ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Monday, June 6, 2011

NLD အဖွဲ့ဝင်များ မြိတ်မြို့ပေါ်ရှိ လူမှုရေးအဖွဲ့များအား ခုတုံးလုပ် အသုံးချ

၂၀၁၁ခုနှစ် ဇွန်လ ၅ရက်နေ့ ၁၀၀၀ နာရီအချိန် မြိတ်မြို့နယ် ပြင်းငယ်ကျေးရွာအုပ်စု မော်တောင်ရွာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ မြိတ်မြို့ပေါ်ရှိ ဘာသာရေး လူမှုရေး အဖွဲ့အစည်းများဖြစ်သည့် စိတ္တရောင်ခြည်အဖွဲ့၊ လေးကျွန်းဆီမီး စေတီတော်ကြီး တနင်္ဂနွေ သန့်ရှင်းရေးအဖွဲ့ ၊ သောကြာသန့်ရှင်းရေးအဖွဲ့ ၊ EDU ဆောက်လုပ်ရေးအဖွဲ့၊ ဆိပ်ငယ်ဈေးကြီး လူမှုရေး အဖွဲ့၊ အဆောင်ကောင်း ကုမ္ပဏီ စသည့် အဖွဲ့ (၆)ဖွဲ့မှ အင်အား စုစုပေါင်း (၃၅၀)ဦးခန့် စုပေါင်း၍ တန်ဖိုး (၁၃)သိန်းကျော်ရှိ စာရေးကိရိယာနှင့် ဗလာစာအုပ်များသွားရောက်လှူဒါန်းခဲ့ပါသည်။ ၄င်းအဖွဲ့များသည် အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသို့ လှူဒါန်းခဲ့သည်မှာ (၆)နှစ်ခန့် ဖြစ်ပြီဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ လှူဒါန်းရာသို့ တရားမ၀င် ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြိတ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုးလွင် ခေါင်းဆောင်သော အင်အား (၂၀) ဦးခန့်သည် ဒေါ်စုကြည် ရုပ်ပုံပါသော အင်္ကျီ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပါသော တီရှပ် အင်္ကျီ၊ ပင်နီ တိုက်ပုံနှင့် ရင်ထိုးတံဆိပ်များ တပ်ဆင်၍ သီးခြား လိုက်ပါလာပြီး ၄င်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ တန်ဖိုး (၇)သောင်း ရှိ စာရေးကိရိယာများ သီးခြားလှူဒါန်းခဲ့ခြင်း၊ လူမှုရေး အဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူခြင်း၊ ၄င်းတို့ ၀တ်စုံဝတ်ဆင်ထားသူများ အနေဖြင့် လူမှုရေး အဖွဲ့အစည်းဝင်များထဲတွင် ရောနှော၍ ၄င်းတို့ အခြင်းခြင်း ဓာတ်ပုံရိုက်ယူခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည့်ခဲ့ပါသည်။ တရားမ၀င်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အနေဖြင့် ထိုသို့ ပြုမှု ဆောင်ရွက်မှုများအပေါ် လူမှုရေး အဖွဲ့ဝင်(၆)ဖွဲ့မှ အဖွဲ့ဝင်များက ၄င်းတို့ အပေါ် ခုတုံးလုပ် အသုံးချပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အင်အားများအဖြစ် သတ်မှတ်ခံရမည်ကို လည်းကောင်း၊ ၄င်းတို့ လှူဒါန်းမှုများအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ လှူဒါန်းမှုများ အဖြစ် DVB အစရှိသော သတင်းဌာနနှင့် အင်တာနက်ဝက်ဆိုက်များတွင် ဖေါ်ပြမည်ကိုလည်းကောင်း၊ သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ၄င်းတို့ လူမှုရေးအဖွဲ့များအပေါ် သင်္ကာမကင်း ဖြစ်မည်ကို လည်းကောင်း စိုးရိမ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Thursday, March 11, 2010

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ


ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀)

၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်


(၂၀၁၀ ပြည့်နှစ်၊ မတ်လ ၈ ရက်)



နိဒါန်း



ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ဦးတည်ချက် ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေသော၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံ ကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်း နိုင်ရေး အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ အောက်ပါ ဥပဒေကို ပြဋ္ဌာန်း လိုက်သည်။



အခန်း(၁)



အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်



၁။ ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟု ခေါ်တွင်စေရမည်။



၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-



(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။



(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဆိုသည်မှာ လက်ရှိတိုင်းအသီးသီး သို့မဟုတ် ပြည်နယ် အသီးသီးကို ဆိုသည်။



( ဂ ) ကော်မရှင် ဆိုသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆိုသည်။



(ဃ) နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒ သဘောတရား တစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရ တည်ထောင်ခွင့် ပြုထားသော အဖွဲ့အစည်းကို ဆိုသည်။



(င) ပါတီ ဆိုသည်မှာ ပြည်ထောင်စုတစ်ဝန်းလုံးတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌ သာ ဖြစ်စေ စည်းရုံး ဆောင်ရွက်သည့် နိုင်ငံရေးပါတီကို ဆိုသည်။ ယင်းစကားရပ်တွင် ပါတီ၏ ပါတီအဖွဲ့ခွဲ အဆင့်ဆင့် လည်း ပါဝင်သည်။



(စ) ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲတို့ကို ဆိုသည်။



(ဆ) အထွေထွေ ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော် ပုံမှန်သက်တမ်း တစ်ရပ်အတွက် ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲကို ဆိုသည်။



(ဇ) ကြားဖြတ် ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန် သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ် တစ်ခုခု၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်း ထားရခြင်းကြောင့် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေ နှင့်အညီ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်း ခံရခြင်းကြောင့် ဖြစ်စေ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲကို ဆိုသည်။



(ဈ) မဲဆန္ဒနယ် ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ရွေးကောက် တင်မြှောက်ရန် ဥပဒေနှင့်အညီ ကော်မရှင်က သတ်မှတ်သော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကို ဆိုသည်။



