ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, June 9, 2012

မူဆလင်လက်နက်ကိုင်ပုန်ကန်မှု

စာအုပ်ကြီး Fcaebook 
 
ရခိုင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင်ထကြွမှုများသည် ၁၉၄၅ခုနှစ်နောက်ပိုင်းမှ စတင်ခဲ့ပြီး ဖွဲ့စည်းထားသောအဖွဲ့အများစုမှာ မူဆလင်ဝိသေသများဖြင့် တည်ထောင်ခြင်း ၊ အဖွဲ့မှခွဲထွက်ခြင်း ၊ အဖွဲ့ပြိုကွဲခြင်းများ ကိုတွေ့ရှိရသည်။
ဒုတိယ ကမ္ဘာစစ်ပြီးချိန်တွင် မူဆလင်အချို့သည်ရ ခိုင်ပြည်နယ်မြောက်ပိုင်းကို ခွဲထွက် ပါကစ္စတန်နိုင်ငံ (ယခု ဘင်းဂလားဒေ့ရှ်) အတွင်းသို့သိမ်းသွင်းလိုကြသည်။ မူဂျာဟစ် သူပုန်များဟု လူသိများသော မူဆလင်လက်နက်ကိုင်များသည် ကုလားတန်ကျွန်းမှ မေယုကျွန်းအထိကို မူဆလင်ပြည်နယ်အဖြစ် တည်ထောင်လိုကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ခုနှစ်မှစ၍ ၎င်းအချက်ကို ပိုမိုတောင်းဆိုလာကြသည်။ ထိုအချိန်များတွင် မြန်မာအစိုးရ၏ အုပ်ချုပ်မှုပိုင်းအားနည်းမှုနှင့်အတူ မူဂျာဟစ်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းများတွင် သိသာစွာအင်အား တောင့်တင်းလာခဲ့သည်။ ထိုစဉ်က ရခိုင်ပြည်နယ် ဒေသ အများစုသည် မူဂျာဟစ်များနှင့် အခြားရောင်စုံသူပုန်များ၏ လက်အောက်သို့ရောက်ရှိသွားခဲ့သည်။ သို့သော် ၁၉၅၀ခုနှစ်ခန့်အထိတွင်မူ လက်နက်ကိုင် ပုန်ကန်မှုများသည် တဖြည်းဖြည်း လျော့ကျလာသည်ကိုတွေ့ရသည်။ ၁၉၆၁ ခုနှစ်တွင် အုပ်ချုပ်မှုပိုမို ခိုင်မာလာသော မြန်မာနိုင်ငံအစိုးရသည် လက်နက်ကိုင်သောင်းကျန်းသူများနှင့် အပစ်အခတ်ရပ်စဲရေး အဘောတူညီမှုများရရှိခဲ့သည်။ ဘင်းဂလားဒေ့ရှ် အစိုးရနှင့် မြန်မာအစိုးရ တို့သည် နှစ်နိုင်ငံနယ်နိမိတ်မျဉ်း အတွက် သဘောတူညီချက်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရအာဏာရရှိချိန်မှစ၍ ပြန်လည်ပြီး တိကျသောဒေသ ပိုင်းခြားပိုင်ဆိုင်မှု သတ်မှတ်ခြင်းများ၊ တွင်းထွက် သယံဇာတအခြေအနေများနှင့် ဘာသာရေးဆိုင်ရာ အားပြိုင်မှုများ စတင်ရာမှ လက်နက်ကိုင်ပုန်ကန်များ တဖန်ဖြစ်ပွားခဲ့သည်။

မူဂျာဟစ်အဖွဲ့၏ မူဝါဒလုပ်ထုံးများစွာပါဝင်သော မူဂျာဟစ်အဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force) ကို ၁၉၆၃ခုနှစ်တွင် ဦးနေ၀င်းအစိုးရ၏ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဖိနှိပ်မှုမှ ကာကွယ်ရန်နှင့် ရိုဟင်ဂျာကျောင်းသားများသမ္မဂ္ဂ (Rohingya Students Union) နှင့် ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် (Rohingya Youth League) ကဲ့သို့သော အဖွဲ့အစည်းများအားပိတ်ပင်မှုအား တားဆီးရန် ဖွဲ့စည်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ် လှုပ်ရှားမှု (Pan Islamic Movement) ကိုအတုယူပြီး မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force)၊ နောက်ပိုင်းတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force) ဟုသာသိရသည့်အဖွဲ့ကို ၁၉၇၄ တွင် ဖွဲ့စည်းပြန်သည်။ ယင်းအဖွဲ့သည် ဘင်းဂလားဒေ့ရှ် နိုင်ငံအနီးတွင် လွတ်လပ်သော မူဆလင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင်ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်လူမျိုးများ၏ အကျိုးစီးပွားကို ထိရောက်စွာ မဆောင်ရွက်နိုင်ပဲ အဖွဲ့ငယ်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။ ၁၉၈၂ခုနှစ်တွင် မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force) မှခွဲထွက်သောအဖွဲ့သည် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) တည်ထောင်သည်။ ထိုအဖွဲ့မှ အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (Arakan Rohingya Muslim Front) က၁၉၈၆ခုနှစ်တွင် ထပ်မံခွဲထွက်ခဲ့သည်။ အထက်ပါ အဖွဲ့အစည်းနှစ်ခုသည် ဘင်းဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းတွင် အခြေပြုလှုပ်ရှားကြပြီး ၁၉၉၅ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ အမျိုးသားရိုဟင်ဂျာမဟာမိတ်အဖွဲ့ (Rohingya National Alliance) အဖြစ်ပူးပေါင်မိကြသည်။ ထိုအဖွဲ့သည် ၁၉၉၉တွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ချုပ် (Arakan Rohingya National Organisation) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အမည်ကို ၂၀၀၀ခုနှစ်တွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ချုပ် (Arakan Rohingya National Organisation) မှခွဲထွက်သောအဖွဲ့ငယ် ၃ခုက ထပ်မံသုံးစွဲခဲ့ကြသည်။

