ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Sunday, January 31, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၁၂)


ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ ရှိသည့် အနက် NLD က မဲဆန္ဒနယ် ၃၉၂ နယ်၌ အနိုင်ရရှိခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က မဲဆန္ဒနယ် ၁၀ နယ်တွင် အနိုင်ရရှိသည်။ ကျန်အနိုင် ရရှိသည့် ပါတီများမှာ လူမျိုးများအလိုက် မိမိတို့ ဒေသများတွင် အနိုင်ရရှိခြင်း ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တပ်မတော်ကသာ တိတိကျကျ ကြားနေပြီး ဘက်မလိုက် ခဲ့သော်လည်း နိုင်ငံရေး အင်အားစု အချို့သည် မိမိတို့ အနိုင်ရရှိရေး အတွက် မတရားသော နည်းလမ်းများ သုံးစွဲခဲ့ကြသည်ဟု ဆိုသည်။ လူအုပ်စုဖြင့် မဲထည့် ခိုင်းမှုမျိုး ရှိခဲ့သည်။ မိမိတို့ ပါတီကို မဲမထည့်လျှင် ရပ်ကွက်အလိုက် မီးလောင်တိုက် သွင်းပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုမျိုးလည်း ရှိသည်။ ကျေးရွာအဆင့်၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ကျ သူများအား အနိုင်ကျင့်မှု များလည်း ရှိကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှ်ခဲ့သော နိုင်ငံရေးပါတီ အချို့၏ လုပ်ရပ်ကို ပြန်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်သည်။

(၁) ငွေကြေးအင်အားဖြင့် အမတ်နေရာ ၀ယ်ယူထားနိုင်သည့် ဘာသာရေးအစွန်း ရောက်များက ဘာသာရေး နယ်မြေခွဲထွက်ရေး ပြင်ဆင် လာကြသည်။ မအောင်မြင်ပါက လက်နက်ကိုင် တိုက်ခိုက်မည်ဟု ကြံရွယ်သည်။

(၂) လူမျိုးရေး အမြင် ကျဉ်းမြောင်းသည့် ပါတီများကလည်း နယ်မြေ ခွဲထွက်ရန် ပြင်ဆင်လာ ကြသည်။ ခွင့်မပြုလျှင် လက်နက်ကိုင် တိုက်မည်။ သောင်းကျန်း သူများနှင့် ပေါင်းမည်ဟု ရည်ရွယ်သည်။

(၃) အာဏာရလာမည်ဟု မျှော်လင့်နေသော နိုင်ငံရေးပါတီ အချို့ကလည်း အနောက် အုပ်စုသံရုံးများ၊ ပြည်ပမှ အနောက်အုပ်စု ကိုယ်စားလှယ်များနှင့် ဖက်လဲ တကင်း ဆက်ဆံလာ ကြသည်။ အနောက်အုပ်စုကို အလွန်အကျွံ မှီခို အားကိုးရန် ပြင်ဆင်လာ ကြသည်။

(၄) ယင်းသို့ အနောက်အုပ်စု အကြိုက် ပါးလူးပါးလဲ လုပ်ပြနေသော်လည်း လက်ဝဲ၀ါဒီ များ လွှမ်းမိုးနေသော ပါတီအချို့က အာဏာရှင်စနစ် ထူထောင်ရန် ကြိုးစား လာကြသည်။

ယင်းလုပ်ရပ်များသည် ဒီမိုကရေစီ အလွဲသုံးစားလုပ်မှုများ ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူ လူထု၏ အစစ်အမှန် လိုလား တောင့်တချက်ကို မတွေးဘဲ အနာနှင့်ဆေး တည့်အောင် မပေးသလိုဖြစ်ခဲ့သည်။ ထိုနိုင်ငံရေး ပါတီများသည် ၄င်းတို့အာဏာ ရရှိလာပါက ဘာဆက်လုပ်မည်ကိုပင် ပြင်ဆင်လာကြသည်။ ကျိတ်ပုန်းခုတ် လာကြသည့် NLD ဆိုလျှင် မည်သူက ၀န်ကြီးချုပ် ၊ မည်သူတွေက ၀န်ကြီးလုပ်မည် ဆိုသည်အထိ အာဏာခွဲတန်း ချခဲ့ကြသည်ဟု ၄င်းတို့ အတွင်းလူများကပင် ဖွင့်ဟ ပြောကြားခဲ့ကြသည်။

ယင်း အခြေအနေတွင် ချက်ချင်း အာဏာလွှဲ မပေးသဖြင့် NLD က မှတ်တမ်းလွှာ အမှတ် ( ၁၃၂၉၀ )ဖြင့် တပ်မတော်သည် အာဏာလွှဲ မပေးချင်သဖြင့် သဘောထား ပြောင်းသွားပြီ ဖြစ်ကြောင်း ပုတ်ခတ် စွပ်စွဲတော့သည်။ ။