(ည) ပါတီပိုင်ပစ္စည်း ဆိုသည်မှာ ပါတီပိုင်ရန်ပုံငွေနှင့် ပါတီပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း သို့မဟုတ် မရွှေ့မပြောင်း နိုင်သော ပစ္စည်းတို့ကို ဆိုသည်။



( ဋ ) သာသနာ့ဝန်ထမ်း ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည် –



(၁) ဗုဒ္ဓဘာသာဝင်များ အတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာ သာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊



ရှင်းလင်းချက် ။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေး ဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်း အဖြစ် ခေတ္တ ခံယူထားသူများ နှင့်လည်း သက်ဆိုင် စေရမည်။



(၂) ခရစ်ယာန် ဘာသာဝင်များ အတွက် ဖြစ်လျှင် ခရစ်ယာန် သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန် အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်း ခံရသော သို့မဟုတ် တာဝန် ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ ကိုးကွယ်သော ဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေး စည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံး ထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊



(၃) ဟိန္ဒူဘာသာဝင်များ အတွက် ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူ ဘုန်းတော်ကြီးများ။



(ဌ) ထောင်ဒဏ်ကျခံနေရသူ ဆိုသည်မှာ တရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံ နေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာတရားရုံး၏ ထောင်ဒဏ် စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်သူလည်း ပါဝင်သည်။



အခန်း(၂)



နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း



၃။ (က) ပါတီတစ်ရပ် တည်ထောင်၍ ပြည်ထောင်စု တစ်ဝန်းလုံးတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ ဖြစ်စေ စည်းရုံး ဆောင်ရွက်လိုသည့် ပါတီ တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့ တည်ထောင် လိုသော ပါတီ၏ အမည်ကို ဖော်ပြ၍ ပါတီဝင်များကို ဥပဒေနှင့် အညီ စည်းရုံးခွင့်ပြုရန် ကော်မရှင်သို့ လျှောက်ထား ရမည်။ လျှောက်လွှာတွင် ယင်းတို့သည် ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သူများ ဖြစ်သည့် အပြင် ပုဒ်မ ၆ ပါ အချက်များ ကိုလည်း လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။



( ခ ) ပုဒ်မခွဲ (က) အရ လျှောက်ထားသော လျှောက်လွှာကို လက်ခံရရှိလျှင် ကော်မရှင်သည် လျှောက်လွှာတွင် ဖော်ပြထားသော အချက်များကို စိစစ်၍ ဥပဒေနှင့် ညီညွတ်ကြောင်း တွေ့ရှိပါက လျှောက်ထားချက်ကို ခွင့်ပြုရမည်။ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိပါက လျှောက်ထားချက် ကို ငြင်းပယ်ရမည်။



( ဂ ) ပါတီ တည်ထောင် လိုသူများသည် ပုဒ်မခွဲ (ခ) အရ ခွင့်ပြုချက် ရရှိလျှင် မိမိတို့အနက်မှ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင် တစ်ဦးတို့ကို ရွေးချယ်ရမည်။



၎။ ပါတီ တည်ထောင်လိုသူ များသည် အောက်ပါ အချက်များနှင့် ကိုက်ညီရမည်-



(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း၊



( ခ ) အသက် ၂၅ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊



( ဂ ) သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊



(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊



( င ) ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊



(စ) နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲ ဥပဒေ တစ်ရပ်ရပ် အရ မတရားအသင်း အဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်း ဝင်များနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊



(ဆ) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် ငြိစွန်းသူ မဟုတ်ခြင်း၊



(ဇ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား အဖြစ် ခံယူထားသူ မဟုတ်ခြင်း။



၅။ ပါတီ တည်ထောင်လိုသူ များ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်း၍ မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် အောက်ပါ အချက်များကို တင်ပြပြီး သတ်မှတ်သည့် အတိုင်း ကော်မရှင်သို့ လျှောက်ထားရမည်-



(က) တည်ထောင်လိုသော ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်၊



( ခ ) တည်ထောင်လိုသော ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်၊



( ဂ ) ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊



(ဃ) ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီ တည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်အမှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်၊



( င ) ပုဒ်မ ၆ နှင့်အညီပြုလုပ်ထားသော ဝန်ခံချက်၊



(စ) ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ဝဝဝ ကို စည်းရုံးမည် ဖြစ်ကြောင်း ဝန်ခံချက်၊ (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅ဝဝ ကို စည်းရုံးမည် ဖြစ်ကြောင်း ဝန်ခံချက်။



၆။ အောက်ပါ အချက်များအား စောင့်ထိန်း လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံချက်ကို ပုဒ်မ ၅ အရ လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်-



(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ထိန်းသိမ်း စောင့်ရှောက်ရေး၊



( ခ ) တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊



( ဂ ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး၊



(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ် စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး၊



(င ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရေး၊



(စ) နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး။





၇။ အောက်ပါ အဖွဲ့အစည်း တစ်ရပ်ရပ်သည် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားခွင့်မရှိစေရ -



(က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်း အဖြစ် ကြေညာခြင်း ခံရသော အဖွဲ့အစည်း၊



( ခ ) နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ မတရားအသင်း အဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြုသည့် အဖွဲ့အစည်း၊



( ဂ ) နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူ သုံးစွဲသည့် အဖွဲ့အစည်း၊



(ဃ) နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း ပြုသည့် အဖွဲ့အစည်း၊



(င) ဘာသာရေးကို နိုင်ငံရေးကိစ္စ အတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်း။



၈။ (က) ပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ ပါတီ၏အမည်၊ အလံနှင့် တံဆိပ်တို့ကို တင်ပြရာတွင် ဘာသာ၊ သာသနာနှင့် ယှက်နွယ်သော သို့မဟုတ် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထိခိုက်စေသော အမည်၊ အမှတ်အသား သို့မဟုတ် သင်္ကေတကို ရှောင်ရှားရမည်။