အခြားသောမူဆလင်အဖွဲ့ လှုပ်ရှားမှုများသည်လည်း မြန်မာနိုင်ငံအချို့နေရာများတွင် ဖြစ်ပွားခဲ့သည်။ ၁၉၇၀ခုနှစ်တွင် မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများအပြီး အိုမက်လွတ်မြောက်ရေးတပ်ဦး (Ommat Liberation Front) ကို နိုင်ငံလုံးဆိုင်ရာ မူဆလင်များအစိုးရဆန့်ကျင်ရေးအင်အားစု ဖြစ်လာရန်ရည်ရွယ်၍ မန္တလေးမြို့တွင်ဖွဲ့စည်းခဲ့သော်လည်း ကြာရှည်မတည်တံ့ခဲ့ပေ။ ၁၉၈၃ခုနှစ်များတွင် မော်လမြိုင်မြို့နှင့် ဧရာဝတီတိုင်းတို့တွင် ဖြစ်ပွားခဲ့သော မူဆလင်ဆန့်ကျင်ရေးအဓိကရုဏ်းများမှ အခြေပြုကာ ကရင်မူဆလင်လွတ်မြောက်ရေးတပ်ဦး (Kawthoolei Muslim Liberation Front) ကို ဖွဲ့စည်းပြန်သည်။ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် မြန်မာအစိုးရ၏ ဖိနှိပ်မှုအခံရဆုံးဖြစ်သကဲ့သို့ ၎င်းတို့သည် မြန်မာတစ်နိုင်ငံလုံးရှိ မူဆလင်များကိုလည်း ကိုယ်စားပြုလိုကြသည်။ ကရင်မူဆလင်လွတ်မြောက်ရေးတပ်ဦး (Kawthoolei Muslim Liberation Front) ၏အထောက်အပံ့ဖြင့် အင်အား ၂၀၀ခန့်သည် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ သို့သော် ၁၉၈၇ခုနှစ်တွင် ကရင်မူဆလင်လွတ်မြောက်ရေးတပ်ဦး (Kawthoolei Muslim Liberation Front) ပြိုကွဲသွားခဲ့သည်။ ထိုနှစ်မှာပင် ပြည်ထောင်စုဗမာမူဆလင်အဖွဲ့ (All Burma Muslim Union) နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာဟုမခံယူသော မူဆလင်များက ဗမာပြည်မူဆလင်လွတ်မြောက်ရေးအဖွဲ့ချုပ် (Muslim Liberation Organization of Burma) တို့ကိုဖွဲ့စည်းပြန်သည်။ ဗမာပြည်မူဆလင်လွတ်မြောက်ရေးအဖွဲ့ချုပ် (Muslim Liberation Organization of Burma) ယခင်က အာရကန်လွတ်မြောက်ရေးအဖွဲ့ချုပ် (Arakan Liberation Organisation) ဟုသိရှိခဲ့ကြသည်။

အထက်ပါ မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများသည် မြန်မာအစိုးရကို နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ယင်းတို့အနက် အချို့သည် လွတ်လပ်သောမူဆလင် ပြည်နယ်တစ်ခုကို မြန်မာနိုင်ငံအနောက်ပိုင်း ဘင်းဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသောနေရာတွင် ထူထောင်လိုကြသည်။ အချို့က ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို မြန်မာအစိုးရအနေဖြင့် အသိအမှတ်ပြုကာ နိုင်ငံသားအဖြစ်သတ်မှတ်ပေးစေလိုကြသည်။ ပိုမိုရိုးရှင်းသောအချိုအဖွဲ့များကမူ ရိုဟင်ဂျာ အမည်ခံဘင်ဂါလီများအတွက် ၀တ်ကျောင်း ဆောက်လုပ်ခြင်းကို ခွင့်ပြုရန်၊ ဘာသာရေးသင်ကြားမှုများ လွတ်လပ်မှုရှိစေရေးနှင့် အခြားမြန်မာနိုင်ငံသားများ နည်းတူ စိးပွားရေး လူမှုရေးအခွင့်အလမ်းများကိုရရှိရေးများကို တောင်းဆိုကြသည်။ ထိုအဖွဲ့အစည်းများသည် စနစ်တကျမရှိပဲ နောက်ပိုင်းတွင်ပြိုကွဲသွားကြသည်။ သို့သော် အထက်တွင်ဖော်ပြခဲ့သောအဖွဲ့အစည်းများသည် ရှိရင်းစွဲလက်နက်ကိုင်အဖွဲ့မှခွဲထွက်ခြင်း (၀ါ) ရှိရင်းစွဲလက်နက်ကိုင်အဖွဲ့ကို အမည်ပြောင်းခြင်း စသည့်အချက်မှာ မရေရာပဲကျန်ရှိသည်။

