ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, January 13, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၂)

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကလည်း သူ့အကြံနှင့်သူ ဖြစ်သည်။ လောလောဆယ် ကြားဖြတ်အစိုးရ အာဏာခွဲတမ်းဝင်ယူမည်၊ နောက်မှ လက်ယာအုပ်စုကို ကန်ထုတ်မည်။ လက်ယာဝါဒီများကလည်း ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားခဲ့ကြသည်။ ဗကပ အပါအ၀င် လက်ဝဲ၀ါဒီများကို မချစ်သော်လည်း အောင့်ကာနမ်ခဲ့သည်။ နောင်ကျမှ ပြည်ပဆရာကြီးများ အကူအညီဖြင့် လက်ဝဲများ၊ လက်စတုံး ချေမှုန်းပစ်မည်။ အကယ်၍သာ မဆလအစိုးရက ၄င်းအုပ်စုလက်ထဲသို့ ကြားဖြတ် အစိုးရအာဏာထိုးအပ်မိခဲ့လျှင် ရက်ပိုင်းအတွင်းမှာပင် အုပ်စုများကွဲပြီး အချင်းချင်း အာဏာ လုကြမည်။ လက်ယာအုပ်စုကလည်း ၀ှက်ဖဲကိုင်ထားသည်။ ၄င်းတို့အတွက် ပြည်ပမှ နယ်ချဲ့လက်သစ် တပ်များက ကျူးကျော်ဝင်ရောက်ပေးမည်။ ယင်းသို့သာ ဖြစ်ခဲ့ပါက မြန်မာ နိုင်ငံသည် ဘော့စနီးယာနိုင်ငံထက် (၂)နှစ်၊ (၃)နှစ်စောပြီး သွေးချောင်းစီးမည့် အနေအထား ဖြစ်သည်။ တပ်မတော်က အချိန်မီ လက်မတင်ကလေး ကာကွယ်စောင့်ရှောက်နိုင်ခဲ့၍သာ နိုင်ငံနှင့်လူမျိုး ကိုယ်ကျိုးမနည်းခဲ့ရခြင်း ဖြစ်ပေသည်။

အရေးအခင်းကာလတွင် ဒေါ်စုကြည်သည် ပါတီမထောင်၊ နိုင်ငံရေးမလုပ်၊ သားနှစ်ယောက်ပညာရေးအတွက် အင်္ဂလန်ပြန်မည်ဟု ပြောခဲ့သည်။ ဦးတင်ဦးကလည်း ပါတီင်္မထောင်ဟုပင် ၂၇-၈-၈၈ ရက်နေ့၌ ပြောခဲ့သည်။ သို့သော် နောက်တစ်ရက်မှာ ၂၈-၈-၈၈ နေ့ နံနက်(၁၀)နာရီတွင် ဦးနုက ၄င်းဖွဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့တွင် အထွေထွေအတွင်းရေးမှူး နေရာပေးလိုက်သည်နှင့် အပြေးအလွှား လက်ခံခဲ့သည် ။

အမေရိကန်ကွန်ဂရက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာကော်မတီ ဥက္ကဋ္ဌ စတီဗင်ဂျေဆိုလာဇ် မြှောက်ထိုးပင့်ကော် လုပ်သွားသည့်အတိုင်း ဦးနုက သူများထက် ဦးအောင် ၉-၉-၈၈ ရက်နေ့၌ စစ်ကြိုအစိုးရဟူ၍ ဖွဲ့သည်။ ထိုအဖွဲ့တွင် ပထစဟောင်းများ အပြင်၊ သခင်ချစ်မောင်က လယ်ယာသစ်တောဝန်ကြီး၊ ဦးတင်ဦးက ကာကွယ်ရေးဝန်ကြီး၊ ဦးအောင်ရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးများ ယူခဲ့ကြသေးသည်။ မကြာခင် ဟန်ပုံ မပေါ်တော့မှ နှုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