တပ်မတော်သည် ရွေးကောက်ပွဲ မကျင်းပမီ တစ်နှစ်ခန့် အလိုမှစ၍ ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ တက်လာသည့် အစိုးရကို အာဏာ လွှဲပြောင်းပေးမည်ဟု အကြိမ်ကြိမ် ရှင်းလင်း ပြောကြားခဲ့သည်။

တပ်မတော်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ဘက်လိုက်ခြင်း မရှိခဲ့ပေ။ မည်သည့် ပါတီက မျှလည်း တပ်မတော်ကို ကျောထောက် နောက်ခံပြုထားခြင်း မရှိပေ။ တပ်မတော်က မည်သည့် နိုင်ငံရေး မူဝါဒကိုမျှ ကျင့်သုံးမှု မပြုခဲ့ပေ။ လူတန်းစားရေးနှင့် ကျဉ်းမြောင်းသော လူမျိုးရေးတို့ကိုလည်း ရှေ့တန်းတင်ခြင်း မရှိဘဲ အမျိုးသား နိုင်ငံရေးကိုသာ အလေးထား ဖော်ဆောင်နေခြင်းဖြစ်သည်။

တပ်မတော် ခေါင်းဆောင်များက နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရေရှည် အကျိုးစီးပွားသည်သာ အဓိကဟုဆိုသည်။ NLD က အာဏာ လွှဲပြောင်းပေး ရေးသည် အဓိကဟု ပြောသည်။ နိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၂၇.၇.၁၉၉၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၂၉၀ ) ကို ထုတ်ပြန် ကြေညာသည်။ NLD က ထိုဇူလိုင်လ ၂၈ ရက် နှင့် ၂၉ ရက်နေ့ တို့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဓီခန်းမ၌ ညီလာခံ ပုံစံဖြင့် အစည်းအဝေး ကျင်းပခဲ့သည်။

ကြေညာချက် (၁၂၉၀)တွင် ဖော်ပြထားသော အဓိကအချက်မှာ နောင်တစ်ချိန်တွင် ပီပြင်သည့် ဒီမိုကရေစီ နိုင်ငံဖြစ်လာရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ စနစ်ရေး ဆွဲရမည်။ အားလုံး လက်ခံပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပါက အရပ်သား အစိုးရအား အာဏာ လွှဲပြောင်းပေးမည်။ အခြေခံဥပဒေ မရှိဘဲ မည်သည့် အရပ်သားအစိုးရ၊ မည်သည့် ကြားဖြတ် အစိုးရကိုမှ အာဏာလွှဲမပေးဟု ဆိုထားခြင်း ဖြစ်သည်။

ဂန္ဓီခန်းမ အစည်းအဝေး ဆိုသည်မှာ ရွေးကောက်ပွဲ နိုင်သည့် ရလဒ်ကို အခြေခံပြီး NLD ဗဟို ဦးစီးအဖွဲ့နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များစုဝေးကာ ထိပ်တိုက် ရင်ဆိုင်မှု ထပ်မံပြု လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအစည်းအဝေး သဘောတူညီချက် ဟု ထုတ်ပြန်ပြီး အခြေခံ ဥပဒေသစ်ကို လွှတ်တော်က ရေးဆွဲရန်၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ ဆက်လက်၍ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး န၀တ၏ ကြေညာချက် (၁၂၉၀) ကို လက်မခံနိုင်ကြောင်း ပြောင်ပြောင် တင်းတင်း ပင် ပြောခဲ့သည်။

၂၉.၈.၁၉၉၀ ရက်နေ့တွင် NLD နှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (နောက်ပိုင်းဖျက်သိမ်း) တို့ တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တစောင် ထပ်ထုတ်ခဲ့ ပြန်သည်။ ယင်းကြေညာချက်တွင် NLD အား အာဏာအမြန်အပ်ရေး၊ စက်တင်ဘာလအတွင်း လွှတ်တော် ခေါ်ယူပေးရေးတို့ကို အဓိက တောင်းဆိုထားသည်။

ထို ကြေညာချက်၌ NLD မှ ပါဝင် လက်မှတ် ရေးထိုးခဲ့သူများမှာ (၁) ဦးအောင်ရွေ၊ (၂) ဦးကြည်မောင် ၊(၃) ဦးချစ်ခိုင် ၊ (၄) ဦးလွင် ၊(၅) ဒေါ်မြင့်မြင့်ခင် ၊(၆) ဦးရွှေ၊ (၇) ဦးခင်မောင်ဆွေ ၊(၈) ဦးစိုးသိမ်း(မောင်ဝံသ)၊ (၉) ဦးကျော်မင်း၊ (၁၀) ဦးချမ်းအေး (မောင်စူးစမ်း) တို့ဖြစ် ကြသည်။ NLD နှင့် ပူးတွဲ ကြေညာချက် ထုတ်သော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရှမ်းပြည်နယ် ဘက်မှ ဖက်ဒရယ်မူကို တောင်းဆို လာသော အဖွဲ့ဖြစ်သည်။ ရှမ်းပြည်နယ် ဖက်ဒရယ်မူကြောင့် ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်ကြုံခဲ့ရသဖြင့် ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ တက်လာခဲ့ရ ခြင်း ဖြစ်သည်ကို NLD က သတိပြု ဆင်ခြင်မှု မလုပ်ခဲ့ပေ။ ယင်းသည် ၄င်းတို့ အာဏာရရှိရေး အတွက် NLD က ဖက်ဒရယ်သမားများနှင့် အပေးအယူ လုပ်လိုက်ခြင်းပင် ဖြစ်သည်။

