၏ ။
နင်နှင့်မဆိုင် ၊ နင်ပိုင်မဟုတ်
နင့်ရုပ်နှင့် နာမ်၊ နင့်သဏ္ဍာန်ကို
နင့်ဥာဏ်မစူး၊ အပေါ်မြူ၍
မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ
အာရုံဝတ္ထု၊ မီးစာစုကို
မှုမှုရရ၊ နင်အားကျလည်း
ဓားပြသေမင်း၊ သူ့လက်တွင်းက
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်
ပြာပုံအပြီး ၊ ဖြစ်လုနီးပြီ။
ယီးတီးယားတာ၊ သေ၍သွားလည်း
တရားမကြွယ်၊ အထုပ်ငယ်လျက်
အပါယ်စခန်း၊ သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်
တငြင်ငြိုငြို ၊ ဆင်းရဲပိုလျက်
ထိုထိုဘ၀၊ အနန္တလျှင်
အစမဆုံး၊ အများထုံးတည့်။ ။
အနှုန်းမပျက် ၊ အောက်နရက်ဝယ်
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့
အပါယ်ထိုထို၊ ဥဒဟိုသည်
နင့်လိုလူမိုက်၊ သွားလမ်းတည်း။

(ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး)

Wednesday, December 5, 2007

ဗုဒ္ဓကို စော်ကားနေခြင်း

ဗုဒ္ဓဘားဆိုတာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိပြီး ဗုဒ္ဓဆင်းတုတွေ၊ ပုံတော်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဈေးကြီးတဲ့ အထူးသီးသန့် အာရှအစားအစာစားသောက်ဆိုင်ပါ။ ဗုဒ္ဓဘားကို စတင်တည်ထောင်သူက Raymond Visan ဖြစ်ပြီး နောက်ပိုင်းမှာ Gerard Guez နဲ့ ပူးပေါင်းပါတယ်။ ဗုဒ္ဓဘားကို Sharm El-Sheikh, Hurghada, Beirut, Dubai, Amman, New York City, Las Vegas, Stockholm, and Lisbon စတဲ့ မြို့တွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်ထား ပါတယ်။ Cairo မြို့က Sofitel El Gezirah မှာလည်း ပါရီမြို့က ဘားပုံစံအတိုင်း ၂၀၀၇ သြဂုတ် ၁ ရက်နေ့ မှာ ဆိုင်သစ်တစ်ခု ဖွင့်ခဲ့ပါတယ်။ စပိန် ဘာစီလိုနားမှာလည်း ဗုဒ္ဓဘားတစ်ခုဖွင့်ထားပါတယ်။ နယူးယောက်က ဘားရဲ့ နေရာတော့ မြေပုံတစ်ခုရလို့ ဖော်ပြလိုက်ပါတယ်။

ဂေါတမ ဗုဒ္ဓဟာ ဗုဒ္ဓဘာသာလို့ လူသိများလာတဲ့ ဘာသာယုံကြည်ကိုးကွယ်မှုကို တည်ထောင်ခဲ့သူ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်တယ်။ "ဗုဒ္ဓ" ဆိုတဲ့အမည်က အရိယာသစ္စာသိပြီး သဗ္ဗညုဥာဏ်တော်ကိုရပြီး ဘုရားဖြစ်မှ ခေါ်ကြတာ။ ဗုဒ္ဓရဲ့ အဓိပ္ပါယ်က နိုးထခြင်း၊ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညု မြတ်စွာဘုရား ဆိုတဲ့ အဓိပ္ပါယ်ပါ။ လူ့သမိုင်းတလျှောက် တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ခြင်းကို ဆန့်ကျင်တဲ့ အဆုံးအမတွေကို ဟောကြားတော်မူတဲ့ ဘာသာရေးခေါင်းဆောင်တွေထဲမှာ မြတ်ဗုဒ္ဓက ပထမဆုံးပါ။ ဗုဒ္ဓမြတ်စွာဟာ မဟာလူသားတစ်ပါးပါ။ သူ့ရဲ့သက်တမ်းတော်တစ်လျှောက်လုံးမှာ လူသားတွေအပေါ် ထူးထူးခြားခြား ဘုန်းတန်ခိုး သြဇာကြီးမားစွာ လွှမ်းမိုးခဲ့တယ်။ မရပ်မနား လှုပ်ရှားသွားလာပြီး တရားဓမ္မတွေကို သင်ကြားပေးခဲ့တဲ့ အာစရိယ ဆရာဘ၀တစ်လျှောက်လုံးမှာ ဗုဒ္ဓကိုယ်တော်မြတ်ကြီးဟာ သူ့တရားကို နာယူသူ လူပေါင်းများစွာကို မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရရှိစေခဲ့တယ်။