NLD ကို အုပ်စုသုံးစုဖြင့် တည်ထောင်ခဲ့သည်။ ဦးအောင်ကြည်အုပ်စု၊ ဦတင်ဦး အုပ်စုတို့တွင် တပ်မတော်အရာရှိဟောင်း အများဆုံးပါသည်။ တပ်ပြုတ် ၊ မဆလပြုတ်၊ ဌာနဆိုင်ရာအပြုတ်အများဆုံးဖြစ်သည်။ ဒေါ်စုကြည်အုပ်စုတွင် ထိုစဉ်က ၄င်းကို မြှောက်ပင့် ကပ်ဖားနေသော လက်ဝဲသမားများ အများဆုံးပါသည်။ မြန်မာနိုင်ငံသို့ သူစိမ်းပမာ ပြန်ရော လာစဖြစ်၍ ဒေါ်စုကြည်က တတ်သိဆိုသူ လက်ဝဲသမားများကို ဘုမသိ ဘမသိနှင့် လက်ခံ ခဲ့ခြင်းဖြစ်သည်။တတ်သိပညာများအုပ်စုတွင် သတင်းစာဆရာ၊စာရေးဆရာ၊ ရှေ့နေ၊ ကျူရှင်ဆရာ နှင့် အစိုးရ၀န်ထမ်းဟောင်းများ ပါသည်။ ထို့ပြင် NLDထဲ၌ လက်ဝဲလက်ယာ မြေပေါ်ပါတီတို့မှ ပါတီဝင်ဟောင်းများ၊ တောပြန်လက်နက်ချ အလင်းဝင် ဗကပ လူငယ်များ၊ အလံနီထွက်များ၊ ပြည်ပြေးဟောင်းများ ဟူသည့် နိုင်ငံရေးသမားများလည်း ပါနေပေသည်။

ယင်းသို့ များပြားသော ၊ မတူညီသော အုပ်စုခွဲငယ်များသည် NLD ပါတီ၌ ပါဝင်နေသော်လည်း သီခြားရပ်တည်ချက်၊ သီးခြားအမြင်များဖြင့် ယာယီမဟာမိတ် ဖွဲ့ထားခြင်း ဖြစ်သည် ။

NLD ပါတီ၏ အမှားတော်ပုံများ(၁)

ယနေ့မြန်မာနိုင်ငံ၌ တရားဝင်တည်ရှိနေသည်ဆိုသည့် NLDပါတီသည် စကတည်းက ယဉ်သကို ဖြစ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလတွင် အမေရိကန်အထက် လွှ့တ်တော်အမတ် စတီဗင် ဂျေဆိုလာ ဆိုသူသည် စက်တင်ဘာလ(၄)ရက်နေ့၌ ရန်ကုန်သို့ ရောက်လာသည်။ ၄င်းက အရေးအခင်း အခြေအနေအရ ကြားဖြတ်အစိုးရ ဖွဲ့စည်းသင့်သည်ဟု ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုကြည်တို့နှင့် တွေ့ဆုံစဉ် လမ်းကြောင်းပေးသွားသည် ။

ဦးနုက စက်တင်ဘာလ ၉ရက်နေ့၌ အစိုးရဖွဲ့ကြောင်း ကြေငြာသည်။ ဦးအောင်ကြီး၊ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ကလည်း သုံးယောက်ပေါင်းပြီး အောင်-စု-တင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဟူ၍ လှုပ်ရှားခဲ့ကြသည်။ တိုင်းပြည်အတွက် အလွန်အန္တရာယ် ကြီးသော လုပ်ရပ်များပင် ဖြစ်သည်။

ထိုအချိန်တွင် ဗကပက မန္တလေးအထိ သိမ်းမည်ဟူသည့် စစ်ရေးရည်မှန်းချက် ဖြင့် မိုင်းယန်း တိုက်ပွဲကို ဖန်တီးနေသည်။ KNU ကလည်း မြန်မာပြည်အောက်ပိုင်းကို သိမ်းမည် ဟူသော မျှော်မှန်းချက်ဖြင့် မဲသဝေါတိုက်ပွဲဆင်နွှဲလာသည်။ ရန်ကုန်မြို့၌ တပ်မတော်တပ်စု တစ်စုကို ၀ိုင်းစီးပြီး လက်နက်သိမ်းယူသည့်ဖြစ်စဉ် ပေါ်ပေါက်လာသည်။ ကြားဖြတ်အစိုးရ ဖွဲ့မပေးပါက လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့် ပစ်မည်ဟူသည့် ခြိမ်းခြောက်မှုများ ကို မဟုတ်မမှန် လုပ်ကြံကြေညာနေကြသည်။ ထိုအချိန်၌ မြန်မာ့ရေပိုင်နက် ကိုကိုးကျွန်း အနီးသို့ အမေရိကန် ရေတပ်သင်္ဘော အုပ်စု ရောက်ရှိနေသည်။ ကမ်းတက်ရန် စစ်ရေးလေ့ကျင့် လျက်ရှိသည် ။