Tuesday, January 26, 2010

Sunday, January 24, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၁၁)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဖွဲ့စည်းမှု အပိုင်း ဖြစ်ပေါ် တိုးတက်မှု အပိုင်းများကို ဓမ္မဓိဋ္ဌာန် ကျကျ လေ့လာဆန်းစစ်ပါက ၄င်းအရင် လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် ကာလတစ်လျှောက် ပေါ်ပေါက်ခဲ့သည့် ဂျီစီဘီအေ၊ ဒို့ဗမာအစည်းအရုံး၊ ဆိုရှယ်လစ် ပါတီ၊ ကွန်မြူနစ်ပါတီ၊ ဖဆပလ အဖွဲ့ချုပ်၊ ပထစပါတီ တို့ကဲ့သို့ပင် ဖြစ်ခဲ့ကြောင်း တွေ့ရှိ ရသည်။ ကျစ်လျစ် သိပ်သည်းစည်းလုံး ညီညွတ်သည့် ပါတီအဖွဲ့အစည်း အဖြစ် ရေရှည် ရပ်တည် နိုင်အောင် ပြုပြင် ဖာထေးမှု မရှိခဲ့ပေ။ အကွဲအအက်၊ အခွဲအထွက် ဖြစ်စဉ်မှာသာ နစ်မွန်း နေပေသည်။

ထိုသို့ နစ်မွန်း နေနေသည်ပင် ပင်လယ်ပြင်၌ သဘောင်္မှောက်သည့်နှယ် ပြောနေ ပြန်၏။ အမှန်စင်စစ် ရေအိုင်ငယ်ထဲမှ ဖားသူငယ် သဖွယ် ကိုယ်ဘာသာ ကိုယ် ကြီးကျယ် နေခြင်းသာ ဖြစ်သည်။ NLD သည် ရွေးကောက်ပွဲ အပြီးတွင် ဤနည်းအတိုင်း ရေတိမ် နစ်မည့်ကိန်းကို မှားယွင်းစွာ ဆက်လက် ရွေးချယ်ခဲ့ ပြန်သည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲသို့ NLD အပါအ၀င် နိုင်ငံရေး ပါတီ ၉၃ ခုမှ ကိုယ်စားလှယ် ၂၂၀၉ ဦး နှင့် တစ်သီး ပုဂ္ဂလ ၈၇ ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။ မဲဆန္ဒနယ် ၄၉၂ ခု သတ်မှတ် ခဲ့သော်လည်း ထိုစဉ်က အခြေအနေ အရ ၄၅၈ နယ်၌သာ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့သည်။ ရာခိုင်နှုန်း အားဖြင့် ၉၈ ဒဿမ ၅၈ ဖြစ်သည်။ တစ်နိုင်ငံ လူဦးရေ ၄၂ သန်းကျော် ရှိခဲ့ရာ အသက် (၁၈) နှစ် ပြည့်ပြီးသော မဲပေးခွင့်ရှိ ၁၄ ဦးရေ သန်း ၂၀ ကျော် (၂၀၈၁၈၃၁၃ ) ဖြစ်သည်။ လက်တွေ့ လာရောက် မဲပေးသူမှာ ၁၅ သန်းကျော် (၁၅၁၁၂၅၂၄ ) ဖြစ်သည်။ လူဦးရေ အားလုံး၏ သုံးပုံတစ်ပုံနီး ပါးခန့်သာ မဲပေးခဲ့သည်ဟု ဆိုနိုင်သည်။ ၄င်းအနက် ခိုင်လုံသော ဆန္ဒမဲ မှာ ၁၃ သန်းကျော် ( ၁၃၂၅၆၀၆ ) သာ ဖြစ်၏ ။ပယ်မဲ ၊ ဖျောက်မဲ ၊ ထပ်မဲပေါင်း နှစ်သန်း နီးပါး (၁၈၅၈၉၁၈ ) ရှိခဲ့သည်။