(ခ) မှတ်ပုံတင်ခွင့် ပြုရန် လျှောက်ထားသော ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့သည် မှတ်ပုံတင် ထားပြီးသော သို့မဟုတ် ပုဒ်မ ၅ အရ လျှောက်ထားပြီးသော အခြားပါတီတစ်ခု၏ အမည်၊ အလံ သို့မဟုတ် တံဆိပ်နှင့် တူညီနေလျှင် သော်လည်းကောင်း၊ ဆင်တူယိုးမှား ဖြစ်နေလျှင် သော်လည်းကောင်း ကွဲပြားစေရေးအတွက် ဆောင်ရွက်ရန် ကာလ သတ်မှတ်၍ ကော်မရှင်က ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် လျှောက်လွှာကို ပယ်ရမည်။



၉။ ပါတီ တည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားသည့် အခါ ကော်မရှင်သည် သတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက် နှင့် ညီညွတ်ပါက မှတ်ပုံတင်ခွင့် ပြုနိုင်သည် သို့မဟုတ် ညီညွတ်ခြင်း မရှိပါက မှတ်ပုံတင်ခွင့် ပြုရန် ငြင်းပယ်နိုင်သည်။



၁ဝ။ ပါတီဝင်များ စည်းရုံးရာတွင် အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ် စည်းရုံးရမည် –



(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း၊



( ခ ) အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊



( ဂ ) သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊



(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊



(င) ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊



(စ) နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်း အဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်း အဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊



(ဆ) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် ငြိစွန်းသူ မဟုတ်ခြင်း၊



(ဇ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား အဖြစ် ခံယူထားသူ မဟုတ်ခြင်း၊



(ဈ) ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်း လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံ ထားသူဖြစ်ခြင်း။



၁၁။ ပါတီတစ်ခုသည် ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှစ၍ –



(က) သတ်မှတ်ချက်များနှင့် ကိုက်ညီသော ပါတီဝင်ခွင့် လျှောက်ထားသူများအား ပါတီဝင် အသိအမှတ်ပြုလွှာများ ထုတ်ပေးခြင်း၊ ပါတီဝင်များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေးများ ကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို ပါတီစည်းမျဉ်း နှင့်အညီ ဆောင်ရွက်နိုင်သည်။



(ခ) ပါတီဝင် အသိအမှတ်ပြုလွှာများ ထုတ်ပေးပြီးသော ပါတီဝင် အင်အားစာရင်းကို ပြုစုထားရှိပြီး ယင်းစာရင်းကို သတ်မှတ်သည့် အတိုင်း ကော်မရှင်သို့ တင်ပြရမည်။



အခန်း(၃)



ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း



၁၂။ (က) ပါတီတစ်ခုသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည် ပိုင်ခွင့် မရှိစေရ -



(၁) အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊



(၂) တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်း အဖြစ် ကြေညာခံရခြင်း၊



(၃) နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်း အဖြစ် ကြေညာ ခံထားရသော အဖွဲ့အစည်း သို့မဟုတ် ယင်း အဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊



(၄) ပုဒ်မ ၆ ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊



(၅) နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိခြင်း၊



ခြွင်းချက်။(၁) နိုင်ငံတော်ပိုင် ငွေကြေးဟူသော စကားရပ်တွင် ထိုပါတီ၌ ပါဝင်သော ပုဂ္ဂိုလ်များ၏ အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေး သော်လည်းကောင်း၊ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင် ထောက်ပံ့ချီးမြှင့် ထားသော လစာ၊ စရိတ်၊ ငွေကြေး သော်လည်းကောင်း မပါဝင်၊



(၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ထိုပါတီ၌ ပါဝင်သော ပုဂ္ဂိုလ်များအား ဥပဒေ တစ်ရပ်ရပ် အရ သော်လည်းကောင်း၊ တာဝန်အရ သော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့် ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်း သုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြား အဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့ မပါဝင်။



(၆) ပုဒ်မ ၁ဝ ပါ အချက် တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသော သူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင် ထိမ်ချန် ထားရှိခြင်း၊



(၇) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါ သတ်မှတ်ချက် အတိုင်း ပါတီဝင် ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်း တွေ့ရှိခြင်း။



(ခ) ကော်မရှင်သည် ပုဒ်မခွဲ (က)ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်း ကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်။





၁၃။ ပါတီတစ်ခုသည် ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါ အနည်းဆုံး ပါတီဝင် အရေအတွက်ကို သတ်မှတ်ထားသည့် ရက်အတွင်း စည်းရုံး ရရှိပြီးကြောင်း ကော်မရှင်သို့ တင်ပြရမည်။ ယင်းသို့ တင်ပြပြီးသည့် နောက်ပိုင်းတွင် ယင်းပါတီ၏ ပါတီဝင် အရေအတွက်မှာ သတ်မှတ်ထားသည့် အနည်းဆုံး ပါတီဝင် အရေအတွက်အောက် လျော့နည်း သွားပါက ရက်ပေါင်း ၉ဝ အတွင်း သတ်မှတ်ချက်များ အတိုင်း ပြည့်မီစေရေး အတွက် ဆောင်ရွက်ရမည်။ ယင်းသို့ ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ကော်မရှင်က ယင်းပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။



အခန်း(၄)



ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း



၁၄။ ပါတီပိုင် ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သတ်မှတ်သည့် အတိုင်း စာရင်းများ စနစ်တကျ ပြုစုထားရှိခြင်းတို့ကို အောက်ပါ ပုဂ္ဂိုလ်များက တာဝန်ယူ ဆောင်ရွက်ရမည်-



(က) ပါတီဌာနချုပ် အတွက် ဖြစ်လျှင် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊



(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများ အတွက် ဖြစ်လျှင် သက်ဆိုင်ရာ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီအတွက် ဖြစ်လျှင် သက်ဆိုင်ရာ စည်းရုံးရေးမှူး။



၁၅။ (က) ပါတီပိုင် ရန်ပုံငွေကို အောက်ပါအတိုင်း ကောက်ခံစုစည်း၍ စာရင်း ပြုစုထား ရမည်-

(၁) ပုဒ်မ ၁၁ အရ ကောက်ခံရရှိထားသော ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး၊