လမ်းစဉ်ပါတီ အစိုးရက ကြားဖြတ်အစိုးရ မပေးလည်း ရန်ကုန်တက္ကသိုလ်ကို အခြေခံ၍ ၄င်းတို့အစီအစဉ်ဖြင့် အောင်-စု-တင် ကြားဖြတ် အစိုးရဖွဲ့ရန် ပြင်ဆင်မှုများ လုပ်ပြီး နေပြီ ဖြစ်သည်။ ယင်းသို့ တိုင်းပြည်ဖရိုဖရဲဖြင့် ပြိုကွဲပျက်စီးရန် လက်မတင်အခြေအနေတွင် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရသည်။

တပ်မတော်အစိုးရ ပေါ်ပေါက်လာသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရန် အတွက် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့ခွင့်မရသည့် အောင်-စု-တင် သုံးယောက်တွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟူ၍ ပါတီထောင်ခဲ့ကြသည် ။ NLD ပါတီကို ၂၇-၁၀-၁၉၈၈ ရက်နေ့၌ စဖွဲ့သည် ။ ပါတီ ဖွဲ့စည်းစမှာပင် ဦးအောင်ကြီးက ဥက္ကဋ္ဌ လုပ်မည်၊ ဒေါ်စုကြည်က ဥက္ကဋ္ဌလုပ်မည်ဆိုပြီး နေရာလုခဲ့ကြသည်။ အမြင်မတော်သူများက ဖျန့်ဖြေသဖြင့် ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်စုကြည်က အထွေထွေ အတွင်းရေးမှူးဟု ခွဲဝေယူခဲ့ကြသည်။ ဤသို့ဖြင့် NLDသည် စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲရန် အက်သံပါလာခဲ့ လေသည်။

Sunday, July 27, 2008

လေယဇ်ထုပ်များ

လေယဇ်ထုပ်များ

နံနက်မိုးလင်း

နေ့ခင်းငုတ်တုတ်

မိုးချုပ်ညဥ့်နက်

ကမ္ဘာတစ်ဖက်တိုင်းပြည်

တကျီကျီမေးခေါ်

တကြော်ကြော်နှင့်
မတော်တရော်ဟစ်

ကလိမ်ကျစ်မီဒီယာ

မဖြစ်ညစ်ကျယ်

လေ၀ယ်ဒါန်းစီး

ကြီးသည့် ဖြီးလုံး

အော်ကြီးချက်မ

အမှိုက်စထောင်

ပြဿဒ်လောင်စေ VOA ။

ဒီမိုကရေစီ

ရေထွက်မတတ်

ပါးစပ်လေဟစ်

အသစ်မဟုတ်

လေယဇ်ထုပ်တွေ

မဟုတ်သတင်း

ဟုတ်သတင်းလုပ်သည်

လေပုပ်ထုတ်သည် DVB

လေရှုပ်ရှုပ်သည် BBC ။

ဗိန်းဗောင်းလေလှိုင်း

ကောင်းကင်မှိုင်းတိုက်

ဇာတ်တိုက်သတင်း

ယင်းသို့ချင်းလျှင်

သတင်းပို့ကျ

အတင်းပို့ချ

ရှေ့ကဘေးတီး

နောက်မြီးလေကျယ်

အဓိပ္ပါယ်မရှိ

အမှန်သိလဲ

မှန်တာလွဲ၍

တလွဲလွင့်နေ RFA

နေခြည်ထိုးဖောက်

အလင်းရောက်က

ဘဘောက်ခနဲ့

ပုံကြီးချဲ့ထွင်း

သတင်းအဖျက်

တိုင်းပြည်ပျက်စေ

ရှေ့ဆက်ခရီး

ချည်းနှီးဖြစ်စေ

ပြည်သူလက်တွဲ

ပြိုကွဲအက်စေ

တိုင်းသားညီကို

သပ်လျှိုခွဲစေ

တိုင်းပြည်အာဏာ

ချုပ်ခြာ ထီးထီး

အစည်းပျက်စေ ။

BBD, DVB, VOA, FRA

လမ်းကြောင်း နှပ်ကြောင်း

အကောင်းမဟုတ်

တစ်ကြောင်းရှုတ်ချ

သွားပုတ်လေလွှင့်

မချင့်မြူဆွယ်

အန္တရာယ်ကို

ကာကွယ်သတိ

ပြည်သူ့သိသည့်

အရှိတရား

သတိကိုယ်စီ

ကိုယ့်ပြည်နိုင်ငံ

ကိုယ့်နိုင်ငံ၌

ခြေခံဥပဒေ

ပြည်သူတွေရေးဆွဲ

စိတ်ဇွဲညီလျက်

တခဲနက်လျှင်

အလင်းမြင်သည်

နိုင်ငံရှေ့ချီ

ပြည်သစ်ဆီ ။

( မြနန္ဒာ )

