Wednesday, June 25, 2008
Monday, June 16, 2008
ဘိုကတော်အတွက် မွေးနေ့လက်ဆောင်
အရှက်ကုန်ကာ
ဘ၀ဂ်ဘုံအထိ တက်ခုန်လို့
အာဏာရူးကြပါကလား။
အထူးစာသစရာ
မလိုတော့ပါဘူး
(ဘိုကတော်ရေ.....)
မြန်မာမ ဟာ မင်းမဟုတ်လေသမို့
အတွင်းသရုပ်အသွင်သဏ္ဍန်က
အင်္ဂလန်သူကြီးပါတဲ့
အလျင်အမြန် နင်ပြန်ပေဦး။
Labels: ကဗျာ
Wednesday, May 28, 2008
ဒီမိုအတိုက်ခံများ၊ ဒီမိုဘလော့ဂါများ၏ ဂုဏ်ရည် (၁၃) ရပ်
၁) တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာပဲ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့တောင် ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ကြသူများဖြစ်ပါတယ်ခင်ဗျ..
၂) စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေးစစ်သားပေါင်းများစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေသူများ ဖြစ်ပါတယ်ခင်ဗျ..
၃) စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပီလို့ အော်နေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့.. အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောနိုင်တဲ့ ဆွံ့အသူများလည်း ဖြစ်ပါတယ်ခင်ဗျ..
၎) မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ တရားစွဲမတတ်ထိကို ဖြစ်နေပြီး တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ၇ည်ရွယ်တာရော.. နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိနိုင်တဲ့ သူတွေ၊ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ ဖြစ်နေပြန်ပါသေးသဗျ..
၅) အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပစ်တင်နေချိန်မှာပဲ အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင်မထားတော့တဲ့ ခြေရှုပ်မှုတွေ.. သတင်းဖလှယ်တာတွေ.. လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေသူများ ဖြစ်ပါတယ်ခင်ဗျ..
၆) အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး.. ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ.. တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် ပြုလုပ်ကြသူများလည်း ဖြစ်နေပြန်ပါတယ်ခင်ဗျ..
၇) အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို ပစ်တင်နေသူများဟာ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့လည်း နိုင်ငံတကာမှာ မမြင်နိုင်သူများ ဖြစ်နေပါတယ်ဗျ..
၈) တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲနေကြပီး.. တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြော.. အဲလိုပြစ်မှုတွေနဲ့ ပြည်ပထွက်ပြေးလာရင်တောင် ဆီးကြိုနေရာပေးခြင်းများကိုလည်း ပြုလုပ်ကြသူများ ဖြစ်ပါတယ်ခင်ဗျ..
၉) မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပီလို့ အားရ၀မ်းသာကြေငြာပစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ေ၇ာက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့လည်း လစ်လျူရှုနိုင်သူများ ဖြစ်ကြပါတယ်ခင်ဗျ..
၁၀) မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးသော အဲဒီလူတွေဟာ ဘလော့တွေမှာဆိုလဲ ဘန်းပစ်တာတွေ.. သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ.. ကော်မန့်တွေ ဖျက်ပစ်တာတွေကို အစဉ်တစိုက်လုပ်ဆောင်နေတာကိုလဲ နေရာအားလုံးလိုလိုမှာ အံ့သြောစွာမြင်နိုင်သူများလဲ ဖြစ်နေပြန်ပါရောဗျ..
၁၁) အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတောင်တင်.. အဲဒါတွေကိုးကားပီး ဝေဖန်.. လုပ်ကြံအင်တာဗျူးတွေလွှင့်.. စတာတွေကိုလဲ မရိုးမသား လုပ်နေကြသူများ ဖြစ်ပါတယ်ခင်ဗျ..
၁၂) ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး.. နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်.. ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်ကအသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန်အစရှိတဲ့ သင်္ဘောတွေ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ ကြံစည်ရက်သူများလည်း ဖြစ်ပါတယ်ခင်ဗျ..