(၂) ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းက ဖြစ်စေ၊ အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့က ဖြစ်စေ ၄င်းတို့ တရားဝင် ရရှိထားသော ငွေကြေးပစ္စည်း များထဲမှ ပါတီသို့ လှူဒါန်း ထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်း၊



(၃) ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသောငွေနှင့် အမြတ်အစွန်း။



(ခ) ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁)နှင့် (၂)တို့အရ ရရှိသော ငွေကြေး၊ ပစ္စည်းများ ပေါ်တွင် ထမ်းဆောင် ရမည့် အခွန်အခများကို ကင်းလွတ်ခွင့် ပြုသည်။





၁၆။ ပါတီတစ်ခုသည်လွှတ်တော်သက်တမ်းတစ်ရပ်အတွင်း -



(က) မိမိပါတီ စည်းရုံးရေး အတွက် ပါတီစည်းမျဉ်း နှင့်အညီ သတ်မှတ်ထားသော အသုံးစရိတ်များကို သုံးစွဲခွင့်ရှိသည်။



(ခ) အထွေထွေ ရွေးကောက်ပွဲ၌ ဖြစ်စေ၊ ကြားဖြတ် ရွေးကောက်ပွဲ၌ ဖြစ်စေ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် သတ်မှတ်ထားသော အသုံး စရိတ်များကို သုံးစွဲခွင့် ရှိသည်။



၁၇။ ပါတီတစ်ခုသည် မိမိ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင် ပစ္စည်းများနှင့် စပ်လျဉ်းသည့် နှစ်ချုပ် စာရင်းပြုစုခြင်း၊ ပါတီစည်းမျဉ်း နှင့်အညီ အတည်ပြုချက် ရယူခြင်းတို့ကို သတ်မှတ်သည့် အတိုင်း ဆောင်ရွက်ရမည်။



၁၈။ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင် အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီရယူနိုင်သည်။



၁၉။ (က) ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဤဥပဒေအရ မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်ခံရလျှင်ဖြစ်စေ ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော် အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။



(ခ) ပုဒ်မခွဲ(က)အရ အပ်နှံသည့် ပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။





အခန်း(၅)



အထွေထွေ



၂ဝ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍-



(က) ကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။



(ခ) မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။



၂၁။ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာပါဝင်ဆောင်ရွက်ခွင့်ရှိသည်။



၂၂။ ပါတီအဆင့်ဆင့် ဖွဲ့စည်းမှုသည် အုပ်ချုပ်ရေးဆိုင်ရာနယ်နိမိတ်အတိုင်း ဖြစ်စေရမည်။



၂၃။ ကော်မရှင်သည် ပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်ရန် တာဝန်ပေးအပ်နိုင်သည်။



၂၄။ (က) ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် တည်ဆဲ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်း မရှိကြောင်း ကော်မရှင်က တွေ့ရှိလျှင် ကော်မရှင်သည် ထိုပါတီအား လိုအပ် သည် များကို လိုက်နာဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်။



(ခ) ပါတီတစ်ခု၏ ပါတီတွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့ တင်ပြတိုင်ကြား လာပါက ကော်မရှင် သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင် နိုင်ငံတော်၏ အကျိုးငှာ ထိုပါတီအား လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်။



(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ)အရ ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မရှင်သည် ယင်း ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည်။



(ဃ) ပုဒ်မခွဲ (ဂ)အရ ပါတီ၏မှတ်ပုံတင်ထားခြင်းကို ယာယီ ရပ်ဆိုင်းခြင်း ခံရလျှင် ယင်းပါတီသည် ထိုယာယီရပ်ဆိုင်း ထားသော ကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသော လုပ်ငန်းများမှအပ ပါတီ၏ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်း ထားရမည်။



(င) ပုဒ်မခွဲ(ဂ)ပါ ထိုယာယီ ရပ်ဆိုင်းထားသည့် ကာလ ကုန်ဆုံးသည်အထိ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကော်မရှင် သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။



၂၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ်၊ ၄/၈၈) အရ တည်ရှိနေသော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဤဥပဒေ ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့လျှောက်ထားရမည်။ ကော်မရှင်၏ ခွင့်ပြုချက် ရရှိသည့်အခါ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။



၂၆။ ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် လိုအပ်သော နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။



၂၇။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄ /၈၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။





( သန်းရွှေ )

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

















































နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ







ပြည်ထောင်စုမြန်မာနိုင်ငံတော်



နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ



(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀)



၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်



(၂၀၁၀ ပြည့်နှစ်၊ မတ်လ ၈ ရက်)






























































Monday, March 1, 2010

NLDပါတီ၏ အမှားတော်ပုံများ(၁၃)


ထိပ်တိုက် ရင်ဆိုင်မှုကို ဆက်လုပ် လာသည်မှာ ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ ဖြစ်သူ - ဒီမိုကရေစီ ပါတီ ဥက္ကဌ စိန်ဝင်း ဖြစ်သည်။ ဒီမိုကရေစီ ပါတီသည် NLD ၏ အရန်ပါတီ ဖြစ်ကြောင်း အားလုံး သိကြသည်။ စိန်ဝင်းနှင့် အရွေးချယ် ခံထားရသော ကိုယ်စားလှယ် (၄၂) ယောက်သည် မန္တလေးတွင် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသည်။ ၄င်းတို့၏ အကြံ အစည်မှာ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း ဆူပူမှု ဖန်တီးပြီး စင်ပြိုင် အစိုးရဖွဲ့မည်၊ ၄င်းအဖွဲ့ကို နိုင်ငံခြား အစိုးရများက အသိအမှတ်ပြုအောင် လုပ်ကြံ ဖန်တီးမည် ဟူသည့် အစီအစဉ်ဖြစ်သည်။

