Thursday, April 10, 2008
Thursday, April 3, 2008
ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတွေ ထောက်ခံပါတယ်
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်တောင်းရင်း ဂါဝရပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင် အထူးဒေသ(၁) က ဦးဇခုန်တိန့်ယိန်း ဖြစ်ပါတယ်။ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူအားလုံးဟာ အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးတဲ့ မင်္ဂလာသတင်းကောင်းကို ကြားသိကြပြီးကြည်နူးပီတိ အပြုံးနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ကျွန်တော်တို့ ကချင်ပြည်နယ်က တိုင်းရင်းသားများဟာ နိုင်ငံတော်တစ်ဝှမ်းလုံးက အခြားသော သွေးချင်းညီအစ်ကို မောင်နှမများလိုဘဲ နယ်မြေတည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလား တောင်းတကြပါတယ်။ ယခင်က နယ်မြေခံတိုင်းရင်းသား လူမျိုးစုတွေ မလုံမခြုံနေထိုင် ၊ သွားလာ လှုပ်ရှားခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းမှာ သမိုင်းကြောင်း တစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ တည်ငြိမ်အေးချမ်းခြင်း၊ တရားဥပဒေစိုးမိုးခြင်းများ ရရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်အထူးဒေသ(၁) အနေနဲ့လည်း နိုင်ငံတော်ရဲ့ သဘောထားမှန် ၊ ဖြူစင်တဲ့ စေတနာအရင်းခံ လုပ်ရပ်မှန်များကို နားလည်သဘောပေါက်ပြီး အပြန်အလှန် နားလည်ယုံကြည်မှုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ အေးချမ်းတည်ငြိမ်မှုနဲ့ အတူဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ဒေသတွင်း အေးချမ်းမှု၊ တိုးတက်မှုများကို ပြည်သူများနှင့် အတူ မျှဝေခံစားနေရလို့ ကျေနပ်မှုအပြည့်နဲ့ ကြည်နူးပီတိ ဖြစ်ရပါတယ်။
နိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးများ ၊ ဒေသရေမြေများ ၊ ဓလေ့ထုံးစံစတဲ့ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးစနစ်များ ကျင့်သုံးနိုင်ဖို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ အနာဂတ် နိုင်ငံတော်တွက် အရေးကြီးလှပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ကျင်းပတဲ့ အမျိုးသားညီလာခံကြီးကို ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန် ၊ ဆန္ဒမှန်နဲ့ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
အမျိုးသား ညီလာခံကြီးကို စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ကျင်းပခဲ့ပါတယ်။ ကချင် အထူးဒေသ(၁)က ကိုယ်စားလှယ်များ အနေနဲ့လည်း မိမိသဘောထား ၊ ဆန္ဒကိုပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေး တင်ပြနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ပြည့်စုံစစ်မှန်တဲ့ ညီလာခံကြီးဖြစ်ပါတယ်ခင်ဗျား။
အမျိုးသားညီလာခံက ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ ပါဝင်မယ့် အခြေခံမူတွေ ၊ အသေးစိတ် အခြေခံရမယ့်မူများကို တညီတညွတ်တည်း အတည်ပြုချမှတ် ပေးနိုင်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ကနဦးလိုအပ်သည့် အထောက်အပံ့တစ်ရပ် ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသားညီလာခံကချမှတ်တဲ့ အခြေခံရမယ့်မူနဲ့ အသေးစိတ်အခြေခံရမယ့် မူများထဲမှ ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော် အာဏာသုံးရပ်နဲ့ ပတ်သက်ပြီးကြည့်ရင် တိတိကျကျချမှတ်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော် ဖွဲ့စည်းရာမှာလည်း တိုင်းဒေသကြီး(၇)ခု ၊ ပြည်နယ်(၇)ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ(၁) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (၁)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု ဖွဲ့စည်းခဲ့ခြင်းဟာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုအဖြစ် သဘာဝကျပြီးသင့်မြတ်လှပါတယ်။
အခြေခံ ဥပဒေပြင်ဆင်ခြင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းက သဘောတူ လက်ခံမှ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ လွယ်လင့်တကူပြောင်းလဲပြင်ဆင်လို့ မရအောင် အခြေခံဥပဒေက ထိန်းကျောင်း တာဝန်ခံလိုက်တာဖြစ်လို့ အလွန်ကောင်းမွန်လှပါတယ်။
တိုင်းရင်းသားရေးရာနှင့်ပတ်သက်ပြီး-
-နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
-နိုင်ငံတော်သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မည်။
-နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ လမ်းပမ်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်၊ လို့ တိုင်းရင်းသားများ အကျိုးစီးပွားကို ပြည့်ပြည့်စုံစုံ ဖော်ဆောင် ရေးဆွဲထားတာ ဖြစ်တာကြောင့် ခိုင်မာတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ပေါက်လာမှာကို များစွာ ကျေနပ် အားရဖြစ်မိပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီး ၊ သဘာပတိအဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ အနေနဲ့ အမျိုးသားညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများဟာ ဒို့တာဝန်အရေးသုံးပါးကို အာမခံပေးမယ့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မယ့် အခြေခံမူများ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် အမျိုးသား ညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံလိုက်ပါတယ်ခင်ဗျား။
မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေလို့ ဂါရ၀ပြုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။
ကျွန်တော်ကတော့ ကချင်ပြည်နယ် ကချင်အထူးဒေသ (၂) က ဒေါက်တာမနမ်တူးဂျာ ဖြစ်ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် လိုအပ်ပါတယ်။ နိုင်ငံတော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုရှိခဲ့ဖူးပါတယ်။ ခေတ်ကာလအခြေအနေ၊ တိကျခိုင်မာပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ အထူးဒေသ (၂) က အမျိုးသားညီလာခံကို ထောက်ခံပြီး အမျိုးသားညီလာခံမှာလည်း တက်ရောက်ပါဝင်တင်ပြခဲ့ပြီး အမျိုးသားညီလာခံနှင့် နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူပါဒလမ်းစဉ်ကို ထောက်ခံကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
ယခုအမျိုးသားညီလာခံကြီးအောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်လို့ ဆက်လက်ဆောင်ရွက်ရန်ရှိနေသော လုပ်ငန်းများအောင်မြင်ရေးကိုလည်း ၀ိုင်းဝန်း ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက တဆင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် မကြာမီ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံမူများ ခြမှတ်ပေးနိုင်ခဲ့တဲ့ အမျိုးသားညီလာခံကြီးကို ထောက်ခံရင်းဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျား။
လေးစားအပ်ပါသော သဘာဝတိကြီးခင်ဗျား
ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အခြေခံရမယ့်မူထဲက နိုင်ငံသားများရဲ့ မူလအခွင့် အရေးနဲ့ တာဝန်များ ပြဌာန်းထားချက်ကို ကောက်နှုတ်တင်ပြလိုပါတယ်။
ယခင်ရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂) ခုမှာ နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ တာဝန်များဆိုင်ရာ အခန်းများပါရှိပေမယ့် မပြည့်စုံခဲ့ပါဘူး။ ယခု အမျိုးသားညီလာခံကြီးက ချမှတ်ခဲ့တဲ့ အခြေခံမူမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းဟာ ပြည့်စုံလှပါတယ်။ အသေးစိတ် အခြေခံရမယ့်မူ အချက် (၅၀) ပါဝင်ပါတယ်။
-နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့် ပေးရမည်။
-နိုင်ငံတော်သည် မည်သည့်ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်းး၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။
-အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေး၊ လစာတို့ကို ခံစားခွင့်ရှိသည်။
-မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသောအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်။
- နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု ၊အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ ပြင်မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေလျှင် သက်ဆိုင်သူများသည် အချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက် ခွင့်ရှိသည် စတဲ့မူများပါဝင်ပါတယ်။
ဘာသာ၊ သာသနာရေး အခွင့်အရေးများကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
- ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင်းတရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် သော်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက် တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည်း ဘာသာသာသနာရေးတွင် လွပ် လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွပ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။
စတဲ့အချက်များဟာ နိုင်ငံသားအားလုံးအတွက် အခွင့်အရေးများအချုပ်အခြာ အာဏာပိုင်ဆိုင်မှုများ၊ အမျိုးသားရေး အကျိုးစီးပွားများပြည့်ပြည့်စုံစုံပါဝင်နေပါတယ်။ ချမှတ်ခဲ့တဲ့ အခြားအခြေခံမူများဟာ လည်းကျွန်တောတို့တိုင်းရင်းသားများရဲ့ လက်တွေ့ဘ၀၊ ဆန္ဒနဲ့ကိုက်ညီပြီး ကောင်းမွန်ပြည့်စုံမှန်ကန် မှုရှိပါတယ်။ ဒါကြောင့်ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသာများ အားလုံးပါဝင်ရေးဆွဲထားတဲ့ ခိုင်မာတဲ့ဥပဒေတစ်ရပ် ဖြစ်မယ်ဆိုတာ ပြောကြားလိုပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများခင်ဗျာ။
ကျွန်တော်တို့လိုလားတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကြီးကို ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကသာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား-
Labels: ဆောင်းပါး
Friday, January 18, 2008
ဘယ်ခွေးဝဲစား စကားမှ နားထောင်စရာ မလိုဘူး
ဘယ်ခွေးဝဲစားစကားမှ နားထောင် စရာ မလိုဘူး
ကြမ်းလှ ချည်လားလို့ မထင်ပါနဲ့ ဒီစကားက ကျွန်တော်ရဲ့ စကားမဟုတ်ပါ။ အခု လက်ရှိ အခြေအနေနဲ့ များစွာ အပ်စပ် ဆီလျော်နေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလို ရဲ့ဝံ့ပြတ်သားတဲ့ စကားကို ပြောကြားတဲ့ သူကတော့ ကချင် တိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့ မျိုးချစ် တိုင်းရင်းသား ခေါင်းဆောင်ကြီး ဆမားဒူးဝါ ဆင်ဝါနောင် ဖြစ်ပါတယ်။ ဒူဝါကြီးဟာ စိတ်သဘောထား အလွန် မြင့်မြတ် ရိုးဖြောင့် ပွင့်လင်းသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပက်ပက်စက်စက် ပြောချလိုက်ခြင်းဟာ အလွန်ခံပြင်း ဒေါသ ထွက်လို့ ပြောချ လိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒူဝါကြီး ဒေါသထွက်ရသော ဖြစ်ရပ်ကို အကျဉ်းချုံး ဖော်ပြလိုပါတယ် ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပင်လုံ မြို့ငယ်ကလေးတွင် တိုင်းရင်သား ခေါင်းဆောင်ကြီးများဟာ နိုင်ငံတော် လွတ်လပ်ရေး ရဖို့ ၊ ပြည်ထောင်စုကြီး အညီအညွတ် ဖွဲ့စည်း တည်ထောင်ဖို့ ပင်လုံစာချုပ် ချုပ်ဆိုရန် အတွက် မူကြမ်းကို ပြင်ဆင် နေကြ ပါတယ်။