ပါတီ ကိုယ်စားပြု အရွေးခံသူ ၂၂၀၉ ရှိရာ ၄၇၉ ဦး အရွေးခံ ရသည်။ တစ်သီး ပုဂ္ဂလ အရွေးခံ ၁၄၈၇ ဦးအနက် ခြောက်ဦး အရွေးခံရသည်။ အရွေးခံရသူ များတွင် တပ်မတော်မှ အငြိမ်းစား အပေးခံခဲ့ရသူ ၄၂ ဦး၊ ဆရာဝန် ၅၀ ၊ အရပ်သား ၁၉၄ ဦး ပါဝင်သည်။ ပါဝင် ယှဉ်ပြိုင်သော ပါတီများအနက် NLD က အများဆုံး အရွေးခံခဲ့ ရသည်။ ယင်းသို့ အရေအတွက် အများဆုံး အရွေးခံရ သည်ကို အပြတ်အသတ် အနိုင်ရသည်။ လူထုက တစ်ခဲနက် ထောက်ခံသည်ဟု လွဲမှားသော ကောက်ချက် ဆွဲခဲ့သည်။ တစ်လွဲ မာနဖြင့် အာဏာဆိပ် တက်ခဲ့သည်။ အမှန်တကယ် NLD ကိုယ်စားလှယ်များ ရရှိခဲ့သည် ထောက်ခံမဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ (၃၈ ဒဿမ ၁၁၃၆၆ ) ရာခိုင်နှုန်း သာဖြစ်သည်။ မဲပေးခွင့် ရှိသူ အားလုံး၏ ထက်ဝက်မျှပင် ရာခိုင်နှုန်း မရှိသော ထိုထောက်ခံမဲ ကလည်း ဖိုးသူတော် မျက်စေ့ လည်လေ ၊ ဆွမ်းဆန်ရလေ ဆိုသော မဲမျိုးသာ ဖြစ်ပေသည်။

ရွေးကောက်ပွဲ အပြီးတွင် သဘောထားများ ထုတ်ပြန်ခဲ့ရာ ကြရာ၌ ၀ါရင့် နိုင်ငံရေး ခေါင်းဆောင် ၀ိဓူရ သခင်ချစ်မောင်က “ ၁၉၉၀ ရွေးကောက်ပွဲလက္ခဏာ မဆောင်သော ပြည်သူလူထု၏ အထွေထွေ မကျေနပ်မှု ဆန္ဒပြပွဲသာ ဖြစ်သည် “ ဟုကောက်ချက်ချ ခဲ့သည်။ NLD နှင့် ပြိုင်ဘက် ဖြစ်သည့် ယခင်အစိုးရ တဖြစ်လဲ ပါတီကြီး အနိုင်မရလျှင် ပြီးရော သဘောဖြင့် ထည့်ခဲ့သော မဲများကို NLD က အချောင်ရခဲ့ခြင်း ဖြစ်သည်။ ယင်းကို မှန်ကုန်စွာ မသုံးသပ် နိုင်ခြင်းသည် NLD ၏ အမှားတော်ပုံတစ်ခု ဖြစ်နေ ပေသည်။

Friday, January 22, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၁၀)


စင်စစ် ရွေးကောက်ပွဲ ဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း မှီငြမ်း ကိုးကား ထားခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်စုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ပြည်ပ ပယောဂများ တွင်းထိုး စွက်ဖက်မှု မခံရအောင် အခြေခံမူများ အဖြစ် လမ်းညွှန် ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အထောက်အထားများ ခိုင်လုံစွာရှိနေခဲ့ပါသည်။ ထိုစဉ်က ဒေါ်စုကြည်သည် လေးငါးနှစ် သမီးခန့်သာ ရှိပါလိမ့်မည်။

ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာလျှင် ဥပဒေပုဒ်မ ၁၀(င) ဟူ၍ တွေ့နိုင်ပါသည်။ ထိုဥပဒေပုဒ်မ ၁၀(င) သည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၄ (၁) ၉(က)နှင့် အတူတူပင် ဖြစ်နေပါသည်။ ပုဒ်မ ၁၀ (င) တွင် နိုင်ငံခြား ကျေးဇူးသစ္စာကို ရိုသေ စောင့်ရှောက်သူ၊ နိုင်ငံခြား တိုင်းပြည်များမှ အခွင့်အရေးရသူ၊ နိုင်ငံခြားသား တစ်ယောက်ကဲ့သို့ အခွင့်အရေးကို ခံစား ပိုင်ခွင့်ရှိသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရဟု ကန့်သတ်ထား ပါသည်။