၁၃) နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုတောင် နားမလည်ပဲ ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ရုံတင်မက သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင်ဆန်လွန်းလှတာကိုလဲ တွေ့ရပါတယ်ခင်ဗျ..
ဟုတ်ကဲ့ခင်ဗျာ.. ဒီလိုမြင်ပီးသကာလမှ ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ ငါဘာလဲ.. သူဘာလဲ.. ငါဘာကောင်းလဲ.. သူဘာကောင်းလဲ.. ငါဘယ်လောက်ရိုးသားလဲ.. သူဘယ်လောက်ရိုးသားလဲ.. အကိုတွေ အမတွေ စဉ်းစားစေချင်ပါတယ်.. ဒီ အတိုက်အခံဒီမိုတွေ၊ ဘလော့ဂါတွေရဲ့ ဂုဏ်ရည် ၁၃ ရပ်ဟာ တကယ်ဟုတ်နေလား မဟုတ်ဘူးလားဆိုတာလဲ ကိုယ့်ဘာသာစဉ်းစားလို့ရပါတယ်ခင်ဗျ..
အားလုံးကျေးဇူးတင်ပါတယ်။
မျိုးမြန်မာ ထံမှ ရယူပါသည်။
Labels: မှတ်သားစရာများ
Thursday, April 10, 2008
Thursday, April 3, 2008
ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတွေ ထောက်ခံပါတယ်
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်တောင်းရင်း ဂါဝရပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင် အထူးဒေသ(၁) က ဦးဇခုန်တိန့်ယိန်း ဖြစ်ပါတယ်။ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူအားလုံးဟာ အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးတဲ့ မင်္ဂလာသတင်းကောင်းကို ကြားသိကြပြီးကြည်နူးပီတိ အပြုံးနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ကျွန်တော်တို့ ကချင်ပြည်နယ်က တိုင်းရင်းသားများဟာ နိုင်ငံတော်တစ်ဝှမ်းလုံးက အခြားသော သွေးချင်းညီအစ်ကို မောင်နှမများလိုဘဲ နယ်မြေတည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလား တောင်းတကြပါတယ်။ ယခင်က နယ်မြေခံတိုင်းရင်းသား လူမျိုးစုတွေ မလုံမခြုံနေထိုင် ၊ သွားလာ လှုပ်ရှားခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းမှာ သမိုင်းကြောင်း တစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ တည်ငြိမ်အေးချမ်းခြင်း၊ တရားဥပဒေစိုးမိုးခြင်းများ ရရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်အထူးဒေသ(၁) အနေနဲ့လည်း နိုင်ငံတော်ရဲ့ သဘောထားမှန် ၊ ဖြူစင်တဲ့ စေတနာအရင်းခံ လုပ်ရပ်မှန်များကို နားလည်သဘောပေါက်ပြီး အပြန်အလှန် နားလည်ယုံကြည်မှုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ အေးချမ်းတည်ငြိမ်မှုနဲ့ အတူဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ဒေသတွင်း အေးချမ်းမှု၊ တိုးတက်မှုများကို ပြည်သူများနှင့် အတူ မျှဝေခံစားနေရလို့ ကျေနပ်မှုအပြည့်နဲ့ ကြည်နူးပီတိ ဖြစ်ရပါတယ်။
နိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးများ ၊ ဒေသရေမြေများ ၊ ဓလေ့ထုံးစံစတဲ့ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးစနစ်များ ကျင့်သုံးနိုင်ဖို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ အနာဂတ် နိုင်ငံတော်တွက် အရေးကြီးလှပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ကျင်းပတဲ့ အမျိုးသားညီလာခံကြီးကို ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန် ၊ ဆန္ဒမှန်နဲ့ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