ဒီနေ့ နံနက် စောစောပိုင်းမှာ မစ္စတာ ဘော့တွမ်လေဟာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုရာ တဲကို လာရောက်ပြီး စာချုပ်မူကြမ်း တစ်စောင်ကို ပေးပါတယ်။ ဒီစာချုပ်မူကြမ်းဟာ အချက်အလက် မပြည့်စုံ သဖြင့် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီက ပယ်ချထားတဲ့ စာချုပ်မူကြမ်း ဖြစ်ကြောင်းကို ဗိုလ်ချုပ် မသိပါဘူး ။ ဗိုလ်ချုပ်ဟာ ဒီစာချုပ်မူကြမ်း ရရှိတဲ့အခါ မိမိအား ဦးစွာ မပေးဘဲ မစ္စတာ ဘော့တွမ်လေ ထံမှ တဆင့် ရရှိတာကို များစွာ မကျေမနပ် ဖြစ်သွားပါတယ်။
သို့သော် နံနက် ၁၁ နာရီ အချိန်မှာ ကော်မတီ နောက်ဆုံး ပြင်ဆင်ပြီး ဖြစ်တဲ့ စာချုပ်မူကြမ်း ၃ စောင်ကို မိုင်းပွန် စော်ဘွားကြီး၊ လင်းခေး ဦးထွန်းမြင့် ၊ ဦးဖေခင်တို့က ဗိုလ်ချုပ်အောင်ဆန်းထံ တင်ပြပြီး ““ မစ္စတာ ဘော့တွမ်လေ ပေးသော စာချုပ်မူကြမ်းမှာ ကော်မတီက ပယ်ထားသော မူကြမ်းသာ ဖြစ်ကြောင်း၊ ယမန်နေ့ညက ၂ ဒီဂရီ စင်တီဂရိတ် အထိ အေးနေသဖြင့် နောက်ဆုံး ပြင်ဆင်ပြီးသော မူကြမ်းကို အချော မရိုက်နှိပ်နိုင်ခဲ့ကြောင်း ”” ရှင်းလင်း ပြောကြားမှ ဗိုလ်ချုပ်အောင်ဆန်း ကျေနပ် သွားခဲ့ပါတယ်။ အမှန်မှာ မစ္စတာ ဘော့တွမ်လေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသားများ အကြား အထင်အမြင် လွဲမှားအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိသျှတို့ဟာ အစည်းအဝေး မပျက်၊ ပျက်အောင် ခြေထိုးမှုများနှင့် သွေးခွဲမှုများကိုလည်း ယခင် နေ့များကထက် ပိုမို ပြုလုပ်လာကြပါတယ်။
ထိုသို့ဖြင့် ကိုယ်စားလှယ် ပေါင်းစုံ အစည်းအဝေးကြီး ဖြစ်မြောက်ပြီး ပင်လုံစာချုပ်တွင် ပါဝင်သည့် အချက် အလက်များကို ဆက်လက် ဆွေးနွေးကြပါတယ်။ ဒီလို ဆွေးနွေးစဉ်မှာလဲ မစ္စတာ ဘော့တွမ်လေ ရောက်ရှိလာပြန်ကာ ““ နိုင်ငံရေး ကိစ္စနှင့် ပတ်သက်သော စာချုပ် စာတမ်းများ ချုပ်ဆို ရာတွင် အစစ အရာရှိ ဆင်ခြင် တိုင်းထွာပါ။ နောင်ရေး အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားပါ။ စာတစ်ပိုဒ် ၊ စကား တစ်လုံး လိုသွားပါက ချည်ပြီး တုပ်ပြီး ဖြစ်နေတတ်သည်။ မလှုပ်မရှားနိုင် ဖြစ်ပြီး နစ်နာ တတ်သည်ဟု ““ ပြောဆို သွေးထိုး ပေးပြန်တယ်။ ထိုအခါ ကချင်ကိုယ်စားလှယ် ဆမားဒူဝါ ဆင်ဝါနောင်က ““ ငါတို့ တိုင်းရင်းသား အချင်းချင်း အပေးအယူ လုပ်ပြီး ဆွေးနွေးရာမှာ ဘယ်ခွေးဝဲစား စကားမှ နားထောင်နေစရာ မလိုဘူး ”” စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ဖြင့် ပြောပစ် လိုက်ပါတယ်။
ကျွန်တော် ဆိုလိုတာကတော့ ဒီနေ့ အချိန်အခါမှာ အင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံနှင့် အပေါင်းအပါ နိုင်ငံတွေဟာ သူတို့ရဲ့ အင်းအားကြီးမားမှု၊ ကြွယ်ဝ ချမ်းသာမှုတို့ဖြင့် ရောင့်ရဲ မနေနိုင်ဘဲ အကျိုးအမြတ်ရှိမည်ဟု မျှော်မှန်းထားတဲ့ နိုင်ငံငယ်တွေ အပေါ်ကို ဗိုလ်ကျစိုးမိုး လိုခြင်း၊ ခေတ်သစ် ကိုလိုနီ နယ်ချဲ့လိုခြင်းများကို အစဉ်တစ်စိုက် ပြုလုပ်လာသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးပါဝင် ရေးဆွဲ ပြီးစီး သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူနဲ့ အသေးစိတ် အခြေခံရမယ့် မူတွေကိုလည်း ဟိုလူမပါလို့ တရားမ၀င်ဘူး ၊ ဒီလူမပါလို့ တရားမ၀င်ဘူး ၊ ဟိုအဖွဲ့ ၊ ဒီအဖွဲ့ မပါလို့ တရားဝင်ဘူးလို့ သွေးထိုး မြှောက်ပင့် အမြဲမပြတ် ပြောကြား နေတာ ကြားသိနေရ ပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေ ပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နဲ့ ရေးဆွဲ လာတာဟာ အခုဆိုရင် မူကြမ်း ရေးဆွဲနေတဲ့ အဆင့်ထိ ရောက်ရှိနေပါပြီ ။ ဒါကြောင့် ကျွန်တော်လဲ ဆမားဒူဝါကြီးလိုပဲ ““ ငါတို့ တိုင်းရင်းသားတွေ အချင်းချင်း အပေးအယူလုပ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ဘယ်ခွေးဝဲစား စကားမှ နားထောင် နေစရာ မလိုဘူး “““ လို့ ပြောလိုက်ချင်ပါတယ်။
Labels: ဆောင်းပါး
Sunday, January 13, 2008
ရန်ကုန်ဘူတာကြီး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား.
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်း ရန်ကုန်ဘူတာကြီး အထက်တန်း လက်မှတ် အရောင်း ဌာနအတွင်းရှိ အများသုံး သန့်စင်ခန်းနှင့် အုတ်တံတိုင်း ကြားတွင် ယနေ့ (၁၄း၀၅) နာရီ အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် သန့်စင်ခန်းတွင် အခပေး ရေချိုးနေသူ ဒေါ်အေးမြင့် ၊ အသက် (၇၃)နှစ်၊ အနှိပ်သည် (ဘုန်းကြီးလမ်း ၊ စံပြရုပ်ရှင် အနောက်ဖက်တွင် နေထိုင်သူ )အား ၀ဲယာ လက်ဖျံနှစ်ဘက်နှင့် ၀ဲဘက် တင်ပါးတွင် ဗုံးစထိမှန် ဒဏ်ရာရရှိ သွားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင် သွားရကြောင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် ဗုံးစ (၁၇)စအား သက်ဆိုင်ရာမှ သိမ်းဆည်းရမိပြီး လမ်းမဘက်ခြမ်း ဗိုလ်ချုပ်လမ်းပေါ်မှ ဗုံးပစ်ထည့် သွားသည်ဟု ယူဆရကြောင်း သတင်းရရှိပါသည်။
သာကီနွယ် မှ ရယူဖော်ပြပါသည်။
Labels: သတင်း
Friday, January 11, 2008
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စုကြည့်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော် အမြင် (၂)
မျိုးမြန်မာ ရေးသားပါသည်။
