ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Monday, November 26, 2007

ကဗျာဆရာ မြင်းရိုင်း အောင်ဝေးရဲ့ ဇာတ်သိမ်း

ကဗျာဆရာ မြင်းရိုင်း အောင်ဝေးရဲ့ ဇာတ်သိမ်း

ပိတောက်မြေ မှ ရယူပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နဲ့ အနောက်အုပ်စုက မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများဆိုသူတွေကို ၀မ်းပန်းတသာကြိုဆိုကြတယ်။ ဒုက္ခသည်အဖြစ်နဲ့ နေရာချပေးတယ်။ ဒီလိုအခွင့်အရေးကို လက်အလွတ်တမ်းယူတက်တဲ့ ရွှေမြန်မာများကလည်း အောက်လမ်းကနေ နယ်စပ်ကို ပြေး၊ ဟိုရောက်ရင် နိုင်ငံရေးအရ ထွက်ပြေးလာရတာပါလို့ပြော၊ အဆင်ပြေရင် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကို ခရီးဆက်၊ အဆင်မပြေရင်တော့ ယိုးဒယားမှာ နံမည်အမျိုးမျိုးနဲ့ ဖွဲ့ထားတဲ့ သူတောင်းစား စီမံကိန်းအဖွဲ့တွေမှာ ၀င်ရောပြီး အစိုးရဆန့်ကျင်ရေးလုပ်လိုက်ရင် တ၀မ်းတခါးတော့ အဆင်ပြေတာပါဘဲ။

ဒီလိုလုပ်တဲ့အထဲမှာ သူများထက်ခြေတစ်လှမ်း ဦးသူတွေကတော့ စာပေနယ်က လူတွေပါပဲ။ စာပေနယ် က ဖြစ်တော့ ပြောတက်ဆိုတက်ကလည်း ရှိတယ် မဟုတ်လား။ နယ်စပ်ရောက်တာနဲ့ စာပေလွတ်လပ်ခွင့် မရှိလို့ ဘာညာပြောလိုက်ရင် အမေရိကန် ရင်ခွင်ထဲကို စွေ့ကနဲရောက်သွားတော့တာဘဲ။ ဒါ့ကြောင့်လည်း ပြည်တွင်းမှာ ထုတ်ဝေသူငွေ အလွဲသုံးစားလုပ်မိလို့၊ လုပ်ဖော်ကိုင်ဖက်ရဲ့ မိန်းမကို ကြာကူလီ ရိုက်လို့၊ စာပေလောက အိမ်ဦးခန်းမှာ ရောက်နေရာကနေ ငွေ၊ မိန်းမနဲ့ ပတ်သက်ရင် ကြောင်တောင်နှိုက်တတ်လို့ ခွေးကတတ်ကို ကန်ချခံလို့ စိတ်နာနေတဲ့ စာပေလောက အမှိုက်များက ထိုင်းနိုင်ငံထဲမှာ သွားပြီး ဒီမိုကရေ၀ီ သူရဲကောင်းလုပ်နေနိုင်တာပေါ့။ မောင်သာရ၊ လွမ်းဆွေ၊ တင်မောင်သန်းတို့ဟာ ဒီနည်းနဲ့ လူတွင်ကျယ်လုပ်နေ ကြတာပါ။ တစ်လောက မြတ်ခိုင်သား ဇေယျာမြတ်ခိုင်တောင် ကောင်းသတင်းထုတ်ဝေသူဆီက ကြော်ငြာတွေ ဘုန်းတာ လူမိသွားတော့ နယ်စပ်ပြေးရင်ကောင်းမလားဆိုပြီး သူ့အဖေနဲ့ တိုင်ပင်သေးတယ်။ အဖေက ငါဒီမှာ လုပ်စားလို့ အဆင်ပြေနေတာ မင်းကြောင့် ထမင်းအိုးကွဲတော့မယ်ဆိုမှ မန္တလေးပြေးပြီး ပုန်းနေတယ်ဆိုပဲ။ အဲဒလို အောက်လမ်းပြေးပြီး လူရာဝင်နေတဲ့ အထဲမှာ ဆရာတင်မိုးတို့၊ ဆရာ မောင်စွမ်းရည်တို့ မပါပါဘူးဗျာ။ သူတို့က တရားဝင်ထွက်ပြီး တရားဝင်ဆက်နေတာ၊ သူတို့ သဘာ၊ သူတို့ အကျင့်စရိုက်တွေက မောင်သာရတို့ လွမ်းဆွေတို့ တင်မောင်သန်းတို့နဲ့ မသက်ဆိုင်ပါဘူး။