Friday, July 18, 2008

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ဆန္ဒ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားနှင့်၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ၊် အန္တရာယ်သည်
မဖွယ်မရာ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။

ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။

အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု၊ တိုင်းပြည်ပြုတို့
မရှုမလှ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ၊ ကျခဲ့ကြောင်း။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊ မင်းသားကောင်းကို
အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏
ရှိပါကတဲ၊ သူ့စိတ်ထဲ၌
တိတ်စွဲသောက၊ စွဲဒေါသတို့
မကြွစေချင်၊ ပြေစေချင်၏
ပညာအသိ၊ သတိဖြစ်ရေး
အတွေးမှန်ကန်၊ နိုင်ငံလူထု
ကိုသာပြု၍ ၊ ပြုစေချင်၏ ပြုပါဘိ။ ။

(ဆရာဇော်ဂျီ )


Wednesday, July 2, 2008

အချိန်မီ

အချိန်မီ

(၂၀၀၈ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် အမျိုးစောင့်သော မြန်မာ့အမျိုးသမီးများနေ့ အတွက် မောင်စေတနာ၏ blog တွင် ဖော်ပြထားသော ၀တ္ထုတို တစ်ပုဒ်အား ကူးယူ ဖော်ပြအပ် ပါသည်။ )

``အောင်မယ်လေး ငပေါရယ်၊ နင့်ပါးစပ်ကများ ဒီလိုစကားမျိုး ထွက်ရတယ်လို့ အံ့ပါ့၊ ရယ်ချင်ရဲ့ ပက်ကျိလို ဖြစ်နေပြီ၊ ငါက မင်းသမီး၊ နင်က လူရွှင်တော်၊ ငါ့ကိုများ စော်စော်ကားကား ချစ်တယ် ဟုတ်လား။

အဟင်း ဟင်း၊ နင့် ကိုယ် နင် ရွှေမင်းသမီးနဲ့ မောင်ရွှေရိုး ဇာတ်က နေတယ်လို့များ ထင်နေလား။ ဒီမယ် ငပေါ မင်းသမီးနဲ့ လူရွှင်တော် ညားတာကတော့ ရှိပါတယ်။ ငါက ဒီလို ခပ်ညံ့ညံ့ မင်းသမီးထဲမှာ မပါဘူးဟဲ့၊ နင့်ညကြေး တစ်လစာ ပေါင်းရင်တောင် ငါ့ထဘီတစ်ထည်ဖိုး မရှိဘူး။ ငါ့လို ထိတ်ထိတ်ကြဲ ရွှေမင်းသမီးကိုလေ နင်ကများ တော်တော်…ငါ ဒေါသထွက်လာပြီး ငါ့ရှေ့က ထွက်သွား ``

`` ဟေ့ ငပေါ၊ လူဆိုတာ ကိုယ့်နေရာကိုယ် နေရတယ်ကွ။ ခိုင်သစ္စာကို တို့တစ်တွေ ဖူးဖူးမှုတ်ထားတာ မင်းအသိပဲ၊ မင်းလိုလူက ဇာတ်ထဲမှာ မရှိလို့ ဘာမှမဖြစ်ဘူး ကိုယ့်လူ၊ မင်းသမီးမရှိမှ အားလုံးအိုးစားကွဲ သွားမယ် မှတ်ထား၊ မင်း….ကြပ်ကြပ် သတိထား သွား သွားတော့ နှစ်ပါးခွင်လည်း နီးနေပြီ ``

ငပေါ(ခေါ်)ကိုမြကြီးမှာ ခိုင်သစ္စာ၏ ဥပေက္ခာစကား၊ ဇာတ်ဆရာ၏ အထင်အမြင် သေးသော စကားများကြောင့် အံကို ကြိတ်လိုက်သည်။

----------------------

`` မောင်ကြီးတို့ရေ``

``ဗျာ ဗျ ``

`` လူရွှင်တော်ဆိုတာ ရှေးယခင်က ပျော်တော်ဆက်ကနေ လူပျက်၊ လူရွှင်တော်တဲ့ ဟော ခုခေတ်ကျတော့ ဟာသလုလင်တဲ့ မဟုတ်လားရှင်``