ဒီလို မြင့်မြတ်တဲ့ အထွဋ်အမြတ် ပုဂ္ဂိုလ်ရဲ့အမည်ကို လူတွေ သောက်စားမူးယစ်ရာ ပျော်ပါးကြရာ ဘားခန်းတစ်ခုရဲ့နာမည်အဖြစ် သုံးတာဟာ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်စည်းကပ်သူ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားခြင်းပါပဲ။ ဒါပေမယ့် ဘယ်သူမှ တားဆီးခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေလိုက်တာများ ဆိုင်ခွဲပေါင်းကို မနည်းဘူးဗျာ။ ၂၀၀၄ ခုနှစ်ကတည်းက စလာလိုက်တာ အခုဆို ဆိုင်ခွဲပေါင်း ရှိနေပြီလေ။ ဟိုနိုလူလူမှာရှိတဲ့ ဘားတစ်ခုပဲ ပိတ်သိမ်းအောင် လက်မှတ်ထိုး ကန့်ကွက်နိုင်ခဲ့တယ်။

ဒီလို ကိစ္စမျိုးကျတော့ ဗုဒ္ဓဘာသာကို တန်ဖိုးထားပါတယ်ဆိုတဲ့လူတွေ ဘယ်များရောက်နေပါလိမ့်။ ဟိုတလောက သံဃာတော်တွေ သွေးမြေကျပါပြီ၊ ဗုဒ္ဓဘာသာကို ထိပါးနေပါတယ်နဲ့ အော်ခဲ့ကြတဲ့လူတွေ ဒီ ဗုဒ္ဓဘားတွေ ဖွင့်ခဲ့တုန်းကတော့ ဘယ်နားမှာ သွားအိပ်နေကြပါလိမ့်။ မခံချင်လွန်းလို့ ရေးနေတာပါ။ တကယ်တမ်း စော်ကားနေတာကျတော့ ငြိမ်ခံနေကြတယ်။ အင်အားကြီးနိုင်ငံတွေကိုတောင် သွားပြီး lobby လုပ်နိုင်တဲ့ အစွမ်းတွေ ရှိနေကြတာပဲဗျာ။ ဒီလူတွေ ဒါမျိုးကျတော့ lobby လုပ်ဖို့ မစဉ်းစားမိဘူးလား။ ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါဘူး။ လက်ရှိအစိုးရဘက်လိုက်ပြီး ဆန့်ကျင်ဘက်အုပ်စုကို ကျိန်ဆဲနေတာလဲမဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်လာတော့မှာ ဘာသာရေးတို့၊ သာသနာရေးတို့ ထအော်နေတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူထူးလူဆန်းကြီးတွေကို မြင်ပြင်းကပ်လွန်းလို့ ပြောနေတာပါ။