ဤလုပ်ရပ်ကို နိုင်ငံတော် အစိုးရက လက်မခံပဲ ပါဝင်လှုပ်ရှားသူများကို ဖမ်းဆီး ထိမ်းသိန်းခဲ့သည်။ စိန်ဝင်းအပါအ၀င် (၁၁)ယောက် လွတ်မြောက်သွားပြီး မူလ အစီအစဉ်ပါ အတိုင်း တောခိုသွားသည်။ (၁၈ ၊၁၂၊ ၁၉၉၀) ရက်နေ့တွင် KNU သောင်းကျန်းသူ နယ်မြေ မာနယ် ပလော၌ ပြည်ပြေးစိန်ဝင်း ဦးဆောင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ဟူ၍ ဖွဲ့ခဲ့သည်။ အနောက် မီဒီယာများ ကလည်း NLD လွတ်မြောက်နယ်မြေ အဝေးရောက် အစိုးရဟု ရေးသား ပွဲထုတ်ပေးခဲ့ ကြသည်။

ပြည်ပြေးစိန်ဝင်းက စင်ပြိုင်အစိုးရ ဖွဲ့ရန်အတွက် ၄င်းအား အရွေးချယ်ခံ ကိုယ်စားလှယ် (၂၅၀)က လက်မှတ်ရေးထိုးပြီး တာဝန်ပေးအပ် ခဲ့သည်ဟု လိမ်လည် လှည့်ဖျား ကြေငြာသည်။ ယင်းကြေငြာချက်နှင့် ပတ်သက်၍ ဘာမျှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ပေ။ ပြည်တွင်းရှိ အရွေးချယ်ခံ ကိုယ်စားလှယ်များ ကလည်း ၄င်းတို့ လက်မှတ် ရေးထိုးပေးခြင်း၊ တာဝန် ပေးအပ်ခြင်း မပြုခဲ့ကြဟု ထွက်ဆိုကြသည်။ NLD ကလည်း စိန်ဝင်း၏ စင်ပြိုင်အစိုးရ ဆိုသည်မှာ ၄င်းတို့ပါတီနှင့် လုံးဝ မသက်ဆိုင်ကြောင်း ကြေငြာ ခဲ့သည်။ သို့ရာတွင် စိန်ဝင်း ဦးစီးသည့် ပြည်ပြေး(၁၁)ယောက်တွင် NLDမှ ရွေးချယ်ခံ ကိုယ်စားလှယ်အချို့ ပါဝင်လျက် ရှိနေပေသည်။

ယင်းသို့ ဂန္ဓီအစည်းအဝေး ကိစ္စ၊ စင်ပြိုင်အစိုးရ ကိစ္စများ ဆက်တိုက် ဖြစ်ပွား လာသဖြင့် ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်မှု အပေါ် စိတ်ကုန်ပြီး NLD မှ နှုတ်ထွက်သူများ ရှိလာ ခဲ့သည်။ ဥပဒေ ချိုးဖေါက်မှုကြောင့် အရေးယူခံရ သူများလည်း ရှိသည်။ ပါတီနိုင်ငံရေးကို စိတ်ကုန်သူများ ပိုများလာခဲ့သည်။ အစုလိုက် အပြုံလိုက် နှုတ်ထွက်သူများ၊ ပါတီအတွင်း အုပ်စုလိုက် အကွဲအပြဲများ ပိုများလာသည်။ ဒေါ်စုကြည်အဖွဲ့မှ နှုတ်ထွက်သူ တော်တော် များသည်။ ဗဟိုဦးစီး အဖွဲ့ဝင်များပင် ပါသည်။

ယင်း အခြေအနေ၌ NLD သည် နိုင်ငံရေး အဖတ်ဆယ်ရန် လိုအပ်လာသည်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တော်တော်များများ ကိုယ်တိုင် နိုင်ငံတော်၏ အမိန့်များ ညွှန်ကြားချက်များနှင့် ဥပဒေကို ချိုးဖေါက်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ ဥပဒေ ချိုးဖေါက် သူများကို NLD အတွင်း ဆက်ထားခြင်းဖြင့် ပါတီ၏ တရားဝင် ရပ်တည်မှုကို ထိခိုက် လာနိုင်သည်ဟု ယူဆပြီး ဒေါ်စုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင် စသူများ အပါအ၀င် အချို့ကို NLD မှ ထုတ်ပယ်ကြောင်း ဥက္ကဌ ဦးအောင်ရွှေက ကော်မရှင်အား အကြောင်းကြား ခဲ့သည်။

Friday, February 26, 2010

မြန်မာသည် မြန်မာအတွက်


မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်။
မြန်မာယောင်ဆောင်ထားသော တိုင်းတစ်ပါး အလိုတော်ရိနှင့်
တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ။

(နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်)

Thursday, February 18, 2010

ဒေါ်လာစားတို့ ၀ါဒီ


1. မိမိဟာ ပညာမတတ်သူ တစ်ယောက် ဖြစ်ချင်ဖြစ် နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ် နေပါစေ၊ ကိုယ့်နိုင်ငံ ထဲမှာ အဆင် မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေ ဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆို ရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကု နိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူ ကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ် နေရသူဖြစ်ပစေ၊ ပြည်သူ့ အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်း မလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန် သုံးသပ်မှုတွေ လုပ်ပေးရမယ်။

2. တဖက်က လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက် အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြား တစ်ဖက်ကလည်း ၀ိနည်းညီ သံဃာတွေ၊ မိမိတို့ သံဃာ အလုပ်ကို လုပ်ပီး ခရီးသွားလာ နေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ် မှုပေါင်း အတော မသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူ သောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက် တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူ ခေါင်းဆောင် တစ်ယောက် ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။

3. စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေ တွေ့လိုက်ရတဲ့ လူငယ်ရုပ် စစ်သားလေးတွေတွေ့ရင် အတင်း ဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့ အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူ တွေရဲ့ အမည်ပေါင်းစုံနဲ့ တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာ တွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။

4. စစ်တပ် အနေနဲ့ ရှေ့တန်း စစ်မျက်နှာ စစ်ဆင်ရေး တွေမှာ ရွာတွေထဲမှာ အယောင်ဖျောက် နေတဲ့ သောင်းကျန်သူ တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့ အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ် နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ် သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့ မဆိုင်ဘူး။