အမျိုးသား ညီလာခံကြီးကို စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ကျင်းပခဲ့ပါတယ်။ ကချင် အထူးဒေသ(၁)က ကိုယ်စားလှယ်များ အနေနဲ့လည်း မိမိသဘောထား ၊ ဆန္ဒကိုပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေး တင်ပြနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ပြည့်စုံစစ်မှန်တဲ့ ညီလာခံကြီးဖြစ်ပါတယ်ခင်ဗျား။
အမျိုးသားညီလာခံက ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ ပါဝင်မယ့် အခြေခံမူတွေ ၊ အသေးစိတ် အခြေခံရမယ့်မူများကို တညီတညွတ်တည်း အတည်ပြုချမှတ် ပေးနိုင်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ကနဦးလိုအပ်သည့် အထောက်အပံ့တစ်ရပ် ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသားညီလာခံကချမှတ်တဲ့ အခြေခံရမယ့်မူနဲ့ အသေးစိတ်အခြေခံရမယ့် မူများထဲမှ ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော် အာဏာသုံးရပ်နဲ့ ပတ်သက်ပြီးကြည့်ရင် တိတိကျကျချမှတ်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော် ဖွဲ့စည်းရာမှာလည်း တိုင်းဒေသကြီး(၇)ခု ၊ ပြည်နယ်(၇)ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ(၁) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (၁)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု ဖွဲ့စည်းခဲ့ခြင်းဟာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုအဖြစ် သဘာဝကျပြီးသင့်မြတ်လှပါတယ်။
အခြေခံ ဥပဒေပြင်ဆင်ခြင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းက သဘောတူ လက်ခံမှ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ လွယ်လင့်တကူပြောင်းလဲပြင်ဆင်လို့ မရအောင် အခြေခံဥပဒေက ထိန်းကျောင်း တာဝန်ခံလိုက်တာဖြစ်လို့ အလွန်ကောင်းမွန်လှပါတယ်။
တိုင်းရင်းသားရေးရာနှင့်ပတ်သက်ပြီး-
-နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
-နိုင်ငံတော်သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မည်။
-နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ လမ်းပမ်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်၊ လို့ တိုင်းရင်းသားများ အကျိုးစီးပွားကို ပြည့်ပြည့်စုံစုံ ဖော်ဆောင် ရေးဆွဲထားတာ ဖြစ်တာကြောင့် ခိုင်မာတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ပေါက်လာမှာကို များစွာ ကျေနပ် အားရဖြစ်မိပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီး ၊ သဘာပတိအဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ အနေနဲ့ အမျိုးသားညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများဟာ ဒို့တာဝန်အရေးသုံးပါးကို အာမခံပေးမယ့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မယ့် အခြေခံမူများ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် အမျိုးသား ညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံလိုက်ပါတယ်ခင်ဗျား။
မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေလို့ ဂါရ၀ပြုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။
ကျွန်တော်ကတော့ ကချင်ပြည်နယ် ကချင်အထူးဒေသ (၂) က ဒေါက်တာမနမ်တူးဂျာ ဖြစ်ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် လိုအပ်ပါတယ်။ နိုင်ငံတော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုရှိခဲ့ဖူးပါတယ်။ ခေတ်ကာလအခြေအနေ၊ တိကျခိုင်မာပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ အထူးဒေသ (၂) က အမျိုးသားညီလာခံကို ထောက်ခံပြီး အမျိုးသားညီလာခံမှာလည်း တက်ရောက်ပါဝင်တင်ပြခဲ့ပြီး အမျိုးသားညီလာခံနှင့် နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူပါဒလမ်းစဉ်ကို ထောက်ခံကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