အခုနောက်ဆုံး ဒီမိုကရေစီအော်နေတဲ့ အောင်ဝေးက ၁၉၇၀ နှစ်များဆီက လက်ဝဲသမားစစ်စစ်ပါ။ ဗကပယူဂျီတွေ့ရဲ့ အောက်ဗမာပြည်ကလပ်စည်း LB ကနေပြီး အလုပ်သမားအရေးအခင်းမှာ ပါခဲ့တာပါ။ နောက်ထောက်လှမ်းရေးက မိသွားတော့ အောင်ဝေးကဖော်တာနဲ့ ဗကပ LB ယူနစ်တစ်ခုလုံး ပြိုကွဲတော့ ခဲ့ရတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ဗကပ ကြင်မောင်က ပြည်သူ့အာဏာဂျာနယ်မှ ၁၉၇၅ ယူဂျီတွေ့အကြုံ ကို ကောက်ချက်ချတဲ့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီထဲမှာ LB က ကလပ်စည်းဝင် တစ်ယောက်က အဖမ်းခံရတာနဲ့ လျှောက်ဖော်လို့ အောက်ဗမာပြည်ကလပ်စည်းတစ်ခုလုံး ပျက်ခဲ့ရတယ်လို့ အချိတင်ကဲ ရေးထားတာ အောင်ဝေးကို ပြောတာပါ။ အဲဒီလို ဖော်ကောင်ဘညွန့်လုပ်ခဲ့လို့လဲ အောင်ဝေးက ထောင်ထဲမှာ တစ်နှစ်လောက်ဘဲ နေရပြီး ရွေးမြစ်ဘေးမှာ မူလတန်းကျောင်းဆရာသွားလုပ်ရင်း စာပေလောကထဲ ၀င်ခဲ့ပါ တယ်။