အတွေးအမြင်များ http://thoughtsnvisions.blogspot.com/ မှ ရယူ ဖော်ပြထားပါသည်။


Monday, December 3, 2007

အကျဉ်းသား၈၀၀၀ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

မြန်မာအစိုးရက အကျဉ်းသား ၈၀၀၀ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ သိရ ပါတယ်။ ဒီဇင်ဘာ ၃ရက် ည၈နာရီ ရုပ်သံသတင်းမှာ အဲဒီ့သတင်းကို ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါ တယ်။ ကျင်းပ ပြီးစီးခဲ့တဲ့ အမျိုးသားညီလာခံ အောင်မြင်စွာ ပြီးဆုံးခြင်း ၊ ဒီဇင်ဘာ ၃ရက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း စတင် ရေးဆွဲနိုင်ခြင်း စတဲ့ အထိမ်းအမှတ် အဖြစ် ယခုလို တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၆ရက်ကနေ ဒီဇင်ဘာ ၃ရက် အထိ စုစုပေါင်း အကျဉ်းသား ၈၅၈၅ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ့အထဲမှာ ထိုင်းလူမျိုး အကျဉ်းသား ၃၃ဦးလဲ ပါဝင်တယ်လို့ သတင်းမှာ ကြေငြာသွား တာပါ။ သတင်းမှာတော့ အကျဉ်းသားရယ်လို့ပဲ သုံးးနှုံးသွားပြီး မည်ကဲ့သို့သော ပြစ်ဒဏ် ကျခံ နေကြသူများ ရယ်လို့တော့ အသေးစိတ် ကြေငြာသွားခြင်း မရှိပါဘူး။


လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်းကြေငြာတဲ့ တစ်ရက်တည်းမှာပဲ လမ်းပြမြေပုံရဲ့ အဆင့် ၃ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းကို နေပြည်တော်မှာ စတင်လိုက်ပါပြီ။ ကော်မရှင် လုပ်ငန်း လုပ်ကိုင် နေပုံတွေကို အစိုးရက သံတမန်တွေနဲ့ မီဒီယာသမားတွေကို ဒီဇင်ဘာ၃ရက်မှာ ဖိတ်ခေါ်ပြသခဲ့ပါတယ် (ပုံ)။ အဲဒီ့ရက်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကိုပါ နေပြည်တော်မှာ ကျင်းပသွားခဲ့ပါတယ်။

http://yangonmedia.com/ မှ ရယူပါသည်။

Saturday, December 1, 2007

ချွန်တွန်းမီဒီယာမဖြစ်အောင်အတို့အထောင်လက်ရှောင်

ချွန်တွန်းမီဒီယာမဖြစ်အောင်အတို့အထောင်လက်ရှောင်

http://www.yangonmedia.com/ မှ ကူးယူထားပါသည်။

ဖိုးသောကြာတို့ သတင်းစာပညာမှာ "ဖြစ်လာတဲ့သတင်းကို အမှန်အတိုင်းတင်ပြရမယ်(Report)၊ သတင်းအမှန် ရဖို့အတွက် ပထမဆုံးရတဲ့သတင်း (Information) ကို အမှန်လို့မယူရဘူး၊ (First Information Right)၊ သတင်း စာဆရာဟာ"အလယ်လူ"(Media) ခြံစည်းရိုးပေါ်ခွထိုင်ပြီး သာတဲ့ဘက် ခုန်ချတဲ့သူမျိုး (Sitting on the fence) မဟုတ်ဘဲ ဘယ်ဘက်မှမယိမ်းယိုင်ဘဲ "အလယ်လူ" ဖြစ်ရမယ်။ ဖြစ်လာတဲ့သတင်းကိုဖော်ပြရာမှာတော့ လူထု ရယ်၊ အစိုးရ(ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး)ရယ်၊ နိုင်ငံတကာရယ်ဆိုတဲ့ ပကတိအခြေခံအကျိုးဆက် တွေအပေါ် "ချင့်ချိန်နှိုင်းဆ" ဖော်ပြရမယ်။ လံကြုပ်သတင်းမလုပ်ရဘူး၊ တင်းမှန်အပေါ် မိမိရဲ့ထင်မြင်ယူဆချက်၊ မှတ်ချက်ဂယက်တွေ ကိုတော့သတင်းစာဆရာရဲ့ကိုယ်တိုင်(By-Line)အနေနဲ့ ဖော်ပြရမယ်၊ အဆုံးအဖြတ်က လူထုသာဖြစ်တယ်"လို့ သတင်းစာဆရာရဲ့ စိတ်ဓာတ်၊ ကျင့်ဝတ်သိက္ခာနဲ့ ခံယူချက်တွေကို မြန်မာ သတင်း စာ ပညာအဖြစ် ဖိုးသောကြာတို့ မြန်မာသတင်းစာ ဆရာကြီးများထံမှ လက်ဝေခံ ရယူခဲ့ကြပါတယ်။

