ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, November 23, 2007

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲဝယ်မှုများ ရှိနေသည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲဝယ်မှုများ ရှိနေသည် ဟူသော ကိစ္စနှင့် ပတ်သက်၍ ၂၀၀၆ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် Deutsche Presse Agentur မှ JT Nguyen ရေးသားသည့် Vote Buying in UN Security Council (By Any Other Form Study ) ဆောင်းပါးတွင် ရေးသားချက်များကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ဖြစ်လာခြင်း အားဖြင့် အမေရိကန် ကဲ့သို့ ချမ်းသာသော နိုင်ငံများမှ စီးပွားရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ ထိုချမ်းသာသော နိုင်ငံများက လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသော ဖွံ့ဖြိုးဆဲ နိုင်ငံများထံမှ မဲဝယ်ရန် ချဉ်းကပ်ဆက်ဆံ လာကြ ကြောင်း ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်တစ်ရပ်က ဆိုထားပါသည်။ ဟားဗတ်တက္ကသိုလ် စီးပွားရေး ပညာရှင် နှစ်ဦး၏ အဆိုအရ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အဓိကအားဖြင့် အမေရိကန် နိုင်ငံထံမှ ငွေကြေး အထောက်အပံ့အကူအညီများကို ကမ္ဘာပေါ်၌ ပဋိပက္ခများ၊ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် ပိုမိုရရှိနိုင်ကြကြောင်း၊ ထိုအချိန်အခါ မျိုးတွင် အမေရိကန် အနေဖြင့် ယင်းတို့၏ မဲများကို ပိုမိုလိုအပ်သောကြောင့် ဖြစ်ကြောင်း သိရှိရသည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံတွင် ပါဝင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသည် ပျမ်းမျှအားဖြင့် အမေရိကန် နိုင်ငံထံမှ ထောက်ပံ့ငွေ ၅၉ ရာခိုင်နှုန်း ပိုမိုရရှိမည် ဖြစ်ပြီး ကုလသမဂ္ဂ ထံမှ ၈ ရာခိုင်နှုန်း ပိုမို ရရှိမည် ဖြစ်ကြောင်း ထိုလေ့လာချက်က ဆိုထားသည်။ ငွေပမာဏအားဖြင့် တွက်ပြရလျှင် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံသည် လုံခြုံရေး ကောင်စီဝင်ဖြစ်လာလျှင် ၄င်း၏ သက်တမ်းအတွင်း ကုလသမဂ္ဂထံမှ ဒေါ်လာ တစ်သန်းနှင့်အတူ အမေရိကန် ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၁၆ သန်းကို မျှော်လင့်နိုင်သည်။ ပဋိပက္ခ အကျပ် အတည်းများ ဖြစ်နေချိန်နှင့် တိုက်ဆိုင်လျှင်မူ ကုလသမဂ္ဂထံမှ ဒေါ်လာ ရှစ်သန်းနှင့် အတူ အမေရိကန်ထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄၅ သန်းအထိ မျှော်လင့်နိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ ပါဝင်ပြီး ၄င်းတို့မှာ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့ ဖြစ်ကြသည်။ ၄င်းအဖွဲ့ဝင် နိုင်ငံများသည် ကုလသမ၈္ဂ ဆုံးဖြတ်ချက်များကို ဗီတို အာဏာသုံး၍ ပယ်ဖျက် နိုင်ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများအဖြစ် အခြားနိုင်ငံ ၁၀ နိုင်ငံ ကိုလည်း နှစ်နှစ်တစ်ကြိမ် ရွေးချယ်ကြရာ ၄င်းတို့ကို အမြဲတမ်းမဟုတ်သော လုံခြုံရေး ကောင်စီဝင် နိုင်ငံများ၊ ရွေးချယ်ခံ လုံခြုံရေး ကောင်စီဝင် နိုင်ငံများဟု ခေါ်ကြသည်။ ထို အမြဲတမ်းမဟုတ်သော လုံခြုံရေး ကောင်စီဝင် နိုင်ငံများသည် များသော အားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်။ သို့ရာတွင် ထိုဆင်းရဲသော နိုင်ငံများအား ငွေကြေး ထောက်ပံ့ပေးနေသော ဂျာမနီ၊ ဂျပန်၊ စပိန်၊ ကနေဒါနှင့် အီတလီ တို့ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံ တို့လည်း ပါဝင်ကြသည်။

လုံခြုံရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရလျှင် ထိုနိုင်ငံအား ပေးသော ပြည်ပငွေကြေး အထောက်အပံ့ များ ပိုမို သိသာစွာ ပိုလာပြီး အဖွဲ့ဝင် သက်တမ်း ကုန်ဆုံးသွားလျှင် ယင်းငွေကြေး အထောက်အပံ့များ ချက်ချင်း သိသာစွာ လျော့နည်းသွားကြောင်း ထိုလေ့လာချက်က ဆိုသည်။ ယင်းသို့ ပြည်ပမှ ငွေကြေး အထောက် အပံ့များ သာသာထိုးထိုး ရရှိလာခြင်းသည် ထိုအထောက်အပံ့ခံ နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန် ရေးရာတို့တွင် ဘက်လိုက်မှုများ ရှိနေသည် ဟူသော အချက်ကို သိသာ ထင်ရှားစေသည်။ ရွေးချယ်ခံ လုံခြုံရေး ကောင်စီ နိုင်ငံ အချို့ကလည်း မိမိတို့၏ မဲများကို ရောင်းစားရန် အလွန်လိုလားနေကြသည်။ ထိုနိုင်ငံ အနေဖြင့် လုံခြုံရေး ကောင်စီ တွင် နိုင်ငံကြီး တစ်နိုင်ငံ၏ အကျိုးစီးပွားဘက်မှ ရပ်တည်ပေးလျှင် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ရပ်မှ ဖွံ့ဖြိုးရေး အကူအညီ အရပ်ရပ်ကိုလည်း ရရှိနိုင်သေးသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနိုင်ငံကြီး တစ်နိုင်ငံသည် UN အေဂျင်စီများ အပေါ် သြဇာ ညောင်းနေ၍ ဖြစ်သည်။ အဆိုပါ လေ့လာချက်တွင် အမေရိကန် နိုင်ငံသည် တိုက်ရိုက်ဖြစ်စေ၊ ယူနီဆက် ရန်ပုံငွေအဖြစ် ဖြစ်စေ ငွေကြေး ထောက်ပံ့မှုများကို အရွေးချယ်ခံရသော နိုင်ငံများအား ပေးနိုင်လျက် ရှိကြောင်း ၊ ယူနီဆက်သို့ ငွေကြေး အများဆုံး ထောက်ပံ့နေသော နိုင်ငံမှာ အမေရိကန် နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လေ့လာချက် စာတမ်းကို ရေးသားသူများက ကုလသမဂ္ဂ စနစ်ကြီး တစ်ခုလုံးတွင် အဂတိလိုက်စားမှု များရှိနေကြောင်း၊ ယခုကဲ့သို့ ဖော်ပြနိုင်ရန်အတွက် ၁၉၄၅ ခုနှစ် ကုလသမဂ္ဂ ပေါ်ပေါက်လာချိန်မှ စပီး လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ သံခင်း ၊ တမန်ခင်း ကိစ္စများတွင် အဓိက အရေးပါသော ဖြစ်ရပ်များကို အခြေခံကာ ၄င်းတို့ စုံစမ်း ထောက်လှမ်းခြင်း ဖြစ်ကြောင်း ဆိုထားသည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်စာတမ်းကို သုံးသပ်ဖော်ပြထားသည့် အဆိုပါ ဆောင်းပါးကို ဖတ်ရှု လေ့လာခြင်းဖြင့် လုံခြုံရေး ကောင်စီ အတွင်းမှ အမေရိကန်၏ အရှုပ်အထွေးများကို ထင်လင်းစွာ တွေ့ရှိ နိုင်မည် ဖြစ်သည်။

ဤမျှဆိုလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ရန်အတွက် ကုလသမဂ္ဂကို အသုံးချခဲ့သော အမေရိကန် နိုင်ငံ၏ ရှုပ်ကွက်။ မြုပ်ကွက်များကို သိရှိလောက်ပြီ ဖြစ်ပါသည်။

1 comment:

Ma Ma Gyi said...

I agree with everything you said. Isn't it so shameful for US to make tricks like that? What a country ? How about US and any other nations
KILLING
ARRESTING
TORTURING
RAPING
ROBBING their own people? That will be even more delicious juicy news for you to publish, wouldn't it?