အောင်ဝေးအကြောင်းပြောရင် ယာမာဂူချီခင်ဆွေရင်သို့ ဆိုတဲ့ ကဗျာရှည်ကို ချန်ထားလို့မရပါဘူး။ ဒီကဗျာရှည်ကြီးဟာ အောင်ဝေးရဲ့ Master Piece ပါ။ ဒါကိုတော့ အောင်ဝေးကို ကြိုက်သူရော၊ မကြိုက်သူပါ လက်ခံရမှာပါ။ ဒါပေမယ့် သနားစရာကောင်းတာက ယာမာဂူချီကဗျာဟာ အောင်ဝေးရဲ့ အကောင်းဆုံးဖြစ်သလို နောက်ဆုံးဒီရေမြင့်မှတ်ဘဲဖြစ်ပါတယ်။ ဒီကဗျာကြောင့် အလုပ်ကထွက်ပြီး ရန်ကုန်တက်ကာ မြန်မာကဗျာ လောကကို သိမ်းပိုက်မယ်ဆိုတဲ့ အောင်ဝေးဆီက နောက်ထပ်ဘာမှ အသစ်အဆန်း ထွက်မလာတော့ပါဘူး။ ယာမာဂူချီ နောက်ဆက်တွဲအဖြစ်နဲ့ အောင်ဝေးကဗျာတွေဟာ ခရမ်းပြာ၊ မြင်းရိုင်း၊ လရောင်၊ ရွေးမြစ်နဲ့ မိန်းမနဲံ့ စိတ်ကောက်၊ ပြန်ချော့ ဒီသံသရာထဲမှာပဲ လည်နေခဲ့တယ်။ အောင်ဝေးက ဆရာဖော်ဝေးကို ကြိုက်လို့ အောင်ဝေးလို့ နာမည်ခဲတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဖော်ဝေးလို အကြံဥာဏ်သစ်တွေ အတွေးသစ် တွေ မဖော်ထုတ်နိုင်ဘဲ ဖော်ဝေးဆီက အရက်သောက်တာဘဲ အောင်ဝေးတက်ခဲ့ပါတယ်။ နောက်ဆုံးမတော့ ကဗျာလောကကို သိမ်းပိုက်ဖို့နေနေသာသာ လေထန်ကုန်းမှာ လက်ဘက်ရည်တိုက်မယ့်သူမျှော်၊ ညနေဘက်မှာ လေအန်ကုန်း သွားဖို့အတွက် ဒကာရှာဘ၀ကို ရောက်ခဲ့တယ်။ ၁၉၈၀ပြည့်နှစ်များဟာ ကြူးနှစ်နဲ့ အောင်ဝေး လာရင် လူတွေ ထွက်ပြေးရတဲ့ အချိန်ပေါ့။
၁၉၈၈ အရေးအခင်းဖြစ်တော့ အောင်ဝေးတစ်ယောက် လူပေါ်လူဇော် လုပ်ခွင့်ရသွားတယ်။ မတ်စ်-လီနင်-မော်စီတုံး NLM အတွေးခေါ်နဲ့ သေမင်းဆိုတယ့် အောင်ဝေး ဒီမိုကရေစီခြေသလုံးကို ပြေးဖတ်ပြီး သာကူး လုပ်ခဲ့ပါတယ်။ ဒါကိုလည်း သူ့ကဗျာတစ်ပုဒ်မှာ ငယ်ငယ်တုံးက လီနုင်ကိုချစ်တယ်။ ကြီးလာတော့ လင်ကွန်းနဲ့ တွေ့ချင်တယ်လို့ ဗြောင်ပဲဝန်ခံခဲ့တယ်။ ဒါကြောင့် အောင်ဝေးတစ်ယောက် ရန်ကုန်ကို ခွာပြီးမြောင်းမြ အင်န်အယ်လ်ဒီမှာသွားပြီး အမှုဆောင်လိုလို ဘာလိုလိုနဲ့ လူရာဝင်ခဲ့တယ်။ ဒါပေမယ့် အောင်ဝေးရဲ့ လူတန်းစာပျက်ဥာဉ်ကြောင့် ကြာကြာဟန်ဆောင်လို့ မရပါဘူး၊ အင်န်အယ်လ်ဒီက ကန်ထုတ်တာခံပြီး ရန်ကုန်ပြန်ရောက်လာပါတယ်။