ဒေါ်စုကြည်သည် ဗြိတိသျှ နိုင်ငံသားနှင့် လက်ထပ်ထားသည်။ ထိုဗြိတိသျှ နိုင်ငံသားနှင့် ပေါင်းဖက်ပြီး သားနှစ်ယောက် မွေးခဲ့သည်။ ၄င်းတို့မှာလည်း ဗြိတိသျှနိုင်ငံသား များပင် ဖြစ်သည်။ ၄င်းအနေဖြင့် အချိန်မရွေး ဗြိတိသျှနိုင်ငံသား ခံယူခွင့် ရှိထားသည်။ နေအိမ်တွင် တားမြစ် ခံထားခံရသည့် အချိန်၌ပင် ၄င်း၏ ခင်ပွန်းပေးပို့သည့် ပစ္စည်းများကို ၄င်းတို့သံရုံးမှ တစ်ဆင့် လက်ခံခဲ့သည်။ ဗြိတိသျှသံရုံးမှ အကူအညီများကို ရရှိခံစားနေ တုန်းပင်ဖြစ်သည်။ ဒေါ်စုကြည်အား တားဆီး လိုက်လျှင် လိုက်ခြင်းပင် ၄င်းတို့ဘက်မှ သူတို့နိုင်ငံသားအား မြန်မာအစိုးရက အရေးယူ ထားသည်ဆိုသော စကားအသုံးအနှုန်း များထွက်လာ သေးသည်။ နောက်ပိုင်းကျမှ သူတို့ နိုင်ငံသားဆိုသည့် အသုံးအနှုန်းကို မသိမသာ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ ဒေါ်စုကြည်၏ ခင်ပွန်း မိုက်ကယ်အဲရစ် ကလည်း သူ၏မိန်းမကို စစ်အစိုးရက မတရားဖမ်းဆီးထားသည်။ ကယ်ပါ ယူပါ စသည်ဖြင့် နိုင်ငံတကာမှ အသံပေါင်းစုံထွက်လာအောင် ပြောဆိုခဲ့သည်။ ထိုအချက်များ ကြည့်ရုံဖြင့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) နှင့်လုံးဝ ငြိစွန်းနေကြောင်း အပေါ်ယံကြော မျှနှင့်ပင် သိရှိနိုင် ပါသည်။ အတွင်းကျကျ တိတိပပ ဖော်ထုတ် သိရှိကြလျှင် ဒေါ်စုကြည် ဘာလဲ၊ ဘယ်လဲဆိုသည်မှာ အလွန်ပင် သိသာ ထင်ရှားနေသော အကြောင်းအချက်များ ဖြစ်နေကြောင်း တွေ့ရှိကြရမည် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဇ) တွင် သောင်းကျန်းသူများနှင့် ဆက်သွယ်မှု ပြုလုပ်သူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟု ကန့်သတ် တားမြစ် ထားသည်။ ဒေါ်စုကြည်၏ နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက ၀င်ရောက် ရှာဖွေရာတွင် ABSDF သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးကို စာရွက် စာတမ်းများ နှင့်အတူ သက်သေထင်ရှား ဖမ်းမိ ခဲ့သည်။

ဆိုရလျှင် တခြားပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းနေပေရာ ဒေါ်စုကြည် ရွေးကောက်ပွဲ ၀င်ခွင့် မရရှိခြင်းသည် ဘယ်သူမပြု မိမိမှုပင်ဖြစ်နေ ပါသည်။ ဘယ်သူမပြု မိမိမှုကိုသိလျက်နှင့် NLDက ဒေါ်စုကြည်အား ကိုယ်စားလှယ် အဖြစ် အမည်စာရင်း တင်သွင်းခြင်းသည် မျောက်ပြ ဆန်တောင်းခြင်း မှတစ်ပါး အခြားမရှိ။

Wednesday, January 20, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၉)


NLD ပါတီ၏ အမှားတော်ပုံ သောင်းခြောက်ထောင်မက ရှိသည့်အနက် မဲဆန္ဒနယ်များကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ရှေးဖြစ် နောက်ကြောင်း မသိသူများအနေဖြင့် ပိုမိုတိကျခိုင်လုံစွာ သိရှိနိုင်ရေးအတွက် အကိုးအကား များဖြင့် ဖော်ပြလိုက် ပါသည်။

၁၉၉၆ ခုနှစ်က သတင်းစာများတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင်” ဗျတ္ထိ “ ၏ ”သာဓု၊ သာဓု၊ သာဓုပါခင်ဗျ ” ဆောင်းပါးတွင် ”ကျွန်တော်တို့ပါတီ NLD ထောင်စ ၁၉၉၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်သည်။ အမျိုးသားငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပါတီတွင် ဥက္ကဌလုပ်ခဲ့သော ဦးဒါဝတ်ဂျမား ဆိုသူသည် ကျွန်တော်တို့ ပါတီအတွင်းရေးမှူးမှ တစ်ဆင့် သိန်းချီသော ငွေများကို ပါတီသို့ လှူဒါန်းခဲ့ဖူးပေသည်။ အလှူငွေကို ညှိနှိုင်းချက်အရ ကျိုက်မရော၊ ကန့်ဘလူ၊ တန့်ယန်းနှင့် ပြင်ဦးလွင် မြို့နယ်များတွင် ကျွန်တော်တို့ ပါတီ လက်မှတ်ဖြင့် အမတ်လေးဦးမှာ ဦးဒါဝတ်ဂျမား တို့ဘက်က ၀င်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့သည့် အနေအထားတော့ ရှိခဲ့ပေသည် ”ဟူ၍ အတိအကျ ရေးသားထား ပါသည်။