ယခု အခါတွင်မူ စီးပွားရေး ပိတ်ဆို့မှုနှင့် ဗိုလ်ချုပ်၏ ဖက်ဆစ်ဂျပန်နှင့် လက်တွဲကာ အင်္ဂလိပ်တို့အား ဆန့်ကျင်ပုံအား နှိုင်းယှဉ်ကာ ဆိုလာသည့် အတွက် (ပုထုစဉ်မှ တီးရှော့တွင် ရေးသားခဲ့ပြီး အခြား blogger အတော်များများ မှလည်း ထောက်ခံ ကိုးကားကြပါ၏) ယခု ဆောင်းပါးအား ရေးသားပြီး တလက် စတည်းမှာပင် ဒေါ်စုကြည်အား ဤရှုထောင့်မှ ဆက်လက် သုံးသပ်သွားမည် ဖြစ်ပါသည်။
ဗိုလ်ချုပ်သည် ဖက်ဆစ်ဂျပန်အား မြန်မာပြည်တွင်းသို့ ဖိတ်ခေါ်လာခြင်းအား ပြည်သူများမှ အပြစ်မမြင် ကြခြင်းသည် အဘယ်ကြောင့် ပါနည်း။ တာဝန်ယူရဲသော စိတ်ဓါတ်ကြောင့်ဟု ကျွန်တော် ယူဆ ယုံကြည် ပါသည်။ ဗိုလ်ချုပ်သည် မိမိခေါ်လာသည့် ဖက်ဆစ်ဂျပန် တို့သည် မိမိနိုင်ငံတော်အား နစ်နာစေသည်။ မိမိလမ်းကြောင်းသည် မှားယွင်းခဲ့ပြီဟု သိသည်နှင့် တပြိုင်နက် ဂျပန်တော်လှန်ရေးကို မဆုတ်မနှေး ချက်ခြင်းပင် ဦးဆောင်ကာ ပြန်လည် ပြုလုပ်ခဲ့၏။ မည်သည့် အတွက်ကြောင့်မှ ဆုတ်ဆိုင်း နေခြင်းမပြုချေ။ ဤသည်ပင် သူ့အား အာဇာနည်နှင့် ထိုက်တန်စေသော စိတ်ဓါတ် ဖြစ်ခဲ့ပါ၏။ ထိုကဲ့သို့ မိမိအမှားကို တာဝန်ယူရဲသော၊ နိုင်ငံအား မည်သည့် အကြောင်းကြောင့်မှ မနစ်နာ စေသည့် အမှန်တကယ် စိတ်ဓါတ်ခိုင်မာသော တာဝန်သိစိတ် ရှိသည့် အာဇာနည် တစ်ဦးသည် ကျွန်တော်တို့ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဖွယ် တည်ရှိပါသည်။ ထိုအရာသည် ဆုကြေးများ၊ အထောက် အပံ့များနှင့် ရစ်တွယ်ကာ လမ်းကြောင်း ပျောက်နေသည့်၊ နိုင်ငံကို နစ်မွန်းစေသည့် နည်းလမ်းများကို သိလျှက်နှင့် နောက်ပြန် မဆုတ်နိုင်သည့် သမီးဖြစ်သူဒေါ်စုကြည်နှင့် လွန်စွာကွဲပြားစေသော အချက်ပင် ဖြစ်၏။
ဒေါ်စုကြည်အား လေ့လာကြည်ပါမည်။ သူမ၏ နိုင်ငံရေးသမားဘ၀ အစသည် ယောင်ဝါးဝါးနိုင် လှ၏။ အတွေ့အကြုံ အားနည်းသေးသည့် အတွက်ကြောင့် လည်းကောင်း၊ သူမပါဝါအား သူမကိုယ်တိုင် မတိုင်းတာနိုင်သေးသည့်အတွက် လည်းကောင်း တခါတရံ ပျော့ပြောင်း တွေဝေစွာ၊ တခါတရံ တင်းမာ ခက်ထန်စွာဖြင့် သူမ စရိုက်သည် မငြိမ်ပဲ အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ (အခြေနေကိုမူတည်ပြီး ပျော့သင့်သည့် နေရာတွင်ပျော့၊ မာရမည့်နေရာတွင်မာသည့် ပုံစံမျိုးမဟုတ်ပါ) နောက်ပိုင်းတွင် သူမ၏ အရှိန်ဝါသည် နိုင်ငံတကာ အလယ်တွင် များစွာ နေရာရှိ လာသောအခါ၊ ထိုအရာကို သူမကိုယ်တိုင် သတိပြုမိ လာသောအခါ သူမသည် မည်သူ့မျှ လူမထင်သည့် ပုံစံကို ထင်ရှားစွာပင် ပြလာတော့၏။ အန်အယ်ဒီ၏ ပါတီတွင်း အာဏာသိမ်းခြင်း ခံရခြင်းဟု ဆိုချင်ပါသည်။
မည်သို့ပင် ဆိုစေကာမူ ဒီမိုကရေစီ မပြည့်ဝသည့် နိုင်ငံရေးသမား များသည် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး ကိုသာ ဦးတည်သည့် တပါတီစနစ် အောက်တွင် အသားကျနေသည့် ပြည်သူသည် လည်းကောင်း သူမအား ဒီမိုကရေစီစနစ်၊ နည်းလမ်း စသည် တို့ထက် ပုဂ္ဂိုလ်ရေးကိုသာ အသားပေးကာ ဒေါ်စုဆိုရပြီ ဘာဖြစ်ဖြစ် ဆိုသည့် အနေထားဖြင့် ကျေကျေနပ်နပ်ပင် သူမ၏ လွှမ်းမိုးမှုကို လက်ခံကြပါ၏။ လွတ်လပ်စွာ သဘော ကွဲလွဲခွင့်နှင့် အသား မကျသော ထိုသူများသည် ဒေါ်စုကြည်၏ လုပ်ရပ်များ အပေါ် ဝေဖန်မှုများ ရှိလာသည့်အခါ ကြမ်းတမ်းစွာ တုန့်ပြန်ကြသည့် အတွက် သူမကို ဝေဖန် ဆန့်ကျင်မှု များသည် တစတစ ပျောက်ကွယ်ကာ သူမအား အကြွင်းမဲ့ အာဏာကို ပိုင်စိုးစေ၏။ ယခု မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိုသည်ကို အငမ်းမရ တောင်းဆိုနေကြ သော်လည်း ဒေါ်စုမပါသည့် ဒီမိုကရေစီ လမ်းကြောင်းများ (အစိုးရလမ်းစဉ် ၇ ရပ်အားမဆိုလိုပါ)၊ မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်သည့် လမ်းကြောင်း များအား တင်ပြမှုများ ရှိလာသည်နှင့် ခါးခါးသီးသီး ခပ်ကြမ်းကြမ်းပင် တုန့်ပြန်ကြ ပါသည်။ ထို့ကြောင့်ပင် ဒေါ်စုကြည်သည် အနောက်မှ ကြေငြာလေ့ ရှိသလို ဒီမိုကရေစီ၏ ပုံရိပ်ဖြစ်လာ၏။ ကမ္ဘာ့သမိုင်းနှင့် ချီသည့် ခန့်ခန့်ထည်ထည် အစဉ်လာရှိသော ဒီမိုကရေစီသည် ဒေါ်စုမပါပဲ ဖြစ်တည်၍ မရတော့ချေ။ မျက်နှာဖုံး စွပ်ခြင်း ခံရချေ၏။
ထိုသို့ အဆင့်တန်း တစ်ခုသည် မည်သို့မှ အိမ်မက်ပင် မမက်ခဲ့သော အနေထားသို့ ရောက်လာသော အခါ သူမအနေဖြင့် မည်သည့် ပြည်တွင်း နိုင်ငံရေးသမားကိုမျှ မျက်စိထဲ တန်းတူ မမြင်တော့ချေ။ အဓိက တိုင်ပင် ဆွေးနွေးမှုများသည် အနောက် အုပ်စုများနှင့်သာ ဖြစ်လာခဲ့၏။ ထို့နောက်တွင်စီးပွါးရေး ပိတ်ဆို့မှုသည် ပေါ်ပေါက်လာကာ သူမသည် ၀မ်းသာအားရပင် ထောက်ခံခဲ့ချေသည်။ မည်သည့် နိုင်ငံရေး သမားမျှလည်း ကန့်ကွက် ပါသည်ဟု ကျယ်ကျယ် လောင်လောင် မဆိုဝံ့ကြပါချေ။
မြန်မာ့နိုင်ငံရေး အတိုက်ခံများသည် ထိုအချိန်မှစကာ မြန်မာနိုင်ငံအား အဆိုးပင်မြင် ချင်ကြပါသည်။ ဘက်စုံ နိမ့်ကျလာသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအား လက်ညှိုးထိုး စွပ်စွဲကြပါသည်။ အမှန်တကယ် ဖြစ်လာနေသည့် အပြစ်များကို လက်ညှိုးထိုးခြင်းများ အပြင် အတွင်းစိတ်တွင်လည်း ထိုအရာများ မြင့်တက်လာမည်ကို စိုးရွံ့မှုများ ရှိလာကြ၏။ လက်ရှိအစိုးရ လက်ထပ်တွင် မည်သည့် အပိုင်းတွင်မျှ ကမ္ဘာ့အလယ်တွင် မြန်မာ မျက်နှာရသွားမည်ကို မလိုလားချေ။ ပြည်သူတွေ ကျေနပ်လောက်အောင် ကောင်းသွားမည်ကို မလိုလားချေ။ ယုတ်စွအဆုံး မြန်မာ့ဘောလုံး ဆီမီးလောက်တက်ပြီ ဆိုလျှင်ပင် မျက်နှာပျက်ချင် လာကြ၏။ ပျက်နေပါပြီ၊ ဆင်းနေပါပြီ၊ ကျပ်နေပါပြီဟု စွပ်စွဲ အော်ဟစ် နေသော်ငြားလည်း အတွင်းစိတ်သည် ပိုပျက်စမ်း၊ ပိုဆင်းစမ်း၊ ပိုကျပ်စမ်း၊ မခံမရပ်နိုင် ပွင့်ထွက် ကုန်ကြစမ်းဟု ကြံရွယ် နေကြသည်မှာ မဖုံးနိုင် မဖိနိုင်ပင် ထင်ရှားလှ၏။