``ဟုတ်တာပေါ့ မင်းသမီးရဲ့``

``အဲသလို လူရွှင်တော်နဲ့ ကျွန်မလို ပြည်ချစ်မင်းသမီးတို့ လက်ဆက်မယ်ဆိုရင်… မောင်ကြီးတို့ ကျေနပ်ပါ့မလား ဟင်``

`` ဟာ…ဘာယ်ကျေနပ်ပါ့မလဲ၊ ဟောဒီကောင်လား၊ ကိုယ့်သမီးလေး အရွယ်ကို စောင့်ရှောက်ရမယ့် အစား စာကလေးကို အမြောက်နဲ့ ချိန်တဲ့ မဟာအကျင့် မဟာအကြံတွေ ကြံနေတာကိုး…..ကဲ………ငပေါ လာ လာ မင်းကို ငါမေးမယ်``

ဇာတ်စင်ထောင့်နားတွင် ထိုင်နေသော ငပေါက

``ဘာလုပ်မလို့တုန်း၊ ငါ့ဟာနဲ့ ငါ ဖီလင်တက်နေတာ``

``လာပါဆို…….လာစမ်းပါ``

ငပေါက သုန်သုန်မှုန်မှုန်နှင့် ထလာပါတယ်။

``မင်းခိုင်သစ္စာကို ကြိုက်လား``

``ကြိုက်တယ်``

``ချစ်လား``

``ချစ်ပါတယ်ဆို``

``မင်း ဒီ မင်းသမီးကို ရရင်ကံကောင်းတယ်``

``ဘာဖြစ်လို့``

``ဟကောင် ငတုံးရ၊ မင်းသမီးက အဘက်ဘက်က ပြည့်စုံနေတော့ မင်း သူ့ကို ရရင် ဘာမှ လုပ်စရာ မလိုတော့ဘူး``

``ဗျာ……လုပ်စရာ မလိုတော့ဘူး ဟုတ်လား``

``ဟုတ်တယ်လေ``

``ဒါဆို မယူတော့ဘူးဗျာ``

``ဘာဖြစ်လို့``

``မင်းတို့ပဲ စဉ်းစားကြည့်လေ၊ မင်းသမီး ယူပြီး ဘာမှ မလုပ်ရဘူးဆိုတော့ ဘာထူးလို့တုန်း``

``သေနာကြီး``

ဆိုပြီး လူရွှင်တော်တွေက ၀ိုင်းထုကြပါတယ်။

ပရိသတ်က မည်သို့သဘောပေါက်သွားကြသည် မသိ။ တ၀ါးဝါးနှင့် ပွဲကျသွားသည်။

-----------------

ဇာတ်ရုံထောင့်နားတွင် ယိမ်းသမ တစ်စု ပွစိပွစိနှင့် ထုံးစံအတိုင်း အတင်းရော၊ သတင်းပါ ရောသမမွှေပြီး သကာလ အတင်းတုတ်နေကြပါသည်။ ငပေါက ၀င်ပြီး နားစွင့်လိုက်သည်။

``ညည်းတို့ စဉ်းစားကြည့်ကြစမ်းပါအေ၊ တို့လို ဇာတ်သမကို ဒီအင်္ဂလိပ်ကြီးက အတည်လက်ထက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလာကွယ်၊ တို့ ဟိုတစ်ည သံရုံးညစာ စားပွဲမှာ ဗြုန်းကနဲ ခိုင်သစ္စာကို လာရစ်နေတုန်းကတည်းက တို့က သိထားပြီးသား၊ အဲဒီကောင်မကလည်း နှာခေါင်းနီကြီး အရေးပေးတာနဲ့ တစ်ခါတည်း ဖျပ်ဖျပ်ကို လူးနေတာပဲ၊ ဘာပြောလိုက်သေးတယ်ထင်လဲ၊ တို့လို မြန်မာအမျိုးသမီး တစ်ယောက်ကို နိုင်ငံခြားသားက စိတ်ဝင်စားတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးလားဟဲ့၊ တောက်….. သင်းကို မပြောလိုက်ချင်ဘူး``

မပြောလိုက်ချင်ဘူးလို့ဆိုပြီး ထပ်ပြောနေမည်ကို သိ၍ ကိုပေါ ဇာတ်ဆရာအခန်းသို့ ၀င်လိုက်သည်။