ထို့အတူ ကလောင်ရှင် ”အနော်ရထာ ” ရေးသားသည့် ”နိုင်ငံတော်ရှေ့ခရီး ” စာအုပ် စာမျက်နှာ (၈၈) တွင် အမတ်နေရာများ ၀ယ်ယူခြင်းနှင့်စပ်လျဉ်းပြီး ဤသို့ ဖော်ပြထား ပြန်ပါသည်။

”ဤနေရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကိုယ်စားလှယ်များ၏ အခြေအနေကို ပြန်ကြည့်ဖို့ လိုသည်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း နေထိုင်သော သူဋ္ဌေးကြီး တစ်ဦးသည် ပါတီကြီး သုံးခုကို ရန်ပုံငွေ အများအပြား ထည့်ဝင်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများ ၀ယ်ယူခြင်း ရှိခဲ့သည်။ ထိုသူဋ္ဌေးကြီးသည် ဘာသာရေး အယူသည်းသူ ဖြစ်ပြီး ဘူးသီးတောင် မောင်းတော၊ ရသေ့တောင်ဒေသ တွေကို ဘာသာရေး နယ်မြေအဖြစ် ခွဲထွက်ရန် ရည်ရွယ်ချက် ရှိနေသည်။ သူထိုးထည့်လိုက်သော အမတ်ဟောင်း အချို့သည် ပါတီ မျက်နှာဖုံးစွပ်ကာ အနိုင်ရရှိခဲ့ကြရာ ဤနည်းအတိုင်း သွားပါက ရခိုင်ပြည်နယ် မြောက်ပိုင်းသည် ခွဲထွက်တော့မည့် အခြေအနေသို့ ဖြစ်လာသည်။ ဤကား ဖြစ်စဉ် တစ်ခုပင်ဖြစ်သည်။”

ယင်းသို့ ရွေးကောက်ပွဲတွင် မလိမ့်တပတ် ပြုလုပ်ခဲ့သော NLD သည် မျောက်ပြ ဆန်တောင်းမှုကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်စုကြည်အနေဖြင့် ၀င်ရောက်အရွေးခံ ပိုင်ခွင့်မရှိပေ။ သို့ရာတွင် NLD က သွေးတိုးစမ်း လှုပ်ရှားမှုအဖြစ် ၂၂.၁၂.၁၉၈၉ ရက်နေ့တွင် ဒေါ်စုကြည် အမည် စာရင်းကို ဗဟန်း(၁) မဲဆန္ဒနယ်၌ တင်သွင်းခဲ့သည်။ NLD အတွင်း၌ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေ ပညာရှင်များက ရွေးကောက်ပွဲများက တစ်ဖက်၊ ဆိုရှယ်လစ်ဟောင်းကြီးများက တစ်ဖက် အငြင်းပွား ခဲ့ကြသည်။ ဥပဒေပညာရှင်များက ရွေးကောက်ပွဲ ဥပဒေအရ ရှင်းပြကြ သော်လည်း ဆိုရှယ်လစ်ဟောင်းကြီးများက တို့ကတော့ မျောက်ပြဆန်တောင်းမှာပဲ၊ ဖြစ်ချင်ရာဖြစ်၊ အနိုင်ရဖို့လုပ်ရမယ်” ဟူ၍ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျန်သည့် ပါတီများက ဥပဒေ နှင့်အညီ ဖြစ်စေရေး အတွက် ၀ိုင်းပြီး ကန့်ကွက်ခဲ့ကြသည်။ ကော်မရှင်ကလည်း ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် ဒေါ်စုကြည် ရွေးကောက်ပွဲဝင်ခွင့်မရ ဆိုသည့် အဖြေသာ ထွက်လာခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဥပဒေ၏ ခိုင်မာမှန်ကန်မှုကို လည်း သိရှိထားရန် လိုအပ်လာသဖြင့် ဆက်လက်ဖော်ပြပါ ဦးမည်။

Tuesday, January 19, 2010

NLD ပါတီ၏အမှားတော်ပုံများ(၈)


NLD အားမျိုးချစ်ရဲဘော်ဟောင်း အဖွဲ့က ၀င်ရောက် အုပ်စီးပြီးနောက် ရွေးကောက်ပွဲ၌ မဲရရှိရေးကို ဦးတည် ဆောင်ရွက်ခဲ့သည်။ ဒေါ်စုကြည်နှင့် ဦးတင်ဦးပြန်လွတ်လာလျှင် NLD မှ ခွဲထွက်မည်ဆိုပြီး ပါတီ အတွင်း အာရုံသွင်းခဲ့သည်။ ထိုအချိန်၌ ပါတီအတွင်း အကွဲအပြဲများ ၊ ပြသနာများနှင့် လုံးချာလည် နေခဲ့သည်။

NLD အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ တက်ရောက်သူများက ဦးအောင်ရွှေ၊ ဦးချစ်ခိုင် နှင့် ဦးလွင်တို့အား ပါတီမှ နုတ်ထွက်ပေးရန်၊ မထွက်ပေးပါက မြို့နယ် အသီးသီးရှိ NLD ဆိုင်းဘုတ် များကို ဖြုတ်ချပြီး အခြားအမည်ဖြင့် ပါတီတစ်ခု ထပ်ထောင်မည်ဟု တောင်းဆိုခဲ့ကြသည်။ တက်သိ လက်ကျန်များ ကလည်း NLD လူငယ်များကို မြှောက်ပေးရာ ဦးအောင်ရွှေနှင့် ဦးချစ်ခိုင်တို့ကို ဆန့်ကျင် ဟောပြောမှု ၊ ဆန့်ကျင်စာထုတ်မှုများ လုပ်ခဲ့ကြသည်။

သို့ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမက်လောင်း ရွေးရာတွင် မျိုးချစ် ရဲဘော်ဟောင်းများက ပညာပြသည်။ မြို့နယ်များက အရေးအခင်းကာလ၌ တက်ကြွခဲ့သူများ၊ အရပ်သားများကို ရွေးပြီးတင်ပြခဲ့သည်။ ဗဟိုက ပယ်ချပြီး တည်မြဲ တိုက်ပြုတ် များနှင့် ဆိုရှယ်လစ် ပါတီဝင်ဟောင်းများ ကိုသာ ရွေးခဲ့သည်။ ထိုကိစ္စကို မကျေနပ်၍ NLD ဌာနချုပ်၌ ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေး လုပ်သည်။ မြို့နယ်များက အမတ်လောင်းရွေးချယ်မှုကို ဆန့်ကျင်စကား ပြောကြားသည်။ NLD အတွင်းမှူး ဦးချစ်ခိုင် (ယခင် တည်မြဲလူ) က နောက်မှ ရွေးသူတိုင်းကို လက်မခံနိုင် ၊ NLD အနိုင်ရမှာ သေချာ၍ အရည်အချင်းရှိသူကိုသာ ရွေးရမည်ဟု တင်းခံသဖြင့် နယ် ကိုယ်စားလှယ် တစ်ဦးက ဦးချစ်ခိုင်အား တံမျက်စည်းဖြင့် ရိုက်လိုက်သည်အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့သည်။

မင်းဘူး နယ်ဘက်မှ ရှမ်းလေးလုံး သပိတ်ခေါင်းဆောင် လုပ်ခဲ့သူ သိန်းဌေးက ယခု NLD တွင် ဘောင်းဘီချွတ်တွေ ကြီးစိုးနေ၍ ၎င်းဘောင်းဘီချွတ်များ အာဏာရအောင် လုပ်မပေးနိုင်၊ ရွေးကောက်ပွဲတွင် ၀ိဓူရသခင်ချစ်မောင် ပါတီအနိုင်ရအောင် ကြိုးပမ်း ပေးမည်ဟု ပြောပြီး NLD မှ ထွက်ကာ ပါတီပြောင်း သွားခဲ့သည်။

ဒေါ်စုကြည်နှင့် ပူးတွဲပြီး ၁၅.၇.၁၉၈၈ ရက်နေ့၌ ပူးတွဲ ကြေငြာချက် ထုတ်ခဲ့သည် ဆိုသူ ပြည်ပြေးထွေးမြင့် ကလည်း NLD ၌ စစ်ဗိုလ်ဟောင်း အုပ်စု ကြီးစိုးနေသည်ကို မကျေနပ်ဟု ပြော ပြီး နှုတ်ထွက်ကာ ဦးသုဝေ၏ ဒီမိုကရေစီပါတီသို့ ကူးပြောင်းခဲ့သည်။ ဒေါ်စုကြည် လွတ်လာမှ ဘောင်းဘီချွတ် တွေနှင့် စာရင်းရှင်းမည်ဟုလည်း ၎င်း၏နှုတ်ထွက်စာ၌ ဖော်ပြခဲ့သည်။

၁၉၆၁ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ်၌ တည်မြဲနှင့် သန့်ရှင်း ယှဉ်ပြိုင်သည့်ရွေးကောက်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ကို ဖောက်ဖျက်ပြီး တည်မြဲဘက် လိုက်ကာ မဲခိုးမဲလိမ် လုပ်သဖြင့် အဖြုတ်ခံခဲ့ရသော ဗိုလ်ပြုတ်များနှင့် ဖဆပလ ၀ါရင့်ပဂေးကြီးများက NLDကို လက်ဝါးကြီးအုပ်ထား သဖြင့် မြွေမြွေချင်း ခြေမြင်သူများက အထက်ပါအတိုင်း NLD နှင့် လမ်းခွဲခဲ့ကြခြင်း ဖြစ်ပေသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ NLD ၏အမတ်လောင်းရွေးချယ်မှု ပုံစံက NLD ဗဟိုနှင့် မြို့နယ်များ အစေးမကပ်မှုကိုပြသခဲ့သည်။ မူလကပင် NLD ကို နှစ်ပါတီ ပူးပေါင်း ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မြို့နယ် တစ်နယ်စီတွင်မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်ထားရာ NLD သန္ဓေက မဲဆန္ဒနယ် တစ်နယ်၊ မျိုးချစ်ရဲဘော်ဟောင်းက တစ်နယ်ဟု NLD ဗဟိုက မှာကြား ခဲ့သည်။