ကျင့်ဝတ် ၁၁ပါး
မြန်မာသတင်းစာ ဆရာကြီးများက "အတင်းအဖျင်းမရေး သတင်းသာရေးသည်" "ချစ်သူကို မသာစေရ မုန်းသူကို မနာစေရ"ဆိုတဲ့အခြေခံတွေပေါ်မှာ မြန်မာသတင်းစာဆရာ ကျင့်ဝတ်(၁၀)ပါးကို ၁၉၆၃ ခုနှစ်မှာ မြန်မာစာနယ်ဇင်း ကောင်စီက ပြဋ္ဌာန်း ပေးခဲ့ပါတယ။် ဒါပေမယ့် ဖိုးသောကြာတို့ မြန်မာစာနယ်ဇင်း နယ်ပယ်မှာ လိုက်နာ ကျင့်သုံးမှု အားနည်းတာကိုတော့ ၀န်ခံပါတယ်။

ချွန်တွန်း
ချင့်ချိန်နှိုင်းဆ ဖော်ပြရမယ့် သတင်းမျိုးက အထူးသဖြင့် "နိုင်ငံရေးသတင်းတွေ ဖြစ်တာ များပါတယ်။ တစ်နိုင်ငံလုံး လူထုရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်လို့ ဖြစ်ပါတယ်။ သတင်းစာဟာ နိုင်ငံရေးနဲ့ အမြွှာဖြစ်တယ် (Twin)၊ နိုင်ငံရဲ့ အစိတ်အပိုင်း (Part of the Country ) ဖြစ်တယ်ဆိုတဲ့ ထုံး(usage)က နိုင်ငံတကာ သတင်းစာနယ်ဇင်း မှာရှိနေတာ ဒီသဘောပါပဲ။ ဒါကြောင့် သတင်းစာဆရာရဲ့ သတင်းနဲ့ သတင်းဆောင်းပါး ဖော်ပြမှုတွေဟာ သိပ်ကို နူးညံ့သိမ်မွေ့ ပြေပြစ်ချောမွေ့(Delectate)စွာ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲသလို ဖြစ်မလာလို့ကတော့ "ချွန်တွန်း" "အတို့အထောင်"လုပ်သလို ဖြစ်သွားနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့တာတွေရှိသလို ဖြစ်နေတာတွေ၊ ဖြစ်လာတာ တွေလည်း ဒီကနေ့ တွေ့မြင်ဖတ်ရှု ကြားသိ နေရဆဲပါ။

ရိုးစင်းတဲ့လူထု
နိုင်ငံတော်အစိုးရရဲ့ ကြေညာချက် ၁/၂၀၀၇နဲ့ ၂/၂၀၀၇ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့ သတင်း မီဒီယာတွေမှာ လူထုက သိချင်တာတွေကို သတင်းပညာနဲ့ သတင်း ဖော်ပြပေး နေရာမှာ (ဖိုးသောကြာကိုလည်း သတင်းစာဆရာ တစ်ဦးအနေနဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်က အင်တာဗျူးလုပ်ခဲ့ပြီး ဖော်ပြပေးခဲ့တော့ နိုင်ငံနဲ့လူထု အကျိုးစီးပွားကိုသာ သတင်းစာဆရာ အနေနဲ့ ဦးတည်ဖြေကြားခဲ့ ပါတယ်) ဖိုးသောကြာ မြင်သိဖတ်မိတာတွေ ကြားနေရတဲ့ သတင်းနဲ့ဆောင်းပါး တွေထဲက "ချွန်တွန်း" "အတို့အထောင်" သဘောတွေကိုတော့ ရိုးစင်းတဲ့လူထုက သိဖို့၊ မြင်တတ်ဖို့လို ပါတယ်။ သိမှလည်း ရှောင်တတ်ပြီး အမှန်ကို အမှန်အတိုင်း သိနိုင်ကြမှာပါ။