---------------

``ဒီတစ်ညပြီးရင် ကျွန်မ မကနိုင်တော့ဘူး ဆရာ၊ ကျွန်မစာချုပ်ဖောက်ဖျက်မိတဲ့အတွက် ကျွန်မလျော်ဆို လျော်ပါ့မယ်ဆရာ၊ အပြစ်တင်ရင်လည်း လည်စင်းခံဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒီဇာတ်က လူတွေအားလုံး ကျွန်မကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်။ ကျွန်မ မစ္စတာဗင်(ခ်ျ)ကို ကတိပေးထားပြီးပါပြီ။ သူ့ရဲ့ အထောက်အပံ့နဲ့ ကျွန်မတို့ မိသားစုအများကြီး ချောင်လည်ခဲ့တာကိုလည်း ဆရာ အသိပါ။ အခု ကျွန်မမှာ တိုက်နဲ့ ကားနဲ့ ကျွန်မကို ဒီလိုမျိုး ဘယ်သူက ထောက်ပံ့နိုင်မှာလဲ ဆရာ၊ ညီအစ်ကို မောင်နှမလား၊ မိတ်ဆွေတွေလား၊ ဟင်း ဟင်း ဟင်း ဝေးပါသေးတယ် ဆရာ။ ကျွန်မ ဒီဇာတ်ထဲရောက်တာ ငါးနှစ်ရှိပါပြီး ။ ကျွန်မစီးပွားရေးအရ ဘာများ တိုးတက်မှု ရှိလို့လဲ၊ ရတဲ့ ညကြေးကလည်း မိတ်ကပ်ဖိုးသာသာ….``

`` တော်စမ်း မိခိုင်၊ နင့်စကားတွေ လွန်လာပြီ၊ နင့်ကိုယ်နင် ဘာများထင်နေလို့လဲ၊ မပြောချင်လို့ ကြည့်နေတာ ကြာပြီ၊ အရေးပေး ရောင့်တက်၊ ပရိသတ်တွေ ချီးမြှင့် မြှောက်စားတယ်ဆိုတာ နင်တစ်ယောက်တည်း တော်လို့ မဟုတ်ဘူး၊ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြလို့ ခိုင်သစ္စာဆိုတဲ့ နာမည်တစ်လုံးရလာတာ၊ ကျေးဇူးမကန်းနဲ့၊ နောက်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာလည်း မဟုတ်တဲ့သူကို နင်ဘာတွေမက်စရာ ရှိလို့လဲ၊ သူတို့ကို နင်ဘယ်လို ယုံရမလဲ၊ ကျေးဇူးဆိုပြီး အဲဒီကျေးဇူးတွေရဲ့ နောက်မှာ ကြောက်စရာအန္တရာယ်ဆိုးကို နင်ဘယ်သိပါ့မလဲ၊ ခုချိန်မှာ နင်က ခိုင်သစ္စာ ခိုင်သစ္စာ ဆိုပြီး မာန်မာန၊ အတ္တတိမ်သလ္လာတွေ ဖုံးနေတာကိုး၊ ကောင်းပြီ ငကန်းသေ ငစွေပေါ်လာလိမ့်မယ်၊ ညည်း ကတိအတိုင်း ဒီည ကလိုက်ဦး``

ဇာတ်ဆရာက ဒေါသတကြီး ပြောပြီးထွက်သွားသည်။ ဇာတ်တစ်ဖွဲ့လုံးက မကျေနပ်သော အကြည့်ဖြင့် ခိုင်သစ္စာကို လှမ်း၍ ကြည့်လိုက်ကြသည်။

---------------

ခိုင်သစ္စာ၏ အငြိမ့်ခွင်အခန်းသို့ ရောက်ပြီဖြစ်၍ အပြင်တွင် လှည့်ပတ်ဈေးတန်း လျှောက်နေသော အစ်ကို ကာလသားတစ်သိုက် ဇာတ်စင်နားသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။ ခိုင်သစ္စာ၏ အလှ၊ ခိုင်သစ္စာ၏ အဆို၊ အပြော၊ အကနှင့် ညုလုံးလေးများကို လွတ်သွားမည်စိုး၍ ရောက်သည့်နေရာများမှ အပြေးအလွှား လာရောက်အားပေးကြခြင်း ဖြစ်သည်။ ခိုင်သစ္စာ၏ အပြုံးသည် သူတို့အား ညှို့ယူဖမ်းစား လက်ယပ်ခေါ်နေသည်။ ယနေ့ခေတ် အငြိမ့်များတွင် မင်းသမီး၏ အကထက် လူရွှင်တော်၏ ပြက်လုံးများကို ပို၍ သဘောကျ ကြသည်။ သို့ရာတွင် ခိုင်သစ္စာ၏ အငြိမ့်ကို ကြည့်မိသူတိုင်း မှော်ထက်လိုက်တာ အိမ်ကဟာမနှင့် ကွာပါ့လို့ ပြောရလောက်အောင် မင်းသမီးတို့ တတ်အပ်သော မာယာလေးဆယ်အပြင် ဆယ့်နှစ်ကြိုး ကဝေ အတတ်ပါ ကျွမ်းတဲ့အတွက် တတ်လည်း တတ်နိုင်ပါရဲ့ဟု အောချရအောင် ပြည်သူတွေ ချစ်တဲ့ ခိုင်သစ္စာ။