ယင်းကိစ္စကို NLD သန္ဓေတွေက မကျေနပ်ပေ။ ဗဟိုမှ ချုပ်ကိုင်မှုစနစ် ကျင့်သုံးသည်ဟု စွပ်စွဲကြသည်။ ပါတီအတွင်း၌ NLD သန္ဓေက အများစု ဖြစ်ပြီး မျိုးချစ်ရဲဘော် ဟောင်းက အနည်းစုဖြစ်၍ အချိုးကျ ခွဲတမ်းချခြင်းသည် တရားမျှတမှု မရှိဟု အငြင်းပွားခဲ့ ကြသည်။ ယင်းသို့ဖြစ်နေသည့် ကြားမှပင် ကိုယ်စားလှယ်လျာထား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့သည်။

စည်းရုံးရေးကိစ္စ ဆောင်ရွက်ရန် အတွက် လျာထားခံရသော မျိုးချစ်ဟောင်းအဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ် မဲဆန္ဒနယ်များသို့ သွားရောက် ဆက်သွယ် ကြရသည်။ ဇာတိခံ ဒေသခံ ရွာခံ ဖြစ်သော မြို့နယ် NLD ရုံးအချို့က ထိုကိုယ်စားလှယ်ကို လက်မခံကြပေ။ အချို့ မြို့နယ်တွင် လက်မခံ ယုံမက မြို့နယ်ကော်မရှင်တွင် ကန့်ကွက်ကြသည်။ အချို့ဆိုလျှင် ရန်မူသည် အထိ ဖြစ်ခဲ့သည်။

မျိုးချစ်ရဲဘော် အချို့မှာ မိမိဇာတိမြို့နယ်တွင် ပါတီယှဉ်ပြိုင်ရန် လျာထားခံရလျက်မှ NLD သန္ဓေတို့၏ တားမြစ်မှုကို ခံခဲ့ကြရသည်။ အချို့မှာလည်း မြို့နယ် ကော်မရှင်တွင် NLD မြို့နယ် စည်းရုံးရေး အဖွဲ့များ၏ ကန့်ကွက်မှုကို ချက်ခြင်းထုချေခဲ့ကြ ရသည်။ မြို့နယ်ကော်မရှင် များကလည်း စစ်ဆေးပြီး NLD ဗဟို၏ လျာထားချက် အတိုင်း အတည်ပြုပေးခဲ့သည်။ ထိုအခါ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်သော လုပ်ရပ်များကို မြို့နယ် NLD တစ်ချို့က လုပ်လာခဲ့ကြသည်။ မျိုးချစ်ရဲဘော်ဟောင်း ကိုယ်စားလှယ်ဟောင်းကို လက်မခံဘဲ သူတို့ ကိုယ်စားလှယ် ပါဝင် ယှဉ်ပြိုင်မည်ဟု တင်သွင်းခဲ့ကြ ပြန်သည်။ ထိုအခါ မြို့နယ်ကော်မရှင်က NLD ၏ ခါးမောက် သင်္ကေတနှင့် ယှဉ်ပြိုင်၍ မရကြောင်း၊ အခြားပါတီ သင်္ကေတနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ဥပဒေနှင့် အညီ ခွင့်ပြုပေးခဲ့သည်။ ထိုအခါ NLD မှ ကိုယ်စားလှယ်များသည်ပင် မြို့နယ်အချို့၌ လွယ်အိတ်၊ ကတ်ကြေး သင်္ကေတများဖြင့် ၀င်ပြိုင်ခဲ့ကြသည်။ ယင်းမဲဆန္ဒနယ်များ၌ NLD မှ ကိုယ်စားလှယ် သုံးဦးအထိ ၀င်ပြိုင်သည့် သဘော ဖြစ်ပေသည်။

၎င်းဖြစ်ရပ်များက မြို့နယ် NLD များက NLD ဗဟိုကို မယုံသည့် သဘောပြနေသည်။ မြို့နယ် NLD များက မျိုးချစ်ရဲဘော်ဟောင်းများ အပေါ် မကျေနပ်မှုကို ပြနေခြင်းပင် ဖြစ်သည်။ ဤသို့ ရွေးကောက်ပွဲ ခွဲတမ်းအတွက် အချင်းချင်း ခွက်စောင်းခုတ်မှုများ ရှိသည်ဟု ဆိုရလောက်အောင်ပြဿနာ ပေါင်းစုံ တတ်ခဲ့သည်။ ထိုမျှမကပဲ မျောက်ပြ ဆန်တောင်းသော လုပ်ရပ်နှင့် မဲဆန္ဒနယ် အချို့ကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် လုပ်ရပ်များ ကိုလည်း NLD ၏ အမှားတော်ပုံများ တွင် တွေ့မြင်ရပါလိမ့် ဦးမည်။