5. မြန်မာအစိုးရက ပိုက်လိုင်း ချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာ နေရာတွေကို ပြောင်းရွှေ့ လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်း နေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာ စိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေး အမြတ်ထုတ်လို့ ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သား ဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည် စခန်းတွေဆီ အတင်းအကျပ် ရွှေ့ပြောင်းစေမှုတွေ ကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်း စီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။

6. အစိုးရရဲ့ ပိတ်ဆို့မှု များစွာကြားက စီးပွားရေး လုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန် နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုး စွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံ တွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်း ဖလှယ်တာတွေ၊ လက်ဝါးရိုက်တာ တွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။

7. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံ ကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက် စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။

8. အဂတိ လိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည် ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။

9. တဖက်မှာ အစိုးရဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ား ဖမ်းဆီးပါတယ် ပြောလို ပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေး လာသူတွေကိုလည်း ဆီးကြို နေရာပေးခြင်း များကို ပြုလုပ်ရမယ်။

10. မုန်တိုင်း အတွက် နိုင်ငံတကာက လှူဒါန်း ပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့ အချိန်မှာ ဘယ်လို ရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာ အပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်း မသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။

11. မြန်မာ့ပြည်တွင်း သတင်းဌာနကို သတင်း လွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမ ပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက် အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။

12. အစိုးရကို ရိုးသားမှု မရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကို တင်ရမယ်။ အဲဒါတွေ ကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံ အင်တာဗျူးတွေ လွှင့်ရမယ်။

13. ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည် ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေး လုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေ ကြားမှာ အသေအပျောက်တွေ များ လာမှာ စိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေ မဟုတ်ပဲကို စစ်ရေးအရ ၀င်အောင် နိုင်ငံရေး တိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံး အပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲ ဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။

14. နောက်ဆုံး အဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူ ရှုကောင်း ရှုထားပြီး ငါပြောသလိုမ ပြောရင် ငါ့ရန်သူပဲ မြင်ကောင်း မြင်ရမယ်။ သတ်မယ် ဖြတ်မယ် ကျိန်းဝါးတဲ့ အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။

15. လက်တလော ပက်စပို့ သည် အရေးအကြီးဆုံး ဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက် ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေ အုံးမယ်။ အားလုံးက နားလည်ပေးစေချင် ပါတယ်။

Wednesday, February 17, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၁၃)


နိုင်ငံတော် အစိုးရသည် NLD ၏ ဥပဒေကို ချိုးဖောက်နေသည့် ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်ရေး လုပ်ရပ်များကြောင့် NLD ပါတီကို အရေးယူ ဖျက်သိမ်းမှု ပြုလုပ်နိုင်သည့် အထိ သက်သေ အထောက်အထားများ အခိုင်အလုံ ရရှိခဲ့ပေသည်။ သို့ရာတွင် ပါတီစုံ ဒီမိုကရေစီ ထူထောင်ရေး အတွက် ရှိသင့်ရှိထိုက်သည့် နိုင်ငံရေးသမား မျိုးဆက် ပြတ်မသွား စေရေးအတွက် အဘက်ဘက်မှ သည်းခံ စောင့်ထိန်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က NLD အား လျှို့ဝှက် အဆင့်အတန်းရှိသည့် “အမျိုးသားရေးရာ ဖြစ်ပေါ် တိုးတက်မှု အစဉ် ထိန်းကျောင်း ဖေါ်ဆောင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ သဘောထား “ ဆိုသည့် စာတမ်းတစ်စောင်ကို ပေးပို့ခဲ့သည်။ ယင်းလုပ်ဆောင်ချက်သည် နိုင်ငံတော်အစိုးရနှင့် NLD တို့အကြား ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်အောင် ဖန်တီး လမ်းခင်း ပေးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် NLD က တစ်လွဲ ဆံပင်ကောင်းပြီး ထိုစာတမ်းကို နိုင်ငံခြားသံရုံးများ နှင့် အခြား မသက်ဆိုင်သူများထံ ရောက်အောင် မိတ္တူကူးပြီး ဖြန့်ဝေခဲ့သည်။ ယင်းသို့ လျှို့ဝှက်ချက်ကို မထိမ်းသိမ်းဘဲ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည့် အတွက် NLD ဗဟိုဦးစီးအဖွဲ့ ၀င် ဦးကြည်မောင်နှင့် ဦးချစ်ခိုင်တို့သည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေအရ အရေးယူ ခံခဲ့ကြ ရသည်။

ထို့ကြောင့် NLD သည် ဗဟိုအလုပ်မှုဆောင် အဖွဲ့ ပြန်ဖွဲ့ပြီး ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး (၅/၉၀) ခေါ်ယူ ကျင်းပခဲ့သည်။ အစည်းအဝေး ဆုံးဖြတ်ချက်အဖြစ် ဒီမိုကရေစီ ပြည်ထောင်စုသစ် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် NLD က ကမကထ ပြုပြီး ပြင်ဆင်မှုများ စလုပ်သွားမည်ဖြစ်ကြောင်း NLD ၏အစီအစဉ်များ အစိုးရထံ ပေးပို့ခဲ့သည်။ တွေ့ဆုံညှိုနှိုင်းရန် အဆိုပြုမည်ဟုလည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ အခြေအနေ ကောင်းများ ဖြစ်ပေါ်ရန် အပြန်အလှန် ချဉ်းကပ်မှုများ ရှိခဲ့သော်လည်း NLD အတွင်း၌ ဆရာမနိုင် နှစ်ဆောင်ပြိုင် ကဲ့သို့ ဖြစ်ခဲ့သည်။ ဒေါ်စုကြည်၏ နောက်လိုက်ုများက ထိပ်တိုက် လုပ်လိုကြသည်။ NLD ဗဟို၌ နေရာ ရနေသော မျိုးချစ်ရဲဘော်ဟောင်း များက နည်းလမ်းသစ် များဖြင့် ချဉ်းကပ်လိုကြသည်။ NLD ၏ အစည်းအဝေး (၅/၉၀) ဆုံးဖြတ်ချက်ကို ဒေါ်စုကြည်၏ အဖွဲ့၊ ဒေါ်စုကြည် ကို လိုလားသည့် ပါတီဝင်များက လက်မခံခဲ့ကြပေ။ ယင်းဆုံးဖြတ်ချက်သည် န၀တ၏ (၁/၉၀) အောက်ကို ခေါင်းငုံ့ လျှိုဝင်ခြင်း ဖြစ်သည်ဆိုပြီး ကန့်ကွက်ခဲ့ ကြသည်။ သီးခြား လှုပ်ရှားပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ပြင်းထန်အောင် လုပ်ဆောင်သူများ ရှိခဲ့သည်။