ယခုအမျိုးသားညီလာခံကြီးအောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်လို့ ဆက်လက်ဆောင်ရွက်ရန်ရှိနေသော လုပ်ငန်းများအောင်မြင်ရေးကိုလည်း ၀ိုင်းဝန်း ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက တဆင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် မကြာမီ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံမူများ ခြမှတ်ပေးနိုင်ခဲ့တဲ့ အမျိုးသားညီလာခံကြီးကို ထောက်ခံရင်းဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျား။
လေးစားအပ်ပါသော သဘာဝတိကြီးခင်ဗျား
ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အခြေခံရမယ့်မူထဲက နိုင်ငံသားများရဲ့ မူလအခွင့် အရေးနဲ့ တာဝန်များ ပြဌာန်းထားချက်ကို ကောက်နှုတ်တင်ပြလိုပါတယ်။
ယခင်ရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂) ခုမှာ နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ တာဝန်များဆိုင်ရာ အခန်းများပါရှိပေမယ့် မပြည့်စုံခဲ့ပါဘူး။ ယခု အမျိုးသားညီလာခံကြီးက ချမှတ်ခဲ့တဲ့ အခြေခံမူမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းဟာ ပြည့်စုံလှပါတယ်။ အသေးစိတ် အခြေခံရမယ့်မူ အချက် (၅၀) ပါဝင်ပါတယ်။
-နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့် ပေးရမည်။
-နိုင်ငံတော်သည် မည်သည့်ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်းး၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။
-အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေး၊ လစာတို့ကို ခံစားခွင့်ရှိသည်။
-မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသောအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်။
- နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု ၊အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ ပြင်မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေလျှင် သက်ဆိုင်သူများသည် အချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက် ခွင့်ရှိသည် စတဲ့မူများပါဝင်ပါတယ်။
ဘာသာ၊ သာသနာရေး အခွင့်အရေးများကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
- ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင်းတရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် သော်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက် တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည်း ဘာသာသာသနာရေးတွင် လွပ် လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွပ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။
စတဲ့အချက်များဟာ နိုင်ငံသားအားလုံးအတွက် အခွင့်အရေးများအချုပ်အခြာ အာဏာပိုင်ဆိုင်မှုများ၊ အမျိုးသားရေး အကျိုးစီးပွားများပြည့်ပြည့်စုံစုံပါဝင်နေပါတယ်။ ချမှတ်ခဲ့တဲ့ အခြားအခြေခံမူများဟာ လည်းကျွန်တောတို့တိုင်းရင်းသားများရဲ့ လက်တွေ့ဘ၀၊ ဆန္ဒနဲ့ကိုက်ညီပြီး ကောင်းမွန်ပြည့်စုံမှန်ကန် မှုရှိပါတယ်။ ဒါကြောင့်ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသာများ အားလုံးပါဝင်ရေးဆွဲထားတဲ့ ခိုင်မာတဲ့ဥပဒေတစ်ရပ် ဖြစ်မယ်ဆိုတာ ပြောကြားလိုပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများခင်ဗျာ။