ရန်ကုန်မှာတော့ ထုံးစံအတိုင်း လှည့်လည်တောင်းရမ်း၊ ပွဲမှန်သမျှတက် (စာနယ်ဇင်းသမား မှန်ရင် ဖိတ်စာ မလိုဘူး ဆိုတဲ့ အယူအဆကို ရှေ့ဆုံးက ထောက်ခံသူပါ) ပြီး အချိန်ကုန်ခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အောင်ဝေးရေးတဲ့ ကဗျာဆိုတာ လက်ချိုးရေလို့ရပါတယ်။ မော်ဒန်၊ ပို့စ်မော်ဒန်ဆိုတဲ့ ရေစီးမှာ ၀င်ကူးဖို့ ကြိုးစားတော့လည်း နောက်ပေါက်ကလေးတွေက လက်မခံတော့ဘူး၊ တစ်လောက မော်ဒန်ကဗျာသမားတွေ ကဗျာနေ့ဆိုပြီး စာတမ်းဖတ်တော့ အောင်ဝေးဆရာကြီးဝင်လုပ်ဖို့ ကြိုးစားသေးတယ်။ ခေတ်ပြိုင်ကဗျာ ရှေ့ဆောင်ကြီးနေရာများရမလားလို့ပေါ့၊ ဒါပေမယ့် ချာတိတ်တွေက လက်မခံတော့ သူ့ဘာသာသူရှေ့ထွက်ပြီး ကဗျာတစ်ပုဒ်ထွက်ရွက်ပြီး စင်ပေါ်က ပြန်ဆင်းသွားခဲ့ရတယ်။ ယာမာဂူချီကဗျာကို ရေးခဲ့သူ၊ ပေဖူးလွှာလို့ မဂ္ဂဇင်းကြီးမှာ အခန်းဆက်အင်တာဗျူးခံခဲ့ရသူ အတွက် ရင်နာစရာဇာတ်သိမ်းပါ။ အောင်ဝေး သမိုင်းကို မသိတဲ့ ဂျာနယ်လစ် ပေါက်စတစ်ယောက်က အခမ်းအနားမှာ အောင်ဝေးဆိုတဲ့ ကဗျာဆရာတစ်ယောက် ကဗျာရွတ်ပြ သွားတယ်၊ ကြားလည်းမကြားရ၊ ဘာကိုဆိုမှန်းလည်းမသိဆိုပြီး ဂျာနယ်မှရေးတော့ အောင်ဝေးကြေကွဲမဆုံး ဖြစ်ရတယ်ဆိုပဲ။
ကဗျာတွေ မရေးနိုင်တော့ဘဲ အောင်ဝေးဟာ ဖိတ်ဖိတ် မဖိတ်ဖိတ် ပွဲမှန်သမျှတက် အခွင့်ရရင် စင်ပေါ် တက် ကဗျာရွတ်ပဲ လုပ်နိုင်ပါတော့တယ်။ ကဗျာရွတ်တာဟာ သူ့ဗိုက်ပြည့်ပေမယ့် ဇနီးနဲ့ ကလေးတွေ ဗိုက် မပြည့်ဘူးလေ။ ဒါကြောင့် အောင်ဝေးရဲ့ ရဲဘော်ရဲဘက် ခင်ဆွေရီတစ်ယောက် ချဲရောင်းရတဲ့အဖြစ် ရောက်ခဲ့တယ်။ ချဲမှုကြောင့်ပဲ ထောင်ခြောက်လကျခဲ့ရတယ်။ အောင်းဝေးဘေးမှာ ရဲဘော်ရဲဘက် တစ်ယောက် အဖြစ်နဲ့ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ ယာမာဂူချီအတွက်တော့ ကြေကွဲဖွယ်ဇာတ်သိမ်းပေါ့။
အခုတော့ အောင်ဝေးတစ်ယောက် လရောင်ဝေး၊ နှင်းဆီသွေးတို့နဲ့ ဝေးတဲ့ နယ်စပ်ကိုရောက်သွားပါပြီ၊ သူ့ထက်ဖျံကျတဲ့ လွဏ်းဆွေ၊ သာရ ၊ တင်မောင်သန်းတို့ကြားမှာ အောင်ဝေး ဘာဆက်လုပ်မလဲ? သူပြော နေကြအတိုင်း ကဗျာမြင်းရိုင်းကို ဒုံးစိုင်းပြီး ဒီမိုကရေစီပန်းတိုင်ကို သွားနိုင်မလား? လွဏ်းဆွေဆီမှာပဲ ထမင်းစား ကျွန်ခံဘ၀နဲ့ ဇာတ်သိမ်းမလား? သေချာတာကတော့ ဖိတ်ဖိတ် မဖိတ်ဖိတ် အတင်းတက်ပြီး ကဗျာရွတ်၊ ထမင်းစား၊ အရက်သောက်လို့ရတဲ့ပွဲတွေ နယ်စပ်မှာမရှိပါဘူး။ အပေါင်းအသင်းတွေဆီက လက်ဖြန့်တောင်း စရာ လေထန်ကုန်း၊ လေအန်ကုန်းတွေမရှိဘူး။ အဲဒီတော့အောင်ဝေး ဇာတ်သိမ်းမလှမှာ သေချာတယ်။ အချိန် မနှောင်းခင်ပြန်လာပြီး ရွေးမြစ်ဘေးမှာ စာပြန်သင်နေတာ ကောင်းမယ်ထင်တယ်။

No comments: