ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 15, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၆)


ယင်းသို့ နိုင်ငံရေးပါတီအချင်းချင်း မလိမ်မ့တပတ်လုပ်ခဲ့သော NLD သည် ၁၉၈၉ခုနှစ်ဇူလိုင်လ (၁၉)ရက် (၄၂) မြောက်အာဇာနည်နေ့ကို အကြောင်းပြုပြီး အခြားပါတီများကို ခုတုံးလုပ်အသုံးချခဲ့ပြန်သည်။ ဒေါ်စုကြည်နှင့် NLD ကအာဇာနည်နေ့ ချီတက်အလေးပြုမည့် အစီအစဉ်ကို ဒုတိယမြောက် အရေးအခင်းအဖြစ် လုပ်ကြံဖန်တီး ခဲ့ခြင်းဖြစ်သည်။
အစိုးရက အာဇာနည်နေ့အလေးပြုပွဲ အခမ်းအနားသို့ ဒေါ်စုကြည်အပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ထုံးတမ်းစဉ်အလာအတိုင်း သီးခြားဖိတ်ကြား ခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း တစ်ပါတီလျှင် ကိုယ်စားလှယ် (၁၀)ယောက် တက်ရန်ဖိတ်ကြားခဲ့သည်။ သို့ရာတွင် ဒေါ်စုကြည်က ပြသနာထလုပ်သည်။ ၄င်းအနေဖြင့် သီးခြားမတက်ဘဲပါတီများ ပြည်သူများနှင့် အတူတက်မည်ဟုဆိုသည်။
ဇူလိုင်(၁၃)ရက်နေ့ကျောက်တံတားမြို့နယ်NLD ရုံးတွင် ဒေါ်စုကြည် အာဇာနည်နေ့အခမ်းအနားသို့ စစ်ပါတီ (၁၀)ယောက်တက်ရောက်ရသည်ဆိုသည် ကိုလက်မခံကြောင်း၊ အများပြည်သူနှင့်ဆိုင်သော နေ့ဖြစ်၍ အားလုံးချီတက်အလေးပြု နိုင်ကြောင်း၊ လုံးခြုံရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ လူစုလူဝေးနှင့် စုပေါင်းချီတက်မည့်အစီအစဉ်သည် ဒုတိယအကြိမ်ဆူပူအုံကြွ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဗ က ပ ယူဂျီများကလည်း ဒေါ်စုကြည်၏ အစီအစဉ်ကိုလိုက်နင်းပြီး လှုံဆော်ဖန်တီးမှုများပြုလုပ်ခဲ့ကြသည်။
တစ်နည်းအားဖြင့် အစိုးရနှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်းပင်ဖြစ်သည်။
ထို့နောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီသို့် NLD ဥက္ကဌဦးတင်ဦး လက်မှတ်ရေးထိုးပြီး စာတစ်စောင် ပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီ (၁၀၄)ပါတီစုပေါင်းပြီး ပြည်သူလူထုနှင့် အတူချီတက်အလေးပြုရန်စုပေါင်းဆုံး ဖြတ်ထားကြောင်းဟု ဖော်ပြထားသည်။ ထိုစာကိုအောက်ခြေအဆင့်ဆင့်ရှိပါတီရုံးများသို့ လည်းဖြန့်သည်။ ပါတီရုံးများက မြို့နယ်များတွင် သတင်းဆက်လွှင့်သည်။ ၄င်းတို့အစီအစဉ်ဖြင့် မဖြစ်မနေချီတက်မည့်ပုံပေါ် နေပေသည်။
ဇူလိုင်လ(၁၈)ရက်နေ့ညတွင်NLDပါတီလူကြီးပိုင်းတစ်ညလုံးဆွေးနွေးကြသည်။ (၁၉)ရက်နေ့NLDအဖွဲ့ချုပ် ရုံး၌ အာရုံဆွမ်းကပ်အပြီးတွင် ဒေါ်စုကြည်က အာဇာနည် နေ့ချီတက်မည့်အစီအစဉ်ကို ဖျက်လိုက်ကြောင်းကပ် ပြီးမှပြောသည်။ အစိုးရက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို သပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်မည်ဟုပြောကာ ၄င်းကိုယ်တိုင်ရေသားသည်။ အစိုးရက်NLD အားဆူပူမှုဖန်တီးသည်ဆို သည့် အကြောင်းဖြင့် ဖျက်သိမ်းမည်ကို စိုးရိမ်ပြီး စာထုတ်ရန် လုပ်ခြင်းဖြစ်သည်။

သို့ရာတွင် အစီအစဉ်ဖျက်လိုက်သည်ကို အခြားပါတီများနှင့် အောက်ခြေမှ မသိခဲ့ကြပေ။ ရန်ကုန်မြို့အနှံ့ကြိုတင် လှုံ့ဆော်မှုအရ ချီတက်ရန်စုရုံးမှုများ ရှိလာကြသည်။ လုံခြုံရေးအဖွဲ့က တားဆီးရသဖြင့် အခြေအနေများရှုပ်ထွေးသွားခဲ့သည်။ တားဆီးထိန်းသိမ်း ခံရသူများ လည်းရှိခဲ့သည်။NLD နှင့်ဒေါ်စုကြည်၏ တို့မီးရှို့မီးလုပ်ပြီးခေါင်းရှောင်သွားမှုကို လူငယ်များနှင့် အခြားပါတီများက မကျေမနပ်ဖြစ်ခဲ့ ကြပေသည်။

Thursday, January 14, 2010

NLD ပါတီ အမှားတော်ပုံမှား (၅)


NLDမှ ဦးအောင်ကြီးကို ဖယ်ထုတ်ပြီးနောက်ပိုင်း၌ ဒေါ်စုကြည်၏ သြဇာပိုကြီးလာခဲ့သည်။ အမာခံအင်အားအဖြစ် အရေးအခင်းကာလ ဆူပူလှုပ်ရှားသူများကို တိုးချဲ့အသုံးပြုလာသည်။ NLDအတွင်းမှ လက်ဝဲသမား ကွန်မြူနစ်များက ဦးအောင်ကြီးကို ရှင်းပစ်နိုင်ခဲ့ပြီး ဆက်၍ မျိုးချစ်ရဲဘော်ဟောင်း အမည်ခံ ဘောင်းဘီချွတ်နှင့် ဗိုလ်ပြုတ်များကို ဖြိုနိုင်မှ NLDကို အပိုင်စီးနိုင်မည်ဟု တွက်ခဲ့ကြသည်။ ဤသို့ဖြင့် မျိုးချစ် ရဲဘော်ဟောင်း အဖွဲ့မှ ဦေးအာင်ရွှေ ၊ ဦးချစ်ခိုင် စသူတို့သည် NLDလက်ဝဲအုပ်စု၏ ဒုတိယ ပစ်မှတ်ဖြစ်လာ ပေသည်။

ထိုကာလတွင် ၃.၂.၁၉၈၉ ရက်နေ့၌ ဦးကိုယု (စာရေးဆရာမောင်ကိုယု) က NLD ဦးစီး အဖွဲ့သို့ "လက်ရှိ အခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်ချက် " ဟူသည့် စာတမ်း တင်သွင်းခဲ့သည်။ ၄င်းစာတမ်းတွင် ဖိနှိပ်ချုပ်ချယ်ထားသော အမိန့်များကို ရုပ်သိမ်းရေး ၊ တိုက်ပွဲပုံစံကို တစ်ဆင့်ချင်း တိုးမြှင့်ရေး၊ လက်အောက်ခံ မြို့နယ်အဖွဲ့များ မဟာမိတ်ပါတီများနှင့်း ပါင်းပြီး လက်ကိုင် ပိုစတာ လည်ချိတ်ပိုစတာများ ဆွဲပြီး နှစ်ပတ်လည် ဆန္ဒပြမှုများ ပြုလုပ်ရမည်ဟု ရေးသားထားသည်။

ယင်းသည် အာဏာဖီဆန်ရေး အကြမ်းဖက် စီမံချက်ပင်ဖြစ်သည်။ ဦးကိုယုမှာ အလံနီ ကွန်မြူနစ်ဖြစ်ရာ အလံနီတစ်ဦး၏ စီမံချက်ကို လက်ခံလိုက်လျင် ဗ က ပ အနွယ်များ သိက္ခာကျနိုင်သဖြင့် ထိုစီမံချက်ကို တတ်သိ ဗ က ပအုပ်စုက အာဏာဟူသမျှဖီဆန်ကြ ဆောင်ပုဒ်ဖြင့် အစားထိုးခဲ့ကြသည်။

တတ်သိ လက်ဝဲအုပ်စုသည် ဒေါ်စုကြည်အား ပါတီအနေဖြင့် ပြည်သူလူထု အထင်ကြီးစေမည့် လှုပ်ရှားမှု ( Movement) များပြုလုပ်နိုင်မှ အသက်ဝင်နေမည်ဖြစ်သည်ဟု ၀ိုင်းပြောလာကြသည်။ ယခင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဦးဝင်းတင်ကလည်း ၁၈၄၁ခုနှစ်က ပေါ်ထွက်ခဲ့သည့် အမေရိကန် တွေးခေါ်ပညာရှင် ဒေးဗစ် သော်ရိုး ၏ ရေးသားချက်များကို ကိုးကားပြီး အမိန့်အာဏာဖီဆန်ရေး ကိစ္စများကို နားချခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ဇွန်လတွင် ဦးဘသော် ( စာရေးဆရာ မောင်သော်က) က ဒေါ်စုကြည် အား ဒေးဗစ်သော်ရိုး၏ စာပိုက်များကို ရွတ်ပြခဲ့သည်။ NLD တတ်သိ အုပ်စုဝင် မောင်သော်က ၊ ဒေါ်မြင့်မြင့်ခင် ၊ စမ်းစမ်းနွဲ့( သာယာဝတီ) ၊ မောင်ကိုယု၊ မောင်ဝံသ ၊ မောင်ခက်ပန်၊ တင်မိုးတို့က Civil Disobedience လိုင်းကို တင်ခဲ့ကြသည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကြည်၏ တာဝန်ပေးအပ်ချက်အရ "အများသဘောမတူပဲ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ"ဟူသော ကြွေးကြော်သံကို တင်ပြရာ အားလုံးက လက်ခံ အတည်ပြုခဲ့ကြသည်။ ဤသို့ဖြင့် အာဏာဖီဆန်ရေး လုပ်ရပ်ကို အဆက်မပြတ် ဆက်တိုက် လုပ်လာ ခဲ့တော့သည်။

ပြည်ထဲရေး ၀န်ကြီးဌာနက ပါတီအဖွဲ့အစည်းများ ပါတီတွင်းစည်းရုံးရေး အတွက် ရေးသားဖြန့်ဝေမည့် စာရွက်စာတမ်းများ ကိစ္စနှင့် စပ်လျဉ်းပြီး မှတ်ပုံတင် ကင်းလွတ်ခွင့်ရယူရန် ကြေငြာခဲ့သည်။ NLDက ထိုကင်းလွတ်ခွင့်ကို ရယူရန်မလို ၊ ကိုယ့်စိတ်ကြိုက် ရေးသားထုတ်ဝေ နိုင်သည်ဟု ပြောကာ ဖီဆန်ခဲ့သည်။ ပါတီ၏ စည်းရုံးရေးကို ဆန့်ကျင်ရေးနှင့် တွဲပြီး လုပ်ခဲ့သဖြင့် NLD သည် ကိုယ့်ရှူး ကိုယ်ပတ် ကိုယ့်လက်ကိုမနိုင် ဖြစ်လာခဲ့သည်။

NLDသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရဖွဲ့စည်းပုံနှင့် တကွ တရားဝင် တင်ပြ၍ ဖွဲ့စည်းခွင့်ရထားသော ပါတီဖြစ်သည်။ သို့ရာတွင် မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်နေ့ဆိုပြီး ဒေါ်စုကြည် ထင်ရာ ထလုပ်လိုက်ခြင်းသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် မရယူပဲ လုပ်ခြင်းဖြစ်၍ ပါတီစည်းကမ်းအရ အရေးယူ သင့်သည့် ကိစ္စမျိုးဖြစ်သည်။ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အရုပ်များသာ ဖြစ်သည်။ ရုပ်ပြမျှသာ ဖြစ်နေပေသည်။

၎င်းအဖွဲ့ဝင် အများစုသည် အသက်လည်းကြီးပြီး နိုင်ငံရေးအရ ထင်ပေါ်မှုမရှိ ဖြစ်နေချိန်တွင် အရေးအခင်းနှင့် ကြုံ၍ နေရာရလာချိန်ဖြစ်သည်။ ထို့ကြောင့် ဒေါ်စုကြည်၏ အငြိုအငြင်ကို မခံရဲကြပေ။ ဒေါ်စုကြည် ငြိုငြင်ပါက ဦးအောင်ကြီးနှင့် အုပ်စုလို ပထုတ်ခံရမည်ကို စိုးရွံ့နေခဲ့ကြသည်။ ထို့ကြောင့် အပြစ်တင်စကား ပြောသည်ကိုပင် လေပြေထိုးပြီး ပြောခဲ့ကြရသည်။ ထို့ကြောင့် NLD CEC အား ယခုပြည်ပြေး ဖြစ်နေသူ မိုးသီးဇွန်က ကျောင်းထိုင် ဘုန်းကြီးမသိပဲ ဘာမှမလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲသော ကပ္ပိယနှင့် တူနေပြီဟု ဝေဖန်သုံးသပ်ခဲ့သည်။

မိုးသီးဇွန်က ၁၀.၂.၁၉၈၉တွင် "အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်စုကြည် အပေါ်သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် စာတမ်း ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းစာတွင် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါသော်လည်း NLD ၏ ပကတိအခြေအနေမှန်ကို ထင်ဟပ်သည်ဟု ဆိုကြသည်။ ၄င်းစာတမ်းတွင် "NLD ပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ၊ ပုဂ္ဂိုလ်ရေး ဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်းအသင်း ၊ သာရေးနာရေး အသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက် မပိုကြောင်း ၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးပဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ် နေကြောင်း ၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြောင်း ၊ စည်းကမ်းရှိပါ၊ ညီညွတ်ပါ ဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း ၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း ၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင် နိုင်ကြောင်း" စသည်ဖြင့် ဝေဖန်သုံးသပ်ခဲ့သည်။

သို့သော် ဒေါ်စုကြည်နှင့် NLDက ဝေဖန်ရေး လက်မခံခဲ့ပေ။ မိုးသီးဇွန်၏ ဝေဖန်ချက်က ဒေါ်စုကြည်အား အနာပေါ်တုတ်ကျသလို နာသွားစေသည်။ နာလိုခံခက်ဖြင့် အမျက်ထွက်ခဲ့သည်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားသည်။ ဒေါ်စုကြည်၏ အတ္တမာနနှင့် မခံချင်စိတ်ကို နှိုးဆွ သွေးထိုးပေး လိုက်သလို ဖြစ်ခဲ့လေသည်။ ယင်းသို့ မြှောက်သူကမြှောက် ၊ ချွန်တွန်းပင့် လုပ်သူက လုပ်နေကြသဖြင့် ဒေါ်စုကြည်က ပို၍ အရွဲ့တိုက်သလို လုပ်လာသည်။ နိုင်ငံရေးအရ မပြောသင့် မဆိုသင့်သည် များဖြင့် ပြောမှားဆိုမှား ဖြစ်ခဲ့ သည်။ NLD CEC အဖွဲ့က မူ ဒေါ်စုကြည်ကို မျောက်ပြဆန်တောင်း လုပ်ကောင်း ခဲ့ကြပေသည်။

NLD ပါတီ၏ အမှားတော်ပုံများ (၄)

ထို့ကြောင့်လည်း ဒေါ်စုကြည်က ဦးအောင်ကြီးအား အပေါ်စီးမှ ဆက်ဆံ ခဲ့သည်။ ထိုကာလက ပြင်ဦးလွင်ဘက်သို့ ပါတီစည်းရုံးရေး ကိစ္စနှင့် ရောက်နေသော ဥက္ကဋ္ဌ ဦးအောင်ကြီးအား အထွေထွေ အတွင်းရေးမှူး ဒေါ်စုကြည်က ဌာနချုပ်သို့ ပြန်လာရန် စာပို့၍ အကြောင်းကြားရာတွင် ဌာနချုပ်၌ အရေးကြီးသဖြင့် ဥက္ကဋ္ဌ ဦးအောင်ကြီး အမြန်ပြန်လာပါရန် ညွှန်ကြား လိုက်သည်ဟူ၍ ရေးသားလိုက်ကြောင်း သိရပေသည်။ ဥက္ကဋ္ဌလုပ်သူကို အတွင်းရေးမှူးဖြစ်သူက ညွှန်ကြားချက် ထုတ်သည့် သဘောဖြစ်နေပေသည်။
ဦးအောင်ကြီးကလည်း ခေသူမဟုတ်၊ ၂၉-၁၁-၈၈ ရက်နေ့စွဲဖြင့် ဒေါ်စုကြည်ထံ အရေးပေါ်သုံးသပ်ချက်ကို ပေးပို့ခဲ့သည်။ စာပါ အဓိကအချက်မာ ဗဟိုဦးစီး အဖွဲ့ဝင်ရှစ်ဦးသည် ကွန်မြူနစ်ဟောာင်း ကွန်မြူနစ်လိုလားသူများဖြစ်၍ NLDမှ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ဖြစ်သည်။ အချက်အလက်များကို အပြည့်အစုံ ဖော်ပြရလျှင် -
(၁) NLD တွင် ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူအုပ်စု ကြီးထွား နေသည်။
(၂) အဖွဲ့ချုပ်အောက်ခြေတွင် မြေပေါ်မြေအောက် (အိုဂျီနှင့်ယူဂျီ)များ ပေါ်ပေါက်လှုပ်ရှားနေသည်။
(၃) ယင်းအခြေအနေကို အကြောင်းပြု၍ ရွေးကောက်ပွဲ နီးချိန်တွင် သက်ဆိုင်ရာက ပင်ဖျက် နိုင်သည်။ ငွေရေး ကြေးရေးကိစ္စ ဖြင့်လည်း ပါတီ ပယ်ဖျက်ခံရနိုင်သဖြင့် တိုင်းနှင့်ပြည်နယ် များတွင် စာရင်းများ စစ်ဆေးပြီး ဖြစ်သင့်သည် ။
(၄) အောင်-စု-တင် မကွဲရန် အထူးဂရုစိုက်သင့်သည် ။
(၅) အောင်-စု-တင် အဖွဲ့အတွင်းမှ ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူဟု ယူဆရသူများကို အနားယူရန် မေတ္တာရပ်ခံသင့်သည်။
(၆) ခြေမမြဲ ၊ လက်မမြဲဖြစ်ရန် NLDတွင် အရန်အဖွဲ့ရှိသင့်သည် ။
(၇) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အရန်အဖွဲ့သာဖြစ်၍ NLD၏ အလံအောက်တွင် ရှိသည် ။
(၈) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အမျိုးသား တပ်ပေါင်းစုဝင် အဖွဲ့အစည်းတစ်ခုအဖြစ် လှုပ်ရှားမည်ဟူ၍ ဖြစ်သည်။
နောက်ပိုင်း လက်တွေ့ဖြစ်စဉ်၌ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီသည် ဦးအောင်ကြီး၏ ခြေမမြဲ လက်မမြဲအရန်ပါတီ ဖြစ်လာသည်။ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဦတင်ဦး၏ အရန်ပါတီဖြစ်လာသည်။ ထို့အတူ ပြည်ပြေးစိန်ဝင်း (ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ)၏ အမျိုးသားဒီမိုကရေစီပါတီကလည်း ဒေါ်စုကြည်၏ အရန်ပါတီ ဖြစ်ခဲ့သည် ။
အဆိုပါ ဦးအောင်ကြီး၏ အရေးပေါ်သုံးသပ်ချက်ကို NLD အတွင်းမှ သက်ဆိုင် သူများက ဆတ်ဆတ်ခါ နာခဲ့ကြသည်။ ဦးအောင်ကြီးက ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်စုကြည်အုပ်စုမှ (၁) ဦးကိုယု၊ (၂)ဒေါ်မြင့်မြင့်ခင် ၊ (၃) ဦးမိုးသူ၊ (၄)ဦးဝင်းတင်၊(၅) ဦးတင်ရွှေ (မုံရွာ)၊ (၆)ဦးထွန်းတင်၊ (၇)ဦးအောင်လွင်၊(၈) ဦးချမ်းအေး တို့ ပါဝင်သည်။ ဒေါ်စုကြည်က ၄င်း၏ အမာခံတတ်သိပညာရှင်အုပ်စုမှ လူများကို စွပ်စွဲသဖြင့် ဒေါသူပုန် ထခဲ့သည် ။
NLD ဗဟို၌ အုပ်စုလွန်ဆွဲပွဲ ဖြစ်လာသည်။ ဒေါ်စုကြည်ကလည်း ၄င်းကို ဆရာကြီး လုပ်နေသော ဦးအောင်ကြီးကို ကန်ထုတ်ချင် နေချိန်ဖြစ်သည် ။ ၄င်းအုပ်စုမှ လက်ဝဲသမား တတ်သိများကလည်း ဦးအောင်ကြီးကို လုံးဝ မလိုလားပေ။ ဦးတင်ဦးအုပ်စုမှ ဦးအောင်ရွှေတို့ မျိုးချစ်ရဘော်ဟောင်းများအဖွဲ့ကလည်း ဦးအောင်ကြီးအပေါ် အာဃာတ ရှိထားခဲ့သည် ။
NLD အတွင်းကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူ ဖယ်ရှားပေးရေးတို့သည် ဥက္ကဌေ အာင်ကြီးက အထွေထွေ အတွင်းရေးမှူး ဒေါ်စုကြည်အား သဘောထားပေးသလို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသဘောထားကို အထွေထွေ အတွင်းရေးမှူးက လက်မခံသောအခါ ပါတီတွင်းဂိုဏ်းဂဏအုပ်စု တိုက်ပွဲဖြစ်လာခဲ့သည်။
ဒီမိုကရေစီ ကျင့်စဉ်အရ ကြည့်လျှင် ယင်းကဲ့သို့ပါတီတွင်း သဘောထား ကွဲလွဲမှုကို ပါတီဗဟို ဦးစီးကော်မတီ အဆင့် သို့မဟုတ် ဖြစ်နိုင်ပါက ပါတီညီလာခံ အဆင့်တွင် ဆန္ဒယူပြီးမှ အဆုံးအဖြတ် ပေးရမည့် လုပ်ထုံးလုပ်နည်းရှိပေသည်။ သို့ရာတွင် ပါတီဝင်ထု၏ ဒီမိုကရေစီပိုင်ခွင့်ကို ဘေချိတ်ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီ အဆင့်နှင့် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
၃.၁၂.၈၈ရက်နေ့တွင် ဤကိစ္စနှင့်ပက်သက်ပြီး NLDဌာနချုပ် ဗဟိုဦးစီး အစည်းအဝေး၌ တင်သွင်းပြီး လျို့ဝှက်မဲခွဲ ရန်ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။ ဤသို့မဲခွဲရာ၌ ရှုံးသူထွက်ရမည်ဟု ကြိုတင် သဘောတူခဲ့ကြောင်း ဒေါ်စုကြည်တို့ဘက်က နောက်ပိုင်းတွင် ပြောခဲ့သည်။
ဦးအောင်ကြီး အနေဖြင့် ပါတီတွင်း ကွန်မြူနစ်ဖယ်ရှားရေးတွင် ၄င်း၏အုပ်စုဝင် ၁၄မဲနှင့်ဦးတင်ဦး အုပ်စုမှ ၁၄မဲကိုပါ ရလိမ့်မည်ဟု ကြိုတွက်ခဲ့ပုံရသည်။ ယင်းအစည်းအဝေး၌ ကွန်မြူနစ်ဟု စွပ်စွဲခဲ့ရသူများက ၄င်းတို့ ကွန်မြူနစ်မဟုတ်ကြောင်း ငြင်းကြသည်။ အချို့က လည်း တစ်ချိန်က ဟုတ်ခဲ့သည်။ ယခုမဟုတ်တော့ဟုဆိုခဲ့ ကြသည်။
မဲခွဲသောအခါ ဦးအောင်ကြီး၏ အဆိုကို ဒေါ်စုကြည်အုပ်စုမှ ၁၄မဲ၊ ဦးတင်ဦးအုပ်စုမှ ၁၄မဲနှင့် ဦးအောင်ကြီး အုပ်စုမှ တစ်မဲ (ဦးကြည်မောင်) တို့က ဆန့်ကျင်မဲပေးခဲ့ကြသည်။ ယင်းသို့ ဖြစ်ရခြင်းသည် ဦးတင်ဦးအုပ်စုမှ မျိုးချစ်ရဲဘော်ဟောင်း ဆိုသူများက ဦးအောင်ကြီးအပေါ် တင်နေသည့် အာဃာတကြောင့် ဖြစ်သည်။ ဖဆပလ နှစ်ခြမ်းကွဲသည့် ကာလ အိမ်စောင့်အစိုးရ တာဝန်ယူရစဉ် ၁၉၆၀ပြည့်နှစ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ သန့်ရှင်းဖဆပလ နှင့် တည်မြဲ ဖဆပလတို့ ယှဉ်ပြိုင်ကြသည်။ ကာကွယ်ရေး ဦးစီးချုပ်က တပ်မှူး များအား ဘက်မလိုက်ကြရန်နှင့် ရွေးကောက်ပွဲတွင် ၀င်မစွက်ဖက်ကြရန် ညွှန်ကြား တားမြစ်ခဲ့သည်။
သို့ရာတွင် ဆိုရှယ်လစ် ပါတီဝင် တပ်မှူးကြီးအချို့က တည်မြဲဘက်မှ ၀င်ရောက် စွက်ဖက်ခဲ့ကြသည်။ ယင်းကိစ္စ ပေါ်လာသဖြင့် တပ်မှူးအများအပြားတပ်မှ ထွက်သွားရသည်။ အချို့ကို သံအမတ် ၊ အချို့ကို စစ်သံမှူး အဖြစ်ပြောင်းရွှေ့ ပစ်ခဲ့သည်။ ထိုစဉ်က ဦးအောင်ကြီးသည်လည်း ဆိုရှယ်လစ် ပါတီဝင် (တည်မြဲဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ လူ ) ဖြစ်ခဲ့သော်လည်း ဦးအောင်ရွှေတို့ လူသိုက်သာ အပြစ်ရောက်သွားပြီး ဦးအောင်ကြီး အရေးယူမခံရသဖြင့် အစာမကျေပဲ မကျေမနပ်ဖြစ်ကာ အာဃာတ ထားရှိခဲ့ခြင်း ဖြစ်သည်။ ယခု NLD ဗဟိုဦးစီးအဖွဲ့ မဲခွဲဆုံးဖြတ်မှု ပြုရာ၌ ထိုအာဃာတ ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ဦးအောင်ကြီးအဆို ရှုံးသွားသည်။ NLDက ၁၃.၁၂.၈၈ ရက်နေ့တွင် ဦးအောင်ကြီး အုပ်စုတစ်ခုလုံး( ဦးကြည်မောင်မှအပ ) ကို ၄င်းပါတီမှ ထုတ်ပစ်လိုက်ကြောင်း ကော်မရှင်သို့ တင်ပြသည်။ ဦးအောင်ကြီးကလည်း ကွန်မြူနစ်ဖယ်ရှားရေး ၊ မဖယ်ရေး မဲခွဲရုံဖြင့် ဥက္ကဌအဖြစ်မှ ပြုတ်စရာမလိုဟု ခြေပကာ ကော်မရှင်သို့ စာတင်သည်။ ဦးအောင်ကြီးက NLDမှ နှုတ်ထွက်မှူမပြုပဲ တင်းခံခဲ့သော်လည်း မပိုင်ဝက်မွေး သလိုဖြစ်ကာ နောက်ဆုံး အားလျှော့ပြီး ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီကို ခွဲထွက် ထူထောင်ခဲ့သည်။ ယင်းသည် ဒီမိုကရေစီ ဟုတွင်တွင်ကြွေးကြော်နေပြီး လက်တွေ့ဘ၀၌ ဒီမိုကရေစီကျင့်စဉ် ယုံကြည်စွာ မကျင့်သုံးရဲပေ။

ဦးအောင်ကြီးအုပ်စု NLDမှထွက်သွားရခြင်း နောက်ကွယ်မှ အဓိပ္ပာယ်သည် ပါတီတွင်း၌ ကွန်မြူနစ်ပဲရှိရှိ CIA၏ ငယ်မွေးခြံပေါက် များပဲရှိရှိ ကိုယ့်အုပ်စုအင်အား တောင့်အောင် လုပ်ရေးသည်သာ အဓိက ဖြစ်လာခဲ့သည်။ ဗ က ပ အနွယ်အုပ်စုများက ဒေါ်စုကြည်၏ ပုဂ္ဂိုလ်ရေး သြဇာကိုအသုံးချပြီး ဦးအောင်ကြီးအုပ်စုအား အလဲထိုးလိုက်ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ ဒေါ်စုကြည်သည် NLDအတွင်းတွင် လုပ်ချင်တာ လုပ်၍ ရသွားသည့်အနေအထားကိုရရှိလာခဲ့သည်။
ဒေါ်စုကြည်သည် ၄င်းနောက်၌အင်းအားရှိအောင် နိုင်ငံရေးခံယူချက် ကောင်းသူရော မကောင်းသူများကိုပါ လက်ခံစည်းရုံးထားလာသည်။ အမာခံ အင်အားအဖြစ် အရေးအခင်းကာလ ဆူပူမှုတွင် လူတွင်ကျယ်လုပ်ခဲ့သူများ ကိုတိုးချဲ့အသုံးပြုလာသည်။ ထိုစဉ်ကNLDဌာနချုပ် တက္ကသိုလ်ရိပ်သာလမ်းခြံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ် ) အဖွဲ့နှင့် သုံးရောင်ခြယ်အဖွဲ့ဟူ၍ ၂ဖွဲ့ထားရှိခဲ့သည်။
NLD (လူငယ်) အဖွဲ့က နိုင်ငံရေးလုပ်ရန်ဖြစ်ပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့က ဒေါ်စုကြည်၏ လုံခြုံရေးလုပ်ရန် အတွက် ဖြစ်သည်။ လူငယ်တော်တော်များများ ခြံထဲတွင်ပင် ညအိပ်ညနေ နေခဲ့ကြသည်။ ၄င်းလူငယ်များသည် အရေးအခင်းကာလ၌ ပြစ်မှူကျူးလွန် ခဲ့သဖြင့် ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး ခြံရိပ်ခိုသူများ ၊ တောတွင်း သောင်းကျန်သူအဖွဲ့များထံ ရောက်သွားပြီး တရားမ၀င် ပြန်လည်ခိုလှုံလာသူဖြစ်ကြောင်း တွေ့ရသည်။ ထိုလူငယ်များအချင်းချင်း နေရာလုမှူပြဿနာမှအစ လူမှုရေး ဖောက်ပြန်မှူ ပြဿနာများ တက်လာသည်။ နောက်ပိုင်း၌ လူငယ်အဖွဲ့ကို ပါတီထဲ ဆက်ထားပြီး သုံးရောင်ခြယ်အဖွဲ့ကို ပါတီမှ လက်တွဲဖြုတ်ခဲ့သည်။
သုံးရောင်ခြယ် အဖွဲ့ကို လက်တွဲဖြုတ်ခဲ့သည့် အကြောင်းအရင်းအမှန်မှာ ၄င်းအဖွဲ့က မြေအောက်လှုပ်ရှားမှုများ လုပ်ရင်းအချို့ အဖမ်းခံရသဖြင့် ပါတီနှင့် လာပတ်သတ်မှာ စိုး၍ဖြစ်သည်။ သုံးရောင်ခြယ်အဖွဲ့ခြံထဲမှာ မရှိတော့သော်လည်း အမှန်တစ်ကယ် အဆက်အသွယ်မပြတ်ခဲ့ပေ။ ခြံထဲသို့ အမြဲဝင်ထွက်သွားလာခဲ့ကြသည် သာဖြစ်သည်။
ယင်းဖြစ်ရပ်၏ နောက်ကွယ်မှ ဖြစ်စဉ်အရ တရားဝင်နိုင်ငံရေးလုပ်ရန် NLD (လူငယ်)အဖွဲ့ကို ထားရှိပြီး တရားမ၀င် လှုပ်ရှားမှုလုပ်ရာတွင် ပါတီနှင့် မပတ်သက်သည့် သဘော ရောက်အောင် သုံးရောင်ခြယ်အဖွဲ့ကို မွေးထားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ NLDသည် တပ်မတော်အစိုးရအား ရည်ရွယ်ချက်ရှိရှိဖြင့် ဆန့်ကျင်တိုက်ခိုက်ရန် အတွက်တရားဝင် နိုင်ငံရေး လုပ်မည့် လမ်းကြောင်းနှင့် တရားမ၀င်နိုင်ငံရေးလှုပ်ရှားမည့် လမ်းကြောင်းကို ချမှတ် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။
ထိုလမ်းကြောင်းသည် ဒေါ်စုကြည်၏ အုပ်စုတွင်ပါဝင်သည့် ကွန်မြူနစ် ဟောင်းများနှင့် ကွန်မြူနစ် လိုလားသူများ ၏ နိုင်ငံရေးလမ်းကြောင်းပင်ဖြစ်သည်။ တိုက်ကွက် ခင်းကျင်းပုံကို ကြည့်ပါက ဗ က ပ ၏ နည်းလမ်းနှစ်သွယ် ဖြစ်သည့် မြေပေါ်မှ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းနှင့် မြေအောက်မှ တရားမ၀င်နိုင်ငံရေး နည်းလမ်းဖြင့် တိုက်ပွဲဝင်ခြင်းဟူသည့် နည်းဗျူဟာအတိုင်း ဖြစ်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ဦးအောင်ကြီးစွပ်စွဲခဲ့သည့် အတိုင်း NLDဗဟိုကို ဗ က ပ အနွယ်များ ၀င်စီးထားသည် ဆိုသည်မှာ အမှန်ပင်ဖြစ်ပါပေ၏။

Wednesday, January 13, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၃)

တပ်မတော်အစိုးရသ်ည ၁၉-၉-၈၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် မေတ္တာရပ်ခံခဲ့သည်။ ၂၇-၉-၈၈ ရက်နေ့၌ နိုင်ငံရေးပါတီအား မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်း ကြေညာခဲ့သည် ။

၃-၁၀-၈၈ ရက်နေ့တွင် ဒီမိုကရေစီပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း စတင် ကြေညာသည် ။ ထိုနေ့မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို မှတ်ပုံတင် ခွင့်ပြုကြောင်း ဆက်လက်ကြေညာသည်။ နိုင်ငံရေးပါတီ ၂၃၅ ပါတီအထိ မှတ်ပုံတင် ခွင့်ပြု ခဲ့သည်။

NLD ကို ၃၀-၉-၈၈ ရက်နေ့မှစပြီး မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က NLD ဌာနချုပ် လိပ်စာမှာ အမှတ်(၄၄)၊ တက္ကသိုလ်ရပ်သာလမ်း၊ ရန်ကုန် ဖြစ်သည် ။NLDကို ဒီချုပ်ဟူ၍လည်းကောင်း၊ အောင်-စု-တင် ဟူ၍ လည်းကောင်း၊ လူသိများခဲ့သည် ။ မှတ်ပုံတင် စဉ်က NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ -

(၁) ဦးအောင်ကြီး ဥက္ကဋ္ဌ

(၂) ဦးတင်ဦး ဒုဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူး

(၄) ဦးကြည်ဟန် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၅) ဦးချစ်ခိုင် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၆) ဦးဝင်တင် အတွင်းရေးမှူး(အဖွဲ့ဝင်)

(၇) ဒေါ်မြင့်မြင့်ခင် စည်းရုံးရေးဌာနမှူး

(၈) ဦးလွင် ဘဏ္ဍာရေးမှူး

(၉) ဦးအောင်လွင် ပြန်ကြားရေးဌာနမှူး

(၁၀) ဦးအောင်ရွှေ စည်းရုံးရေးဌာနမှူး

(၁၁) ဦးကြည်မောင်` သုတေသနဌာနမှူးနှင့်

(၁၂) ဦးဘရွှေ အုပ်ချုပ်ရေးဌာနမှူး တို့ ဖြစ်ကြသည်။

NLD သည် အရေးအခင်းကာလတွင် လူရှေ့ထွက် ဟုန်ရေးပြခဲ့သော ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ အုပ်စုသုံးခု စုပေါင်းဖွဲ့ခဲ့သော ပါတီဖြစ်သည်။ ဦးအောင်ကြီးသည် ၀ါရင့် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်ပြီး သခင်အောင်ကြီး(ပေါင်း တည်) အမည်ဖြင့် နိုင်ငံရေးလုပ်ခဲ့ဖူးသူ ဆိုရှယ်လစ်ပါတီလည်း ဖြစ်သည်။ အရေးအခင်း ဖြစ်လုကလေး၌ စာတို စာရှည်များ ပလူပျံအောင် ရေးပြီး ပေါ်ပြူလာဖြစ်အောင် လုပ်ခဲ့သူ ဖြစ်၍ NLD ၏ ဦးစီးဦးကိုင်အဖြစ် ကိုယ့်ကိုကိုယ် သဘောထားခဲ့သည်။ NLD ၌ ဦးအောင်ကြီးနှင့် ၄င်း လူ ၁၃ဦး၊ စုစုပေါင်း ၁၄ဦး ပါဝင်ခဲ့သည် ။

ဦးတင်ဦးကလည်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်ပြီး ၊ ၄င်းနောက်၌ မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ ရှိနေ၍ ကိုယ့်ကိုကိုယ် ထိုးထွက်ခဲ့သူ ဖြစ်သည်။ ဦးတင်ဦးအုပ်စုတွင် အခြားမျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ဝင် ၁၃ဦးပါဝင်သည်။ ဒေါ်စုကြည်ကလည်း ၄င်းသည် ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ အောက်စဖို့ဒ်တက္ကသိုလ်ထွက်၊ နိုင်ငံခြားမှ လိုလားထောက်ခံသူ၊ ရွှေတိဂုံ၊ အနောက်ဘက်မုဒ် လူထုအစည်းအဝေးတွင် ဟောပြောစဉ် တက်ရောက်သော ပရိသတ်မှာ ဦးအောင်ကြီး၊ ဦးတင်ဦးတို့အဖွဲ့ထက် ပိုများသည်။ ထို့ကြောင့် မိမိသာလျှင် NLD၌ ပဓါနအကျဆုံးဟု ယူဆခဲ့သည်။

NLD ပါတီ၏ အမှားတော်ပုံများ (၂)

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကလည်း သူ့အကြံနှင့်သူ ဖြစ်သည်။ လောလောဆယ် ကြားဖြတ်အစိုးရ အာဏာခွဲတမ်းဝင်ယူမည်၊ နောက်မှ လက်ယာအုပ်စုကို ကန်ထုတ်မည်။ လက်ယာဝါဒီများကလည်း ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားခဲ့ကြသည်။ ဗကပ အပါအ၀င် လက်ဝဲ၀ါဒီများကို မချစ်သော်လည်း အောင့်ကာနမ်ခဲ့သည်။ နောင်ကျမှ ပြည်ပဆရာကြီးများ အကူအညီဖြင့် လက်ဝဲများ၊ လက်စတုံး ချေမှုန်းပစ်မည်။ အကယ်၍သာ မဆလအစိုးရက ၄င်းအုပ်စုလက်ထဲသို့ ကြားဖြတ် အစိုးရအာဏာထိုးအပ်မိခဲ့လျှင် ရက်ပိုင်းအတွင်းမှာပင် အုပ်စုများကွဲပြီး အချင်းချင်း အာဏာ လုကြမည်။ လက်ယာအုပ်စုကလည်း ၀ှက်ဖဲကိုင်ထားသည်။ ၄င်းတို့အတွက် ပြည်ပမှ နယ်ချဲ့လက်သစ် တပ်များက ကျူးကျော်ဝင်ရောက်ပေးမည်။ ယင်းသို့သာ ဖြစ်ခဲ့ပါက မြန်မာ နိုင်ငံသည် ဘော့စနီးယာနိုင်ငံထက် (၂)နှစ်၊ (၃)နှစ်စောပြီး သွေးချောင်းစီးမည့် အနေအထား ဖြစ်သည်။ တပ်မတော်က အချိန်မီ လက်မတင်ကလေး ကာကွယ်စောင့်ရှောက်နိုင်ခဲ့၍သာ နိုင်ငံနှင့်လူမျိုး ကိုယ်ကျိုးမနည်းခဲ့ရခြင်း ဖြစ်ပေသည်။

အရေးအခင်းကာလတွင် ဒေါ်စုကြည်သည် ပါတီမထောင်၊ နိုင်ငံရေးမလုပ်၊ သားနှစ်ယောက်ပညာရေးအတွက် အင်္ဂလန်ပြန်မည်ဟု ပြောခဲ့သည်။ ဦးတင်ဦးကလည်း ပါတီင်္မထောင်ဟုပင် ၂၇-၈-၈၈ ရက်နေ့၌ ပြောခဲ့သည်။ သို့သော် နောက်တစ်ရက်မှာ ၂၈-၈-၈၈ နေ့ နံနက်(၁၀)နာရီတွင် ဦးနုက ၄င်းဖွဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့တွင် အထွေထွေအတွင်းရေးမှူး နေရာပေးလိုက်သည်နှင့် အပြေးအလွှား လက်ခံခဲ့သည် ။

အမေရိကန်ကွန်ဂရက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာကော်မတီ ဥက္ကဋ္ဌ စတီဗင်ဂျေဆိုလာဇ် မြှောက်ထိုးပင့်ကော် လုပ်သွားသည့်အတိုင်း ဦးနုက သူများထက် ဦးအောင် ၉-၉-၈၈ ရက်နေ့၌ စစ်ကြိုအစိုးရဟူ၍ ဖွဲ့သည်။ ထိုအဖွဲ့တွင် ပထစဟောင်းများ အပြင်၊ သခင်ချစ်မောင်က လယ်ယာသစ်တောဝန်ကြီး၊ ဦးတင်ဦးက ကာကွယ်ရေးဝန်ကြီး၊ ဦးအောင်ရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးများ ယူခဲ့ကြသေးသည်။ မကြာခင် ဟန်ပုံ မပေါ်တော့မှ နှုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

NLD ကို အုပ်စုသုံးစုဖြင့် တည်ထောင်ခဲ့သည်။ ဦးအောင်ကြည်အုပ်စု၊ ဦတင်ဦး အုပ်စုတို့တွင် တပ်မတော်အရာရှိဟောင်း အများဆုံးပါသည်။ တပ်ပြုတ် ၊ မဆလပြုတ်၊ ဌာနဆိုင်ရာအပြုတ်အများဆုံးဖြစ်သည်။ ဒေါ်စုကြည်အုပ်စုတွင် ထိုစဉ်က ၄င်းကို မြှောက်ပင့် ကပ်ဖားနေသော လက်ဝဲသမားများ အများဆုံးပါသည်။ မြန်မာနိုင်ငံသို့ သူစိမ်းပမာ ပြန်ရော လာစဖြစ်၍ ဒေါ်စုကြည်က တတ်သိဆိုသူ လက်ဝဲသမားများကို ဘုမသိ ဘမသိနှင့် လက်ခံ ခဲ့ခြင်းဖြစ်သည်။တတ်သိပညာများအုပ်စုတွင် သတင်းစာဆရာ၊စာရေးဆရာ၊ ရှေ့နေ၊ ကျူရှင်ဆရာ နှင့် အစိုးရ၀န်ထမ်းဟောင်းများ ပါသည်။ ထို့ပြင် NLDထဲ၌ လက်ဝဲလက်ယာ မြေပေါ်ပါတီတို့မှ ပါတီဝင်ဟောင်းများ၊ တောပြန်လက်နက်ချ အလင်းဝင် ဗကပ လူငယ်များ၊ အလံနီထွက်များ၊ ပြည်ပြေးဟောင်းများ ဟူသည့် နိုင်ငံရေးသမားများလည်း ပါနေပေသည်။

ယင်းသို့ များပြားသော ၊ မတူညီသော အုပ်စုခွဲငယ်များသည် NLD ပါတီ၌ ပါဝင်နေသော်လည်း သီခြားရပ်တည်ချက်၊ သီးခြားအမြင်များဖြင့် ယာယီမဟာမိတ် ဖွဲ့ထားခြင်း ဖြစ်သည် ။

NLD ပါတီ၏ အမှားတော်ပုံများ(၁)

ယနေ့မြန်မာနိုင်ငံ၌ တရားဝင်တည်ရှိနေသည်ဆိုသည့် NLDပါတီသည် စကတည်းက ယဉ်သကို ဖြစ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလတွင် အမေရိကန်အထက် လွှ့တ်တော်အမတ် စတီဗင် ဂျေဆိုလာ ဆိုသူသည် စက်တင်ဘာလ(၄)ရက်နေ့၌ ရန်ကုန်သို့ ရောက်လာသည်။ ၄င်းက အရေးအခင်း အခြေအနေအရ ကြားဖြတ်အစိုးရ ဖွဲ့စည်းသင့်သည်ဟု ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုကြည်တို့နှင့် တွေ့ဆုံစဉ် လမ်းကြောင်းပေးသွားသည် ။