ဗကပယူဂျီများ၊ သံရုံးအချို့မှ သံတမန်များနှင့် လက်ခါးချင်းရိုက် လုပ်ဆောင်ခဲ့ကြသည်။ စင်ပြိုင်အစိုးရဖွဲ့ရန် ရန်ကုန်တွင် ညှိုနှိုင်းခြင်း၊ မန္တလေးသို့ သွားရောက် တိုင်ပင်ခြင်းများ လုပ်ခဲ့သည်။ မန္တလေးတွင် ဆူပူမှုများဖြစ်ပွားစေရန် NLD အချို့က ၀တပ်များ၊ သံရုံးမှ လူများနှင့် ပူးပေါင်း လှုပ်ရှားခဲ့ကြသည်။ စင်ပြိုင် အစိုးရဖွဲ့ရန် အားထုတ်ခြင်း သည် နိုင်ငံတော်ကို သစ္စာ ဖောက်ဖျက် ပုန်ကန် ကျုးလွန်ခြင်းပင် ဖြစ်ပေ သည်။ ။

Sunday, January 31, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၁၂)


ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ ရှိသည့် အနက် NLD က မဲဆန္ဒနယ် ၃၉၂ နယ်၌ အနိုင်ရရှိခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က မဲဆန္ဒနယ် ၁၀ နယ်တွင် အနိုင်ရရှိသည်။ ကျန်အနိုင် ရရှိသည့် ပါတီများမှာ လူမျိုးများအလိုက် မိမိတို့ ဒေသများတွင် အနိုင်ရရှိခြင်း ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တပ်မတော်ကသာ တိတိကျကျ ကြားနေပြီး ဘက်မလိုက် ခဲ့သော်လည်း နိုင်ငံရေး အင်အားစု အချို့သည် မိမိတို့ အနိုင်ရရှိရေး အတွက် မတရားသော နည်းလမ်းများ သုံးစွဲခဲ့ကြသည်ဟု ဆိုသည်။ လူအုပ်စုဖြင့် မဲထည့် ခိုင်းမှုမျိုး ရှိခဲ့သည်။ မိမိတို့ ပါတီကို မဲမထည့်လျှင် ရပ်ကွက်အလိုက် မီးလောင်တိုက် သွင်းပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုမျိုးလည်း ရှိသည်။ ကျေးရွာအဆင့်၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ကျ သူများအား အနိုင်ကျင့်မှု များလည်း ရှိကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှ်ခဲ့သော နိုင်ငံရေးပါတီ အချို့၏ လုပ်ရပ်ကို ပြန်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်သည်။

(၁) ငွေကြေးအင်အားဖြင့် အမတ်နေရာ ၀ယ်ယူထားနိုင်သည့် ဘာသာရေးအစွန်း ရောက်များက ဘာသာရေး နယ်မြေခွဲထွက်ရေး ပြင်ဆင် လာကြသည်။ မအောင်မြင်ပါက လက်နက်ကိုင် တိုက်ခိုက်မည်ဟု ကြံရွယ်သည်။

(၂) လူမျိုးရေး အမြင် ကျဉ်းမြောင်းသည့် ပါတီများကလည်း နယ်မြေ ခွဲထွက်ရန် ပြင်ဆင်လာ ကြသည်။ ခွင့်မပြုလျှင် လက်နက်ကိုင် တိုက်မည်။ သောင်းကျန်း သူများနှင့် ပေါင်းမည်ဟု ရည်ရွယ်သည်။

(၃) အာဏာရလာမည်ဟု မျှော်လင့်နေသော နိုင်ငံရေးပါတီ အချို့ကလည်း အနောက် အုပ်စုသံရုံးများ၊ ပြည်ပမှ အနောက်အုပ်စု ကိုယ်စားလှယ်များနှင့် ဖက်လဲ တကင်း ဆက်ဆံလာ ကြသည်။ အနောက်အုပ်စုကို အလွန်အကျွံ မှီခို အားကိုးရန် ပြင်ဆင်လာ ကြသည်။

(၄) ယင်းသို့ အနောက်အုပ်စု အကြိုက် ပါးလူးပါးလဲ လုပ်ပြနေသော်လည်း လက်ဝဲ၀ါဒီ များ လွှမ်းမိုးနေသော ပါတီအချို့က အာဏာရှင်စနစ် ထူထောင်ရန် ကြိုးစား လာကြသည်။

ယင်းလုပ်ရပ်များသည် ဒီမိုကရေစီ အလွဲသုံးစားလုပ်မှုများ ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူ လူထု၏ အစစ်အမှန် လိုလား တောင့်တချက်ကို မတွေးဘဲ အနာနှင့်ဆေး တည့်အောင် မပေးသလိုဖြစ်ခဲ့သည်။ ထိုနိုင်ငံရေး ပါတီများသည် ၄င်းတို့အာဏာ ရရှိလာပါက ဘာဆက်လုပ်မည်ကိုပင် ပြင်ဆင်လာကြသည်။ ကျိတ်ပုန်းခုတ် လာကြသည့် NLD ဆိုလျှင် မည်သူက ၀န်ကြီးချုပ် ၊ မည်သူတွေက ၀န်ကြီးလုပ်မည် ဆိုသည်အထိ အာဏာခွဲတန်း ချခဲ့ကြသည်ဟု ၄င်းတို့ အတွင်းလူများကပင် ဖွင့်ဟ ပြောကြားခဲ့ကြသည်။