ကျွန်တော်တို့လိုလားတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကြီးကို ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကသာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား-
Labels: ဆောင်းပါး
Friday, January 18, 2008
ဘယ်ခွေးဝဲစား စကားမှ နားထောင်စရာ မလိုဘူး
ဘယ်ခွေးဝဲစားစကားမှ နားထောင် စရာ မလိုဘူး
ကြမ်းလှ ချည်လားလို့ မထင်ပါနဲ့ ဒီစကားက ကျွန်တော်ရဲ့ စကားမဟုတ်ပါ။ အခု လက်ရှိ အခြေအနေနဲ့ များစွာ အပ်စပ် ဆီလျော်နေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလို ရဲ့ဝံ့ပြတ်သားတဲ့ စကားကို ပြောကြားတဲ့ သူကတော့ ကချင် တိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့ မျိုးချစ် တိုင်းရင်းသား ခေါင်းဆောင်ကြီး ဆမားဒူးဝါ ဆင်ဝါနောင် ဖြစ်ပါတယ်။ ဒူဝါကြီးဟာ စိတ်သဘောထား အလွန် မြင့်မြတ် ရိုးဖြောင့် ပွင့်လင်းသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပက်ပက်စက်စက် ပြောချလိုက်ခြင်းဟာ အလွန်ခံပြင်း ဒေါသ ထွက်လို့ ပြောချ လိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒူဝါကြီး ဒေါသထွက်ရသော ဖြစ်ရပ်ကို အကျဉ်းချုံး ဖော်ပြလိုပါတယ် ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပင်လုံ မြို့ငယ်ကလေးတွင် တိုင်းရင်သား ခေါင်းဆောင်ကြီးများဟာ နိုင်ငံတော် လွတ်လပ်ရေး ရဖို့ ၊ ပြည်ထောင်စုကြီး အညီအညွတ် ဖွဲ့စည်း တည်ထောင်ဖို့ ပင်လုံစာချုပ် ချုပ်ဆိုရန် အတွက် မူကြမ်းကို ပြင်ဆင် နေကြ ပါတယ်။
ဒီနေ့ နံနက် စောစောပိုင်းမှာ မစ္စတာ ဘော့တွမ်လေဟာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုရာ တဲကို လာရောက်ပြီး စာချုပ်မူကြမ်း တစ်စောင်ကို ပေးပါတယ်။ ဒီစာချုပ်မူကြမ်းဟာ အချက်အလက် မပြည့်စုံ သဖြင့် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီက ပယ်ချထားတဲ့ စာချုပ်မူကြမ်း ဖြစ်ကြောင်းကို ဗိုလ်ချုပ် မသိပါဘူး ။ ဗိုလ်ချုပ်ဟာ ဒီစာချုပ်မူကြမ်း ရရှိတဲ့အခါ မိမိအား ဦးစွာ မပေးဘဲ မစ္စတာ ဘော့တွမ်လေ ထံမှ တဆင့် ရရှိတာကို များစွာ မကျေမနပ် ဖြစ်သွားပါတယ်။
သို့သော် နံနက် ၁၁ နာရီ အချိန်မှာ ကော်မတီ နောက်ဆုံး ပြင်ဆင်ပြီး ဖြစ်တဲ့ စာချုပ်မူကြမ်း ၃ စောင်ကို မိုင်းပွန် စော်ဘွားကြီး၊ လင်းခေး ဦးထွန်းမြင့် ၊ ဦးဖေခင်တို့က ဗိုလ်ချုပ်အောင်ဆန်းထံ တင်ပြပြီး ““ မစ္စတာ ဘော့တွမ်လေ ပေးသော စာချုပ်မူကြမ်းမှာ ကော်မတီက ပယ်ထားသော မူကြမ်းသာ ဖြစ်ကြောင်း၊ ယမန်နေ့ညက ၂ ဒီဂရီ စင်တီဂရိတ် အထိ အေးနေသဖြင့် နောက်ဆုံး ပြင်ဆင်ပြီးသော မူကြမ်းကို အချော မရိုက်နှိပ်နိုင်ခဲ့ကြောင်း ”” ရှင်းလင်း ပြောကြားမှ ဗိုလ်ချုပ်အောင်ဆန်း ကျေနပ် သွားခဲ့ပါတယ်။ အမှန်မှာ မစ္စတာ ဘော့တွမ်လေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသားများ အကြား အထင်အမြင် လွဲမှားအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိသျှတို့ဟာ အစည်းအဝေး မပျက်၊ ပျက်အောင် ခြေထိုးမှုများနှင့် သွေးခွဲမှုများကိုလည်း ယခင် နေ့များကထက် ပိုမို ပြုလုပ်လာကြပါတယ်။