ဤသို့ဖြင့် မြန်မာနိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှု အောက်တွင် 10 နှစ်ကျော်မျှ လုံးပါးပါးကာ ဘက်စုံ ကျဆင်းမှုများအား စိတ်ပိုင်း ဆိုင်ရာတွင်ကော ရုပ်ပိုင်းဆိုင်ရာတွင်ပါ ထိခိုက် ခံစားရပါ၏။ နိုင်ငံအား အထိခိုက်များ လှသော ထိရောက်မှုနည်းသည့် ဤနည်းလမ်းအား ပြန်လည် ဆန့်ကျင်တိုက်ခိုက်ရန် ဒေါ်စုကြည်သည် မစဉ်းစားပါ။ မစဉ်းစား ရဲခြင်းလည်း ဖြစ်နိုင်ပါသည်။
ထိုအခါ အချက် သုံးချက်ဖြင့် သုံးသပ်ကြည့် ပါမည်။
၁) ဒေါ်စုကြည်သည် စီးပွါးရေးပိတ်ဆို့မှုလမ်းကြောင်း၏ ထိခိုက်မှုကြီးမားပုံကို သုံးသပ် နိုင်စွမ်း ရှိလောက်အောင် အမြင်မရှိခြင်း။ တနည်းအားဖြင့် မမြင်ခြင်း။
၂) နိုင်ငံနှင့် လူထုအား မည်မျှ ထိခိုက်စေကာမူ အာဏာရရေး သာလျှင် အဓိက လမ်းကြောင်းအဖြစ် သတ်မှတ် ထားခြင်း၊ တနည်း။ နိုင်ငံနှင့် လူထုအား စတေးခြင်း၊
၃) မြင်သိသော်လည်း ထိုလမ်းကြောင်းအား ပယ်ဖျက်ရန် မဖြစ်နိုင်ခြင်း။ ပယ်ဖျက်မည် ဆိုပါလျှင် အနောက်နှင့် ဆန့်ကျင်မှုများ ရှိလာနိုင်သောကြောင့် ထိုလမ်းကြောင်းကို မရွေးချယ်ဝံ့ခြင်း။ တနည်း။ ပယ်ဖျက် ရမည့် လမ်းကြောင်းသည် အနောက်မှ မြန်မာဒီမိုကရေစီရေး အတွက် ကူညီရန် ချထားပေးသော လမ်းကြောင်းအား ဖောက်ဖျက်ရာ ကျခြင်း။
ထိုအခါ ဒေါ်စုကြည်သည် မှားမှန်း သိသော်လည်း ပြင်ဆင်ရန် တွေဝေသော၊ အမှားကို ၀န်မခံရဲသော၊ ဆုကြေး အထောက်ပံ့များအား ပယ်ဖျက်ရန် သတ္တိမရှိသော သူတစ်ဦးဖြစ်လာ၏။ စိတ်ဓါတ်ခိုင်ကာ ရဲရဲတောက် စကားများအား မြန်မာနိုင်ငံ အတွင်းရှိ လူများအား အတွန့်ဆုတ်မရှိ ပြောဝံ့သော အဆိုပါ အမျိုးသမီးသည် ကမ္ဘာ့နိုင်ငံများ ၀ိုင်းဝန်း ဝေဖန်ကြသည့် အနောက် အုပ်စုများ၏ မတရားစစ်ပွဲများ၊ နိုင်ငံရေး ကိစ္စများတွင် ကမ္ဘာ့အရေးကို လစ်လျူရှု ထားခြင်းပဲလား မသိနိုင်လောက်အောင် အနောက် နိုင်ငံများအား (အာရှနိုင်ငံများ မပါပါ) ချီးကျူး ထောက်ခံခြင်းမှအပ ဝေဖန်စကား ပြောရန် လက်ရှောင် နေသည်ကို ထင်ရှားစွာ ပင်မြင်နိုင်၏။
ထိုသို့ သူမ၏ စိတ်ဓါတ်အား လေ့လာနေစဉ်တွင် အမျိုးသမီးများ နေ့သတ်မှတ်ချက်သည် ကျွန်တော့်အား ပိုမိုစိတ်ပျက်မိစေ ပါသည်။ နိုင်ငံရေးသမားများက သူမ မွေးနေ့အား အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ခဲ့ ကြသည်။ မည်မျှပင် နိုင်ငံ ဂုဏ်ဆောင်စေကာမူ တိုင်းတပါးသားနှင့် လက်ထပ်ထားသည့် သူမ၏ မွေးနေ့သည် မြန်မာ အမျိုးသမီးများနေ့ မဖြစ်ထိုက်ပါချေ။ ဒေါ်စုကြည်ကြောင့် တိုင်းတပါးသားနှင့် အိမ်ထောင်ပြုခြင်းအား မြန်မာ့အသိုင်းဝိုင်းမှ ဤမျှထိ လက်ခံ လာကြခြင်း ဖြစ်ပါသည်။ ထို့ပြင် ထိုသို့သတ်မှတ်ခြင်းအားဖြင့် မျိုးဆက်သစ် မြန်မာ အမျိုးသမီးလေး များအား အထိန်းကွပ် မရှိအောင် တွန်းအားပေးရာ ရောက်စေ ပါသည်။ အိမ်ထောင်ပြုခြင်းနှင့် ပက်သက်၍ ကျယ်ပြန့်သည့် အမြင်များ ရှိလာကြသည် မှန်သော်ငြားလည်း စိန်ကြည်တိုင်း လက်မထောင်နိုင် လောက်အောင်တော့ မဖြစ်သင့်ပါချေ။ ကျယ်ပြန့်သော အမြင် ခေတ်အမြင် စသည်တို့ကို အကြောင်းပြကာ ငြင်းချက် ထုတ်ခြင်းများကို ပြုကြမည်ဆိုလျှင် တောင်ပင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီး တစ်ဦး၏ မွေးနေ့သည် မြန်မာ အမျိုးသမီးများနေ့ မဖြစ်သင့် ပါချေ။ ထိုအရာအား နိုင်ငံရေးသမား များသည် သင့်သည် မသင့်သည် မစဉ်းစား အဆင်ခြင် မဲ့စွာပင် ဖားရလျှင် ပြီးရော သတ်မှတ်ခဲ့ကြ ချေ၏။
ထိုအခါ ဒေါ်စုကြည်၏ တုန့်ပြန်မှုကို ကျွန်တော်များစွာ စိတ်ဝင်စားမိ ခဲ့သည်။ သူမသည် သူမပြုခဲ့သည် ဆိုရုံမျှ နှင့်တော့ သင့်မသင့်ကို မဆုံးဖြတ်ပဲ လက်ခံ လိမ့်မည်ဟု လုံးဝပင် ထင်မထားမိခဲ့ပါချေ။ မည်သူ ပြုသည်ဖြစ်စေ မသင့်လျှော်ခြင်းသည် မသင့်လျော်ခြင်းသာ ဖြစ်၏။ မှားသည်ဟု ထင်သည်ကို ငုံ့မခံ ပြန်ပြော တတ်သော၊ မည်သည့်အကြောင်းမျှ နောက်မတွန့်သောသူဟု အများက သတ်မှတ်သော သူမသည် ဆိတ်ဆိတ် နေခဲ့ပါ၏။ (ပြုံးပြုံးကြီး ကျေနပ်ခဲ့မည်ဟု ထင်ပါသည်) မည်သို့မျှ ပြင်ဆင်ရန် မကြိုးစားပါချေ။ ဒီလိုလုပ်လျှင် ဘာတွေ အကျိုးပြစ်ရှိနိုင်သည် မစဉ်းစား၊ မြှောက်လျှင် သင့်သည် မသင့်သည်တောင် မစဉ်းစားပဲ ကျေနပ် နေတတ်သည့် သာမာန် လူတစ်ယောက်ထက် ပိုမိုသည့် တုန့်ပြန်ချက်မရရှိခဲ့ပါချေ။
ထိုသို့ ထိုသို့ သုံးသပ်မိသော အခါဝယ် သူမအား နိုင်ငံတော် အတွက် အားကိုး သင့်သည့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်း ဆိုင်ရာတို့တွင် ထူးခြားချက်အား မတွေ့ရှိ ပါတော့ချေ။ သင်တို့သည် သူ့နေရာမှာ ငါသာဆိုလုပ်နိုင်မှာမဟုတ်ဘူး ဆိုသည့် လုပ်ဆောင်ချက် မျိုးကို သူမထံမှ တွေ့ဘူးပါသလား။ မည်သူမဆို သူမနေရာ ရောက်လျှင် သူမလောက်တော့ ပြုမူနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
သို့သော် သူမသည် ချက်နှင့်လက်နှင့် စကားပြောကောင်းသူ တစ်ဦးဖြစ်၏၊ ဖခင် အရှိန်ဖြင့် မြန်မာ ပြည်သူတို့အား လွှမ်းမိုး ချုပ်ကိုင်နိုင်သူဖြစ်၏၊ ပညာတတ်သူ တစ်ဦးဖြစ်၏။ တဖြည်းဖြည်းနှင့် နိုင်ငံရေး အတွေ့အကြုံများ ရင့်ကျက်လာနေသူ တစ်ဦးဖြစ်၏။ ထို့ကြောင့် အမှန်တကယ် ကြိုဆိုသင့်သည့် ဝေဖန်မှုများအား ပြုပြင်ကာ ထိန်းသိမ်းရင်း ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ရန် ကြိုးစားလျှင်မူ မြန်မာ နိုင်ငံရေး သမားများ ထဲတွင် အလားလာ အကောင်းဆုံးသူ တစ်ဦးအဖြစ် ဆက်လက် ရပ်တည် နိုင်သည်ကိုမူ ကျွန်တော့်အနေဖြင့် ငြင်းချက်မရှိပါချေ။
သို့မဟုတ်ပါလျှင်မူ အဆိုပါအမျိုးသမီး၏ လက်တွင်းသို့ နိုင်ငံအား အပ်နှင်းရန် ကြံစည်မှုသည် ????.....