ယနေ့ည ခိုင်သစ္စာ၏ ဆိုပုံ၊ ကပုံကို ပရိသတ်များ နားမလည်နိုင်အောင် ဖြစ်နေသည်။ လေးလေး ပင်ပင်နှင့်မို့ ကာလသား တစ်သိုက်က

``ချစ်ကလေး ခိုင်ရေ ဘာ အလိုမကျပါလိမ့်``

ဆိုပြီး အူရစ် ရစ်ပြီး ဟစ်နေကြပါသည်။ မင်းသမီးတစ်ပုဒ်ကပြီး ဆိုင်းဝိုင်းသို့ အသွား လူရွှင်တော်များက

``ပရိသတ်ကြီး ခင်ဗျား၊ ဒီညပြက်လုံးသစ်တစ်ခု တင်ဆက်ပါ့မယ်၊ ပရိသတ်ကို တစ်ခါဖူးမှ မတင်ဆက် ဖူးပါဘူး၊ ကဲ မင်းသမီးရေ လာပါဦး``

မင်းသမီးမှာ ပြုံးပြုံးလေးနှင့် လူရွှင်တော်နှစ်ယောက် အကြားရောက်သွားသည်။ လူရွှင်တော်နှစ်ဦးက

``တို့ မြန်မာမင်းသမီးကို တို့ယူမယ်``

ဆိုပြီး သူလု ငါလု သူယူမယ် ငါယူမယ်ဆိုပြီး လုနေကြ၍ ပရိသတ်မှာ တ၀ါးဝါး ပွဲကျနေသည်။

``အောင်မလေးဗျာ ကုန်ပါပြီ၊ ကုန်ပါပြီ၊ ခိုင်သစ္စာဆိုတဲ့ ထန်းလျက်မလေးရေ ခွေးတွေလျက်လို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ကုန်ပါပြီဗျ``

ဆိုပြီ ကာလသားတစ်သိုက်က စင်မြင့်ထောင့် ၀ဲယာကနေ အားပေးနေ ပါတယ်။

အဲဒီအချိန်မှာ လူရွှင်တော် တစ်ဦးက အင်္ဂလိပ် ယူနီဖောင်း အပြည့်အစုံနဲ့ ယူနီယံဂျက်အလံကို ကိုင်လာပြီး မင်းသမီးအနားကို ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက်မို့ မင်းသမီးက အံ့အားသင့် သွားတယ် ထင်ပါ့။ ဒါပေမယ့် မင်းသမီးပဲလေ ဒါလေးများ။

အင်္ဂလိပ်(လူရွှင်တော်)က

`` ကဲ မင်းသမီး ကျုပ်ကို ယူမလား၊ ဟောဟိုက မြန်မာနိုင်ငံသားကို ယူမလား ပြောစမ်း ပြောစမ်း``

ဆိုပြီး အိုက်တင်အပြည့်နဲ့ ဘိုလို မှုတ်နေပါတယ်။ အဲဒီအချိန်မှာ လူရွှင်တော် ကိုပေါက

``ပရိသတ်ကြီး ခင်ဗျား ခင်ဗျားတို့သာ မင်းသမီးဆိုရင် အင်္ဂလိပ်ကြီးကို ယူမလား၊ ကျုပ်ကို ယူမလား`` လို့ ပရိသတ်ကြီးဆီသို့ အော်ပြောလိုက်ပါတယ်။

ပရိသတ်ကလည်း

``မြန်မာနိုင်ငံသားကို ယူပါ ခိုင်သစ္စာရေ၊ သူ့ကို မယူရင် ကျုပ်တို့ကို ယူပါ``

ဆိုပြီး ကာလသား တစ်သိုက်တ၀ါးဝါး ဖြစ်နေကြပါတယ်။ အဲဒီအခါမှာ ခိုင်သစ္စာဆီက မမျှော်လင့်တဲ့ စကားတစ်ခွန်း ထွက်လာပါတယ်။

``ခိုင်ချစ်တဲ့ ပရိသတ်ကြီးရှင့် ခိုင်ကတော့လေ၊ ဟောဒီရိုးတဲ့၊ အတဲ့၊ ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံသား ကိုပေါကို မယူနိုင်ပေါင်၊ ဟောဟိုက အင်္ဂလိပ်ကြီး မစ္စတာကြီးကိုသာ အသည်းစွဲ ချစ်ပါသတဲ့ရှင်၊ ကြိုက်ပါသတဲ့ရှင်၊ အားကိုးပါသတဲ့ရှင်၊ ပျိုမေအထုပ်ပိုက်လို့ ဘိုခေါ်ရာ နောက်လိုက်မယ်ရှင်``

လို့ ကြာမူပါပါနဲ့ အင်္ဂလိပ်(လူရွှင်တော်)ကြီးကို လှမ်းအဖက် ပရိသတ်ကြီးက မထင်မှတ်လောက်အောင် မီးကို ရေနဲ့ ငြိမ်းသတ်သလို ငြိမ်ကျသွားပါတယ်။ မကြာလှပါ။ ဇာတ်ခုံပေါ်သို့ ဆေးလိပ်တို၊ ပြောင်းဖူးတို ခဲလုံးများ ပျံတက်လာပါတယ်။

``အမျိုးဖျက်မ၊ သေနာမ``

ဆိုတဲ့ အသံတွေနဲ့အတူ ခဲမိုးများ ရွာလာပါတယ်။

လူရွှင်တော်များက ပြောင်းလဲ သွားတဲ့ အံ့သြဖွယ် မြင်ကွင်းများကြောင့်…………..

``သည်းခံပါခင်ဗျား၊ သည်းခံပါ၊ တကယ် မဟုတ်ပါဘူး ခင်ဗျား၊ ပြက်လုံးထုတ်တာပါခင်ဗျာ၊ ပြက်လုံး ထုတ်တာပါ``

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အတွက် ပြည်ဖုံးကား ကန့်လန့်ကာကို ကမန်းကတန်း ချပစ်လိုက်ရပါတယ်။

---------------------

ခိုင်သစ္စာ၏ မျက်နှာမှာ ရစရာ မရှိအောင် စုတ်ပြတ်နေပါသည်။ ကိုပေါနှင့် ဇာတ်ဆရာကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။ မျက်ရည်ပေါက်ပေါက် ကျနေပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်နေပါသည်။ သို့သော် အသံကား ထွက်၍ မလာပါ။ ဇာတ်ဆရာက ခိုင်သစ္စာကို ကြည့်ပြီး

``မင်းသမီး သဘောပေါက်ပါပြီနော်``

ခိုင်သစ္စာက ခေါင်းညိတ်ပြ လိုက်ပါသည်။ ဇာတ်ဆရာ ထွက်သွားပြီးနောက် ငပေါက ခိုင်သစ္စာရဲ့ လက်ကို ဆုပ်ကိုင် လိုက်ပါတယ်။ ပြီးမှ အနားကပ်ပြီး

``အချိန်မီပါသေးတယ် ခိုင်ရယ်၊ မီပါသေးတယ်``

ဟု တိုးတိုးလေး ကပ်ပြောလိုက်လေသတည်း…………။

(ကရင်ပြည်နယ်မဂ္ဂဇင်းမှ စာရေးဆရာ လူကြီး၏ ၀တ္တုတိုကို ထုတ်နုတ်ဖော်ပြပါသည်။)

Monday, June 16, 2008

ဘိုကတော်အတွက် မွေးနေ့လက်ဆောင်

ဘိုကတော်အတွက် မွေးနေ့လက်ဆောင်



အရှက်ကုန်ကာ
ဘ၀ဂ်ဘုံအထိ တက်ခုန်လို့
အာဏာရူးကြပါကလား။
အထူးစာသစရာ
မလိုတော့ပါဘူး
(ဘိုကတော်ရေ.....)
မြန်မာမ ဟာ မင်းမဟုတ်လေသမို့
အတွင်းသရုပ်အသွင်သဏ္ဍန်က
အင်္ဂလန်သူကြီးပါတဲ့
အလျင်အမြန် နင်ပြန်ပေဦး။