ချင့်ချိန်နှိုင်းဆ
ဖိုးသောကြာတို့ မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ အဆုံးအမနဲ့ ၃၈ဖြာမင်္ဂလာတရားကို လိုက်နာကြပါ တယ်။ လောဘ၊ ဒေါသ၊မောဟ၊ မာန်မာန၊ အာဃာတတွေကို ဗုဒ္ဓအဆုံးအမနဲ့ ထိန်းချုပ်ကြပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း ပြည်တွင်းပြည်ပ အကုန်သိနားလည် လက်ခံကြပါတယ်။ ဒါပေမဲ့ "ချင့်ချိန်နှိုင်းဆ" ကျတဲ့ နေရာမှာတော့ အပြုသဘောထက် "ချွန်တွန်း" " အတို့အထောင်" တွေက များနေသလိုပါပဲ။

အလှမ်းမဝေးအောင်
နိုင်ငံတော်အစိုးရ ကြေညာချက် ၁/၂၀၀၇အရ နိုင်ငံတော်အရေး ကိစ္စတွေကို ဆွေးနွေးဖို့ စတင်နေကြပါပြီ။ ဆွေးနွေးကြမယ့် နှစ်ဖက်စလုံးအပေါ် တွေးခေါ်မှု အတိမ်းအစောင်းဖြစ်စေမယ့် အရေးအသားမျိုးတွေကို မီဒီယာ တွေက တည်ငြိမ်မှုကို၊ အေးချမ်းမှုကို အမှန်တကယ်လိုလားရင်၊ ဆူပူအကြမ်းဖက်မှုကို အမှန်တကယ် မလိုလားရင် နိုင်ငံတော် အကျိုးအတွက် ဦးတည်ဖော်ဆောင် ပေးစေချင် ပါတယ်။

အာဃာတ
ဖိုးသောကြာတို့နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးဖြစ်စဉ် (တစ်နည်း သမိုင်း)မှာ အာဃာတတွေ၊ အငြိုး အတေးတွေ၊ လောဘ၊ဒေါသ၊ မောဟ၊ မာန်မာနတွေဟာ (ဗုဒ္ဓဘာသာတွေ မဟုတ်ကြတဲ့အတိုင်း) အစွန်း နှစ်ပါးကို မလွတ်ခဲ့ကြလို့ ငြိမ်းချမ်းရေးတွေ အခါခါပျက်ခဲ့ကြရပါတယ်။ "၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရောက် လာတဲ့ (ဗကပ) ကိုယ်စားလှယ်တွေကို လာနှုတ်ဆက်ခဲ့တဲ့ သူတွေထဲမှာ အားလုံးက လက်ဆွဲ နှုတ်ဆက်ခဲ့ကြ ပေမယ့် မဆက်တဲ့သူ (သခင်တင်မြ-အင်တာဗျူး၊ လျှပ်တစ်ပြက်ဂျာနယ် တွဲ၁/မှတ်-၅၂၊ ၁၉/၁၀/၂၀၀၇ နှာ-၂၈)ကို "အတော်အာဃာတကြီးတဲ့သူတွေပဲ"လို့ သခင်တင်မြက ဆိုကြောင်း ဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။ အဲသလို နိုင်ငံရေးဖြစ်စဉ်နဲ့ သမိုင်းတွေကိုဒီနေ့မှာ မမေ့မလျော့ကြဘဲ ဆက်လက် သုံးသပ်သင်ခန်းစာယူ၊ အဖြေရှာသင့်ပြီလို့ သမိုင်းမှာ သက်သေလုပ်ကြရတဲ့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ ခံယူပါတယ်။

အတိမ်းအစောင်းမခံ
ဖိုးသောကြာတို့ နိုင်ငံတော်ကြီးနဲ့ လူထုကြီး ကောင်းကျိုးအတွက် မီဒီယာတွေက အဖျက်သဘော ချွန်တွန်းအတို့ အထောင်ကို ရှောင်၊အပြုသဘောဆောင်ပြီး ဆွေးနွေးဖက်တွေ နီးစပ်သထက်နီးစပ်အောင် ဒီနေ့လို အတိမ်းအစောင်းမခံတဲ့ အချိန်မှာ ““ချင့်ချိန်နှိုင်းဆ”” ဖော်ပြမှသာ တိုင်းပြည်အပေါ် တာဝန် ကျေကြမှာ ပါခင်ဗျ။ (ရေးသားသူ - ဖိုးသောကြာ)