ကျေးဇူးတင်ပါသည်
မျိုးမြန်မာ
Labels: ဆောင်းပါး
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စုကြည်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော် အမြင်

ကျွန်တော်သည် နိုင်ငံရေး အကြောင်း ဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဆွေးနွေးချက် များအား တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိ၏။ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင်ကြီး၏ သမီး ဖြစ်ခဲ့ဖူးပြီး အမျိုးသမီး တစ်ဦးလည်း ဖြစ်နေသည့် ဒေါ်စုကြည်အား ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဝေဖန် ဆွေးနွေးရန် များစွာပင် ၀န်လေး မိပါသည်။ သို့သော် သူမသည် သာမာန် အမျိုးသမီ မဟုတ်ပဲ နိုင်ငံအား အုပ်ချုပ်ခွင့် ရရန် ကြိုးပမ်းနေသူ တစ်ဦး ဖြစ်နေခြင်း၊ ပြည်သူ အများစုသည် သူမအား အမိနိုင်ငံတော်၏ အုပ်ချုပ်ခွင့်ကို ပေးအပ်ရန် ဆန္ဒ ထက်သန် နေကျခြင်း တို့ကြောင့် သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်များသည် လည်းကောင်း၊ အမူစရိုက် များသည် လည်းကောင်း နိုင်ငံတော်၏ အရေးနှင့် များစွာ ဆက်စပ် ပက်သက် လာသည်ဟု ယူဆသဖြင့် မျက်နှာ မလွှဲပဲ အရေးပြု ဆွေးနွေးခြင်း ဖြစ်ပါသည်။
အတိုက်အခံ ပါတီ အန်အယ်ဒီတွင် ထိပ်ပိုင်း ဦးဆောင်သူ များစွာ ရှိပါလျှက် သူမ တစ်ဦးတည်း ကိုသာ ဦးတည် သုံးသပ် ရခြင်းမှာ အန်အယ်ဒီကြောင့် သူမရှိနေခြင်း မဟုတ်ပဲ သူမကြောင့်သာ အန်အယ်ဒီ ရပ်တည်နေခြင်း၊ သူမ၏ သြဇာအာဏာသည် အန်အယ်ဒီတွင် အကြွင်းမရှိ လွှမ်းမိုးနေခြင်း များကြောင့် အခြားသော ပုဂ္ဂိုလ် များအား ဝေဖန်ခြင်း မပြုတော့ပဲ ချန်လှပ်ခြင်းလည်း ဖြစ်ပါသည်။
ထိုသို့ သူမ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်များအား သုံးသပ်ရာတွင် သူမ၏ အားနည်းချက် ဖြစ်သော အိမ်ထောင်ရေးကို လက်ညှိုးထိုး နေမည်မဟုတ်ပဲ ထိုအိမ်ထောင်ရေးကို အခြေပြုကာ သူမစိတ်ဓါတ်အား ပထမဦးစွာ သုံးသပ်လိုပါ၏။ သူမသည် နိုင်ငံခြားသား တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ ပါသည်။ ဗိုလ်မင်းရောင်သည် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း အညံ့မခံလျှင် ခေါင်းဖြတ်မည်ဟု လည်းကောင်း၊ ဆုငွေထုတ် ခြိမ်းခြောက်ခြင်းများကို လည်းကောင်း ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ ပါသည်။ သူမကို မည်သူသည် အင်္ဂလိပ်နှင့် အိမ်ထောင် မပြုလျှင်မရဟု ခြိမ်းခြောက်ခဲ့ပါ သနည်း။ မရှိပါ။ အလိုတူ အလိုပါပင် မိမိဆန္ဒနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ပါနည်း။ ငယ်ရွယ်ခြင်းနှင့် နိုင်ငံခြားတွင် ကြာမြင့်စွာ နေရခြင်းကြောင့် မြန်မာနိုင်ငံအပေါ် စိတ်ခံစားမှု လျော့ပါး လာခြင်းကြောင့် ဖြစ်သည်။ (အနေဝေးလျှင် စိမ်းသည် ဆိုသည်မှာ လူ့သဘာဝပင်ဖြစ်၏)။ သို့သော် သူမသည် ထိုအိမ်ထောင်ရေးကို အပြစ်တစ်ခု ပြုလုပ်မိသကဲ့သို့ (ထိုအချိန်က လူတို့၏ အိမ်ထောင်ပြုမှုသည် ယခုကဲ့သို့ ကျယ်ကျယ် ပြန့်ပြန့် လက်ခံမှု မရှိကြသေးချေ) သိရှိ ခံယူခဲ့ကြောင်းကို အိမ်ထောင်ကျ ပြီးနောက် လိပ်ပြာမလုံစွာ မြန်မာ အသိုင်းဝိုင်းနှင့် ပိုမိုစိမ်းကားစွာနေခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် မဖြစ်နိုင်မှ သာလျှင် အဆက်သွယ် လုပ်ခြင်းများသည် သိသာစွာပင် ဖြစ်လာပါ၏။ ထို့ကြောင့် သူမသည် မသိသောကြောင့် ပြုမူခဲ့ခြင်းမဟုတ်ပဲ အပြစ်တစ်ခုဟု ခံယူလျှက်ပင် စိတ်ခံစားမှုကို မထိန်းနိုင်ပဲ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်၏ဟု သုံးသပ်ပါသည်။