ဦးနုက စက်တင်ဘာလ ၉ရက်နေ့၌ အစိုးရဖွဲ့ကြောင်း ကြေငြာသည်။ ဦးအောင်ကြီး၊ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ကလည်း သုံးယောက်ပေါင်းပြီး အောင်-စု-တင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဟူ၍ လှုပ်ရှားခဲ့ကြသည်။ တိုင်းပြည်အတွက် အလွန်အန္တရာယ် ကြီးသော လုပ်ရပ်များပင် ဖြစ်သည်။

ထိုအချိန်တွင် ဗကပက မန္တလေးအထိ သိမ်းမည်ဟူသည့် စစ်ရေးရည်မှန်းချက် ဖြင့် မိုင်းယန်း တိုက်ပွဲကို ဖန်တီးနေသည်။ KNU ကလည်း မြန်မာပြည်အောက်ပိုင်းကို သိမ်းမည် ဟူသော မျှော်မှန်းချက်ဖြင့် မဲသဝေါတိုက်ပွဲဆင်နွှဲလာသည်။ ရန်ကုန်မြို့၌ တပ်မတော်တပ်စု တစ်စုကို ၀ိုင်းစီးပြီး လက်နက်သိမ်းယူသည့်ဖြစ်စဉ် ပေါ်ပေါက်လာသည်။ ကြားဖြတ်အစိုးရ ဖွဲ့မပေးပါက လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့် ပစ်မည်ဟူသည့် ခြိမ်းခြောက်မှုများ ကို မဟုတ်မမှန် လုပ်ကြံကြေညာနေကြသည်။ ထိုအချိန်၌ မြန်မာ့ရေပိုင်နက် ကိုကိုးကျွန်း အနီးသို့ အမေရိကန် ရေတပ်သင်္ဘော အုပ်စု ရောက်ရှိနေသည်။ ကမ်းတက်ရန် စစ်ရေးလေ့ကျင့် လျက်ရှိသည် ။

လမ်းစဉ်ပါတီ အစိုးရက ကြားဖြတ်အစိုးရ မပေးလည်း ရန်ကုန်တက္ကသိုလ်ကို အခြေခံ၍ ၄င်းတို့အစီအစဉ်ဖြင့် အောင်-စု-တင် ကြားဖြတ် အစိုးရဖွဲ့ရန် ပြင်ဆင်မှုများ လုပ်ပြီး နေပြီ ဖြစ်သည်။ ယင်းသို့ တိုင်းပြည်ဖရိုဖရဲဖြင့် ပြိုကွဲပျက်စီးရန် လက်မတင်အခြေအနေတွင် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရသည်။

တပ်မတော်အစိုးရ ပေါ်ပေါက်လာသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရန် အတွက် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့ခွင့်မရသည့် အောင်-စု-တင် သုံးယောက်တွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟူ၍ ပါတီထောင်ခဲ့ကြသည် ။ NLD ပါတီကို ၂၇-၁၀-၁၉၈၈ ရက်နေ့၌ စဖွဲ့သည် ။ ပါတီ ဖွဲ့စည်းစမှာပင် ဦးအောင်ကြီးက ဥက္ကဋ္ဌ လုပ်မည်၊ ဒေါ်စုကြည်က ဥက္ကဋ္ဌလုပ်မည်ဆိုပြီး နေရာလုခဲ့ကြသည်။ အမြင်မတော်သူများက ဖျန့်ဖြေသဖြင့် ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်စုကြည်က အထွေထွေ အတွင်းရေးမှူးဟု ခွဲဝေယူခဲ့ကြသည်။ ဤသို့ဖြင့် NLDသည် စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲရန် အက်သံပါလာခဲ့ လေသည်။

Sunday, July 27, 2008

လေယဇ်ထုပ်များ

လေယဇ်ထုပ်များ

နံနက်မိုးလင်း

နေ့ခင်းငုတ်တုတ်

မိုးချုပ်ညဥ့်နက်

ကမ္ဘာတစ်ဖက်တိုင်းပြည်

တကျီကျီမေးခေါ်

တကြော်ကြော်နှင့်
မတော်တရော်ဟစ်

ကလိမ်ကျစ်မီဒီယာ

မဖြစ်ညစ်ကျယ်

လေ၀ယ်ဒါန်းစီး

ကြီးသည့် ဖြီးလုံး

အော်ကြီးချက်မ

အမှိုက်စထောင်

ပြဿဒ်လောင်စေ VOA ။

ဒီမိုကရေစီ

ရေထွက်မတတ်

ပါးစပ်လေဟစ်

အသစ်မဟုတ်

လေယဇ်ထုပ်တွေ

မဟုတ်သတင်း

ဟုတ်သတင်းလုပ်သည်

လေပုပ်ထုတ်သည် DVB

လေရှုပ်ရှုပ်သည် BBC ။

ဗိန်းဗောင်းလေလှိုင်း

ကောင်းကင်မှိုင်းတိုက်

ဇာတ်တိုက်သတင်း

ယင်းသို့ချင်းလျှင်

သတင်းပို့ကျ

အတင်းပို့ချ

ရှေ့ကဘေးတီး

နောက်မြီးလေကျယ်

အဓိပ္ပါယ်မရှိ

အမှန်သိလဲ

မှန်တာလွဲ၍

တလွဲလွင့်နေ RFA

နေခြည်ထိုးဖောက်

အလင်းရောက်က

ဘဘောက်ခနဲ့

ပုံကြီးချဲ့ထွင်း

သတင်းအဖျက်

တိုင်းပြည်ပျက်စေ

ရှေ့ဆက်ခရီး

ချည်းနှီးဖြစ်စေ

ပြည်သူလက်တွဲ

ပြိုကွဲအက်စေ

တိုင်းသားညီကို

သပ်လျှိုခွဲစေ

တိုင်းပြည်အာဏာ

ချုပ်ခြာ ထီးထီး

အစည်းပျက်စေ ။

BBD, DVB, VOA, FRA

လမ်းကြောင်း နှပ်ကြောင်း

အကောင်းမဟုတ်

တစ်ကြောင်းရှုတ်ချ

သွားပုတ်လေလွှင့်

မချင့်မြူဆွယ်

အန္တရာယ်ကို

ကာကွယ်သတိ

ပြည်သူ့သိသည့်

အရှိတရား

သတိကိုယ်စီ

ကိုယ့်ပြည်နိုင်ငံ

ကိုယ့်နိုင်ငံ၌

ခြေခံဥပဒေ

ပြည်သူတွေရေးဆွဲ

စိတ်ဇွဲညီလျက်

တခဲနက်လျှင်

အလင်းမြင်သည်

နိုင်ငံရှေ့ချီ

ပြည်သစ်ဆီ ။

( မြနန္ဒာ )