ထိုသို့ဖြင့် ကိုယ်စားလှယ် ပေါင်းစုံ အစည်းအဝေးကြီး ဖြစ်မြောက်ပြီး ပင်လုံစာချုပ်တွင် ပါဝင်သည့် အချက် အလက်များကို ဆက်လက် ဆွေးနွေးကြပါတယ်။ ဒီလို ဆွေးနွေးစဉ်မှာလဲ မစ္စတာ ဘော့တွမ်လေ ရောက်ရှိလာပြန်ကာ ““ နိုင်ငံရေး ကိစ္စနှင့် ပတ်သက်သော စာချုပ် စာတမ်းများ ချုပ်ဆို ရာတွင် အစစ အရာရှိ ဆင်ခြင် တိုင်းထွာပါ။ နောင်ရေး အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားပါ။ စာတစ်ပိုဒ် ၊ စကား တစ်လုံး လိုသွားပါက ချည်ပြီး တုပ်ပြီး ဖြစ်နေတတ်သည်။ မလှုပ်မရှားနိုင် ဖြစ်ပြီး နစ်နာ တတ်သည်ဟု ““ ပြောဆို သွေးထိုး ပေးပြန်တယ်။ ထိုအခါ ကချင်ကိုယ်စားလှယ် ဆမားဒူဝါ ဆင်ဝါနောင်က ““ ငါတို့ တိုင်းရင်းသား အချင်းချင်း အပေးအယူ လုပ်ပြီး ဆွေးနွေးရာမှာ ဘယ်ခွေးဝဲစား စကားမှ နားထောင်နေစရာ မလိုဘူး ”” စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ဖြင့် ပြောပစ် လိုက်ပါတယ်။
ကျွန်တော် ဆိုလိုတာကတော့ ဒီနေ့ အချိန်အခါမှာ အင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံနှင့် အပေါင်းအပါ နိုင်ငံတွေဟာ သူတို့ရဲ့ အင်းအားကြီးမားမှု၊ ကြွယ်ဝ ချမ်းသာမှုတို့ဖြင့် ရောင့်ရဲ မနေနိုင်ဘဲ အကျိုးအမြတ်ရှိမည်ဟု မျှော်မှန်းထားတဲ့ နိုင်ငံငယ်တွေ အပေါ်ကို ဗိုလ်ကျစိုးမိုး လိုခြင်း၊ ခေတ်သစ် ကိုလိုနီ နယ်ချဲ့လိုခြင်းများကို အစဉ်တစ်စိုက် ပြုလုပ်လာသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးပါဝင် ရေးဆွဲ ပြီးစီး သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူနဲ့ အသေးစိတ် အခြေခံရမယ့် မူတွေကိုလည်း ဟိုလူမပါလို့ တရားမ၀င်ဘူး ၊ ဒီလူမပါလို့ တရားမ၀င်ဘူး ၊ ဟိုအဖွဲ့ ၊ ဒီအဖွဲ့ မပါလို့ တရားဝင်ဘူးလို့ သွေးထိုး မြှောက်ပင့် အမြဲမပြတ် ပြောကြား နေတာ ကြားသိနေရ ပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေ ပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နဲ့ ရေးဆွဲ လာတာဟာ အခုဆိုရင် မူကြမ်း ရေးဆွဲနေတဲ့ အဆင့်ထိ ရောက်ရှိနေပါပြီ ။ ဒါကြောင့် ကျွန်တော်လဲ ဆမားဒူဝါကြီးလိုပဲ ““ ငါတို့ တိုင်းရင်းသားတွေ အချင်းချင်း အပေးအယူလုပ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ဘယ်ခွေးဝဲစား စကားမှ နားထောင် နေစရာ မလိုဘူး “““ လို့ ပြောလိုက်ချင်ပါတယ်။
Labels: ဆောင်းပါး
Sunday, January 13, 2008
ရန်ကုန်ဘူတာကြီး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား.
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်း ရန်ကုန်ဘူတာကြီး အထက်တန်း လက်မှတ် အရောင်း ဌာနအတွင်းရှိ အများသုံး သန့်စင်ခန်းနှင့် အုတ်တံတိုင်း ကြားတွင် ယနေ့ (၁၄း၀၅) နာရီ အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် သန့်စင်ခန်းတွင် အခပေး ရေချိုးနေသူ ဒေါ်အေးမြင့် ၊ အသက် (၇၃)နှစ်၊ အနှိပ်သည် (ဘုန်းကြီးလမ်း ၊ စံပြရုပ်ရှင် အနောက်ဖက်တွင် နေထိုင်သူ )အား ၀ဲယာ လက်ဖျံနှစ်ဘက်နှင့် ၀ဲဘက် တင်ပါးတွင် ဗုံးစထိမှန် ဒဏ်ရာရရှိ သွားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင် သွားရကြောင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် ဗုံးစ (၁၇)စအား သက်ဆိုင်ရာမှ သိမ်းဆည်းရမိပြီး လမ်းမဘက်ခြမ်း ဗိုလ်ချုပ်လမ်းပေါ်မှ ဗုံးပစ်ထည့် သွားသည်ဟု ယူဆရကြောင်း သတင်းရရှိပါသည်။
သာကီနွယ် မှ ရယူဖော်ပြပါသည်။
Labels: သတင်း