ယခုမူ သူမသည် လွန်စွာပင် စိတ်ဓါတ်ကြံ့ခိုင်လှသော ရဲရဲတောက် အမျိုးသမီးကြီးတစ်ဦး ဖြစ်နေပေပြီ... ဘ၀၏ နေရာ အသီးသီးတွင် ပျော့ညံ့စွာ အောက်ဆုံးထိ ဆွဲချထားခဲ့သည့် သူမ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များသည် နိုင်ငံ၏ထိပ်ပိုင်းနေရာကို ရယူနိုင်သောအနေထားတစ်ခုဖြင့် အရှိန်ပြင်းပြင်း ပေါ်ပေါက်နေသည်မှာ အံ့သြဖွယ်ပင်ဖြစ်၏။ အခြားတစ်ဖက်မှလည်း နိုင်ငံသည် (၈၈)အခါမှ ၀ုန်းဒိုင်းဆိုကာ ကောက်ခါငင်ခါ ဆင်းရဲသွားခြင်းမဟုတ်ပဲ တဖြည်းဖြည်း ကျဆင်းနေသည် ကာလ ရှည်ကြီးတွင် သူမသည် တစ်ချက်မျှ အရေးမလုပ် သတိ မရရှိခဲ့ခြင်း မှာလည်း သူမ၏နိုင်ငံ အပေါ် ထားရှိသော သံယောဇဉ်ကို များစွာပင် သံသယ၀င်မိပါသည်။
သာမာန် စိတ်ထား ပျော့ပြောင်းကာ ယိမ်းယိုင်လွယ်သည်ဟု ကောက်ချက်ချနိုင်သော အဆိုပါ အမျိုးသမီးသည် အဘယ့်ကြောင့် လွန်စွာ စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်လာပါ သနည်း။
အချက်သုံးချက်ဖြင့်သုံးသပ်လိုပါသည်။
၁) လက်ရှိအစိုးရသည် သူမ ဖခင်မျက်နှာကြောင့် သော်လည်းကောင်း၊ သူမနိုင်ငံ၏ ဖိအား (အင်္ဂလန်နိုင်ငံအား ဆိုလိုသည်) ကြောင့် သော်လည်းကောင်း သူမအား လွန်စွာဆိုးဝါးရက်စက်စွာ ပြုဝံ့မည် မဟုတ်ခြင်း၊ ပြုလိမ့်မည်မဟုတ်ခြင်း၊ ပြုနိုင်မည် မဟုတ်ခြင်း။
၂) နိုင်ငံတကာတွင် လည်းကောင်း၊ နိုင်ငံတွင် လည်းကောင်း သူမ မမျှော်လင့်ထား ခဲ့သည့် အဆင့်တစ်ခုကို ရရှိလာခြင်း။
၃) ပြည်သူ၏ အားပေးမှု၊ ချစ်မြတ်နိုးမှုများသည် သူမ၏စိတ်ကို များစွာပင် ရိုက်ခတ်စေခြင်း။ တစ်နည်း ဆိုလျှင် မေတ္တာ ရောင်ပြန် ဟပ်ခြင်း။
စသည် တို့ကြောင့်ဟု ကောက်ချက်ချ ပါ၏။ ထိုသို့ ရှေ့ဆက်တိုးလျှင် အကျိုး ရှိမည်၊ မိမိအတွက် လုံးဝ အကျိုး မယုတ်နိုင် ဆိုသည်ကို သေချာ နေသောအခါ ဘယ်အတွက်ကြောင့်များ နောက်ပြန်ဆုတ်ရန် လိုပါမည်နည်း။ ထိုအရာသည် ခိုင်မာသော စိတ်ဓါတ်မဟုတ်ပဲ အပိုင်တွက်သော စိတ်ဓါတ်သာ ဖြစ်သည်ဟု ဦးစွာ သုံးသပ် လိုပါသည်။
ဦးစွာ ဗိုလ်ချုပ် အကြောင်း အနည်းငယ် ပြောလိုပါသည်။ ကျွန်တော်သည် ဆွေးနွေးချက် များတွင် ဗိုလ်ချုပ် အကြောင်းကို တစ်ခါမျှ ထည့်သွင်းခြင်း၊ ဘလော့တွင် ဗိုလ်ချုပ်ပုံများ၊ စာသားများထည့်သွင်းခြင်းအား ယခုဆောင်းပါး မရေးခင်ထိ လုံးဝ မပြုလုပ်ခဲ့ပါချေ။ အဘယ်ကြောင့် ဆိုသော် ယခု ခေတ်ကဲ့သို့ မြန်မာ နိုင်ငံရေးတွင် ဗိုလ်ချုပ် အမည်အား မိမိနေရာအတွက်၊ အာဏာအတွက်၊ ထောက်ခံမှု အတွက်၊ ပိုက်ဆံအတွက်၊ မဲဆွယ်ရေး အတွက် အစချီပြီး အတွက်ပေါင်း များစွာအတွက် သမီး ဖြစ်ခဲ့ဘူးသူကပင် မရှောင် လှိုင်လှိုင် အသုံးချခြင်း ပြုနေ ကြချိန်တွင် ထိုသူများနှင့် ရောရောင်ကာ ပါဝင်မိမည်ကို စိုးရိမ်သောကြောင့် အထူးပင် သတိပြု ရှောင်ရှားခဲ့ ပါသည်။ ကျွန်တော် လေ့လာ မိသည်မှာ လက်ရှိ နိုင်ငံရေး လုပ်သူများသည် ပြည်သူ၏ ဗိုလ်ချုပ်အပေါ် ထားရှိသော သံယောဇဉ်နှင့် မြတ်နိုး လေးစားမှုအား အသုံးချကာ မိမိလမ်းကြောင်းသည် မည်မျှပင် သွေဖယ် စေကာမူ ဗိုလ်ချုပ် ပြောသည့် စကားများနှင့် အတင်းပင် စပ်ဟပ်ဖြတ် တောက်ယူကာ အသုံးချမှု ပြုကြခြင်းပင် ဖြစ်သည်။ ထိုသူတို့သည် မိမိတို့ လှုပ်ရှားမှုကို ကိုက်ညီစေမည့် မိန့်ခွန်းများကိုသာ ဖြတ်တောက်ယူကာ ကျန်အပိုင်း များအား ချောင်ထိုးမှုကိုလည်း မျက်နှာ ပြောင်ပြောင် ပြုဝံ့ကြသည်မှာ အထင်အရှားပင် ဖြစ်သည်။ နိုင်ငံ၏ အာဇာနည်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် အသုံးချခံ ဖြစ်နေသည်မှာ ရာဇ၀င်ရိုင်းမှုပင် ဖြစ်ချေ၏။
ဆက်လက်ဖော်ပြပါမည်။
Labels: ဆောင်းပါး
Sunday, December 30, 2007
“ ရသ ” ပျက်ရခြင်း အကြောင်း ...