ယင်း အခြေအနေတွင် ချက်ချင်း အာဏာလွှဲ မပေးသဖြင့် NLD က မှတ်တမ်းလွှာ အမှတ် ( ၁၃၂၉၀ )ဖြင့် တပ်မတော်သည် အာဏာလွှဲ မပေးချင်သဖြင့် သဘောထား ပြောင်းသွားပြီ ဖြစ်ကြောင်း ပုတ်ခတ် စွပ်စွဲတော့သည်။ ။

တပ်မတော်သည် ရွေးကောက်ပွဲ မကျင်းပမီ တစ်နှစ်ခန့် အလိုမှစ၍ ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ တက်လာသည့် အစိုးရကို အာဏာ လွှဲပြောင်းပေးမည်ဟု အကြိမ်ကြိမ် ရှင်းလင်း ပြောကြားခဲ့သည်။

တပ်မတော်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ဘက်လိုက်ခြင်း မရှိခဲ့ပေ။ မည်သည့် ပါတီက မျှလည်း တပ်မတော်ကို ကျောထောက် နောက်ခံပြုထားခြင်း မရှိပေ။ တပ်မတော်က မည်သည့် နိုင်ငံရေး မူဝါဒကိုမျှ ကျင့်သုံးမှု မပြုခဲ့ပေ။ လူတန်းစားရေးနှင့် ကျဉ်းမြောင်းသော လူမျိုးရေးတို့ကိုလည်း ရှေ့တန်းတင်ခြင်း မရှိဘဲ အမျိုးသား နိုင်ငံရေးကိုသာ အလေးထား ဖော်ဆောင်နေခြင်းဖြစ်သည်။

တပ်မတော် ခေါင်းဆောင်များက နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရေရှည် အကျိုးစီးပွားသည်သာ အဓိကဟုဆိုသည်။ NLD က အာဏာ လွှဲပြောင်းပေး ရေးသည် အဓိကဟု ပြောသည်။ နိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၂၇.၇.၁၉၉၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၂၉၀ ) ကို ထုတ်ပြန် ကြေညာသည်။ NLD က ထိုဇူလိုင်လ ၂၈ ရက် နှင့် ၂၉ ရက်နေ့ တို့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဓီခန်းမ၌ ညီလာခံ ပုံစံဖြင့် အစည်းအဝေး ကျင်းပခဲ့သည်။

ကြေညာချက် (၁၂၉၀)တွင် ဖော်ပြထားသော အဓိကအချက်မှာ နောင်တစ်ချိန်တွင် ပီပြင်သည့် ဒီမိုကရေစီ နိုင်ငံဖြစ်လာရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ စနစ်ရေး ဆွဲရမည်။ အားလုံး လက်ခံပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပါက အရပ်သား အစိုးရအား အာဏာ လွှဲပြောင်းပေးမည်။ အခြေခံဥပဒေ မရှိဘဲ မည်သည့် အရပ်သားအစိုးရ၊ မည်သည့် ကြားဖြတ် အစိုးရကိုမှ အာဏာလွှဲမပေးဟု ဆိုထားခြင်း ဖြစ်သည်။

ဂန္ဓီခန်းမ အစည်းအဝေး ဆိုသည်မှာ ရွေးကောက်ပွဲ နိုင်သည့် ရလဒ်ကို အခြေခံပြီး NLD ဗဟို ဦးစီးအဖွဲ့နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များစုဝေးကာ ထိပ်တိုက် ရင်ဆိုင်မှု ထပ်မံပြု လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအစည်းအဝေး သဘောတူညီချက် ဟု ထုတ်ပြန်ပြီး အခြေခံ ဥပဒေသစ်ကို လွှတ်တော်က ရေးဆွဲရန်၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ ဆက်လက်၍ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး န၀တ၏ ကြေညာချက် (၁၂၉၀) ကို လက်မခံနိုင်ကြောင်း ပြောင်ပြောင် တင်းတင်း ပင် ပြောခဲ့သည်။

၂၉.၈.၁၉၉၀ ရက်နေ့တွင် NLD နှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (နောက်ပိုင်းဖျက်သိမ်း) တို့ တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တစောင် ထပ်ထုတ်ခဲ့ ပြန်သည်။ ယင်းကြေညာချက်တွင် NLD အား အာဏာအမြန်အပ်ရေး၊ စက်တင်ဘာလအတွင်း လွှတ်တော် ခေါ်ယူပေးရေးတို့ကို အဓိက တောင်းဆိုထားသည်။

ထို ကြေညာချက်၌ NLD မှ ပါဝင် လက်မှတ် ရေးထိုးခဲ့သူများမှာ (၁) ဦးအောင်ရွေ၊ (၂) ဦးကြည်မောင် ၊(၃) ဦးချစ်ခိုင် ၊ (၄) ဦးလွင် ၊(၅) ဒေါ်မြင့်မြင့်ခင် ၊(၆) ဦးရွှေ၊ (၇) ဦးခင်မောင်ဆွေ ၊(၈) ဦးစိုးသိမ်း(မောင်ဝံသ)၊ (၉) ဦးကျော်မင်း၊ (၁၀) ဦးချမ်းအေး (မောင်စူးစမ်း) တို့ဖြစ် ကြသည်။ NLD နှင့် ပူးတွဲ ကြေညာချက် ထုတ်သော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရှမ်းပြည်နယ် ဘက်မှ ဖက်ဒရယ်မူကို တောင်းဆို လာသော အဖွဲ့ဖြစ်သည်။ ရှမ်းပြည်နယ် ဖက်ဒရယ်မူကြောင့် ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်ကြုံခဲ့ရသဖြင့် ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ တက်လာခဲ့ရ ခြင်း ဖြစ်သည်ကို NLD က သတိပြု ဆင်ခြင်မှု မလုပ်ခဲ့ပေ။ ယင်းသည် ၄င်းတို့ အာဏာရရှိရေး အတွက် NLD က ဖက်ဒရယ်သမားများနှင့် အပေးအယူ လုပ်လိုက်ခြင်းပင် ဖြစ်သည်။