ဒီဇင်ဘာမနက် သိပ်အေးလွန်းတဲ့ အတွက် ၊ သောင်းကျော်တန် ကော်ဖီတစ်ခွက်နဲ့ ၊ သိန်းလေးဆယ်ကျော် laptop ရှေ့မှာ (ကြွားတာနော်… ကြွားတာ…) ကမ္ဘာရွာပြားကြီး အရပ်သို့ ၊ ဖိနပ်မပါပဲ ငါနင်းဖြတ်ခဲ့တယ်….။
လေ့လာချင်စဖွယ် internet ပေါ်ဝယ် ၊ ကြားမြင်သုတ international news နဲ့တကွ ၊ ဖြစ်ကြောင်းကုန်စင် ဤကမ္ဘာမြေတခွင် ၊ မှတ်သားဖွယ်ရာ online ပေါ်မှာ ၊ ကြည့်ရှု့တိုးပွား သုတများကာ ၊ ကျင့်ကြံကြိုးကုပ် အားထုတ်နေရမယ့် အစား ၊ သောက်မှတ်မရှိတဲ့ ငါ့အကြည့်က ၊ ဘလော့တွေဆီပဲ ရောက်မိတယ် ….။
ဘလော့တွေ လျှောက်ကြည့် ၊ ဘာတစ်ခုမှ သောက်ဖြစ်မရှိ (ကျုပ်မပါဘူးနော်…) ကိုယ့်ကိုကိုယ် အဟုတ်ထင် ၊ စိတ်အလိုမကျ မပုတ်ချပြီး ၊ ပြဿနာကို အဖြေမရှာ ၊ ပုဂ္ဂိုလ်ရေးတွေ ဆဲလာ ၊ ဒီတော့ကျုပ်က ၊ ပေါက်ကွဲဒေါသ စိတ်အချဉ်ပေါက်ရ ၊ ကဲချင်လေသမျှ ကျုပ်မဆဲတတ်တော့ ကဗျာပဲဆပ်ရတာပေါ့ ၊ ဘလော့တွေက အချိုးမပြောင်း ကျုပ်မတော့အာညောင်း ၊ မုန်းစရာကောင်းတဲ့ ဒီမိုကရေစီအကြောင်း ၊ ဘလော့တကာမှာ တွေ့လေတော့ ကျုပ်ပြောရပြီပေါ့…။ (အဟမ်း…. အဟမ်း….)
ဒီမိုကရေစီဆိုတာ ပြည်သူတွေပါမှပါ ၊ ပြည်သူတွေမပါသ၍ ဒီမိုကရေစီဝေလာဝေး ၊ မူးကြောင်ကြောင်နဲ့ ဘလော့တွေ လျှောက်ရေး ၊ ပြည်သူတွေနားနဲ့ဝေး ၊ မင်းတို့လုပ်တဲ့ မီဒီယာ ၊ ပြည်သူတွေ အပျင်းပြေစရာ ၊ နားကလော်ယုံမှတစ်ပါး ၊ ပြည်သူတွေဝမ်းရေး ခက်လို့ ဘယ်မှာနိုင်ငံရေးလုပ်လဲ ၊ ပြည်သူတွေ နိုင်ငံရေး လုပ်ဖို့အရေး ၊ မင်းတို့ဒေါ်လာတွေ လာဝေပေး (ဒါဆိုငါလည်း လုပ်မယ်ဟေး…) ဒင်းတို့သွေးရူး သွေးတန်း လမ်းမပေါ်တက် သေးပန်းလဲ ၊ ဒီမိုကရေစီ ရမှာမဟုတ် ၊ မင်းတို့ဘလော့ပေါ် လက်စွမ်းပြ သေတောင် ဒီမိုကရေစီမရ ၊ သုံးမရတဲ့ထုံးနဲ့ နှလုံးမူချနေလို့ကတော့ ၊ မင်းတို့မသာပေါ်ယုံပေါ့…။ မင်းတို့ခေါ်တဲ့ နအဖ ၊ ရှစ်ဆယ့်ရှစ်ကို ကိုင်တွယ်ပြခဲ့တာ ၊ မသိလေရော့သလား ၊ ငယ်သေးလို့ မမှတ်မိရင် ၊ သမိုင်းကိုပြန်ကြည့် ၊ ဒါနဲ့များ လာလာချီသေး ၊ “ရွှေဝါရောင်တော်လှန်ရေး” ၊ မင်းတို့အဖေတွေက ပျင်းတောင်ပျင်းသေး ၊ ရွှေဝါရောင်မကလို့ စိန်ပြာရောင်လာလဲ ၊ ရိုင်ဖယ်ကိုတော့ မနိုင်ပေါင်…။
မင်းတို့သုံးတဲ့ ဂျင်ကလိနဲ့ ရိုင်ဖယ်ကျဉ်ကို လာမတုနဲ့ ၊ သောက်ရူးဖြစ်သွားမယ် ၊ ခုဘလော့ပေါ် ကြိုက်သလောက်ရမ်း ၊ ဒီမြေပေါ်လာမသရမ်းနဲ့ ၊ စစ်ဖိနပ်နဲ့ မျက်နှာအပ်မိမယ် ၊ မင်းတို့ကိုးကွယ်တဲ့ ခွပ်ဒေါင်း ၊ ရိုင်ဖယ်ကျဉ်အကြောင်း သိပါတယ်။ ဒီမယ် ဒေါင်းစုတ် ၊ သရဲကောင်း မလုပ်နဲ့ ၊ ရိုင်ဖယ်နဲ့တွေ့ရင် ၊ လဒကင် ဖြစ်မယ်။ စစ်ဖိနပ်အောက် ဒေါင်းမွေးမကပ်ရအောင် ၊ ဂျောင်ကပ်ပြီးလဲ မကုပ်နဲ့ ၊ ( H5N1 ) တုပ်လိမ့်မယ် ။ အီရတ်ကို အားကျ ၊ အမေရိကန်လာချမှ ဒီမိုကရေစီရမယ့် အိမ်မက် ၊ မင်းတို့ဒီတစ်သက် သေတောင်မမက်နဲ့။ ရှေးမူကိုမပြောင်း ၊ ဒီအတိုင်း ဂျောင်းနေလို့တော့ ၊ ထပ်စောင့်လိုက် အနှစ်(20) ၊ မင်းတို့မငယ်ပါဘူး.....။
ကျုပ်သဘော အမှန်ကိုပြောရလျှင် ၊ အကျိုးမရှိတဲ့ ခုလုပ်ရပ် ရပ်တန်းကရပ်လို့ ၊ အစိုးရနဲ့ပူးပေါင်း ဒီနိုင်ငံကောင်းစားရေး ၊ စေ့စပ်ကြောင်းလမ်းပေးပြီး ၊ ပြည်သူတွေအကျိုး အစွမ်းရှိသယ်ပိုးလို့ ၊ ကိုယ်လိုရာဆန္ဒ ၊ ပြည့်ဝအောင် လုပ်ပါလား။ ဒီလိုမလုပ် ခုလိုရှုပ်နေရင် ၊ အစိုးရနဲ့ မလိုက်လျှော ငြင်းဆန်ကော နေမယ့်အစား ၊ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီအိမ်မက် ၊ မြင်မက်ခွင့်ရရေး ၊ အစိုးရကို မျက်နှာချိုသွေး ၊ သူတို့အလိုကျ လုပ်မပြနိုင်ရင်တောင်မှ ၊ သူတို့ကြည်ဖြူဖို့အရေး မင်းတို့ကြံဆတွေးလို့ ၊ မေတ္တာသုတ်သာ ရွတ်နေပါ…။
-
ခုတော့ငါပြောမကောင်း ၊ ဒီဆောင်းမနက်ရဲ့ ၊ သောင်းကျော်တန် ကော်ဖီတစ်ခွက် ၊ ဒင်းတို့ကြောင့် အရသာပျက်ရပြီ…..။ ( သွန်ပစ်လိုက်ပြီ … ဟီးဟီး )
Labels: အရေမရ အဖတ်မရ