၁၉၅၀ခုနှစ်နောက်ပိုင်း မူဂျာဟစ်အဖွဲ့ ပြိုကွဲပြီးချိန်မှစ၍ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့များသည် ခွဲထွက်ခြင်း၊ ပြန်လည်ပူးပေါင်းခြင်း စသည်တို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အချို့အဖွဲများသာလျင် လက်နက်တပ်ဆင်မှုအားကောင်ခြင်း တိုက်ခိုက်ရေး၊ တပ်အင်အားကြီးမားခြင်းရှိသည်ကို တွေ့ရှိရသည်။ ထိုအဖွဲ့များသည် ဒေသတွင်းတွင်သာ ကျင်လည်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရကို ထိရောက်သောတိုက်ခိုက်မှု မပြုလုပ်နိုင်ခဲ့သည်ကိုတွေ့ရှိရသည်။ ၁၉၈၈ခုနှဏ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရသည် ပိုမို စနစ်ကျ အင်အားတောင့်တင်းလာကာ မူဆလင် တော်လှန်ရေးအဖွဲ့များသည် ထိရောက်မှုရှိသောလှုပ်ရှားမှုများ မဆောင်ရွက်နိုင်တော့သည်ကိုသိရသည်။

အချိန်တိုင်းတွင် မြန်မာအစိုးရကို ဆန့်ကျင်သော မူဆလင်လက်နက်ကိုင်များသည် အခြားမူဆလင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာမူဆလင်ဘာသာရေးအဖွဲ့အစည်းများမှ အကူအညီများရယူခဲ့သည်။ ဘင်းဂလားဒေ့ရှ်နိုင်ငံအစိုးရသည် မြန်မာအစိုးရ၏ စစ်ဆင်ရေးကာလများတွင် မူဆလင်လက်နက်ကိုင်များ ဘင်းဂလားနိုင်ငံအတွင်းသို့ ၀င်ရောက်ခိုလှုံပုန်းရှောင်ခြင်း၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကူးလူးဝင်ရာက်တိုက်ခိုက်ခြင်းများ၊ မူဆလင်လက်နက်ကိုင်တပ်များ၏ တိုက်ခိုက်ရေးလေ့ကျင့်ရေးစခန်းများ ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေစိုက်ဖွင့်လှစ်ထားမှုတို့ကိုလည်း မသိကျိုးကျွံပြုနေခဲ့သည်။ မြန်မာအစိုးရမှ ပထမဆုံးအကြိမ်အဖြစ် ၁၉၇၀တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patriotic Front) သည် နိုင်ငံရပ်ခြားမှ မူဆလင်အစွန်းရောက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရပ်တည်နေကြောင်း  သက်သေထူနိုင်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရအပေါ် တရားမ၀င်ဝင်ရောက်နေထိုင်သော မူဆလင်များအပေါ်ဖိနှိပ်မှုများအတွက် တုန့်ပြန်မှုအဖြစ် မူဆလင်ဘာသာရေးစစ်ပွဲ (Jihad) ဆင်နွှဲရန်လည်း အကြိကြိမ်တိုက်တွန်းမှုများ ရှိခဲ့သည်။ ဥပမာအနေဖြင့် ၁၉၇၀ ခုနှစ်တွင် အယ်လ်ကေဒါအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်၏ အကြံပေး ပါကစ္စတန်နိုင်ငံသား အဒ္ဗဒူလာအာဇမ် (Abdulla Azzam) ရေးသားဖြန့်ချီသော အစ္စလာမ့်မြေကိုကာကွယ်ခြင်းသည် အရေးအကြီးဆုံးသောတာဝန် "Defending Muslim Territory Is The Most Important Duty" ဆိုသည့်စာတမ်းတွင် မူဆလင်များနေထိုင်ရာဒေသအားလုံး “all other lands that were Muslim” ဟူ၍ဖော်ပြပြီး ဗမာပြည် "Burma" ဆိုသည့် စကားလုံးကိုလည်းတိကျစွာ ဖေါ်ပြခဲ့သည်။

ပြီးခဲ့သောရာစုနှစ် အနည်းငယ်အတွင်းတွင် မြန်မာအစိုးရကို စစ်ရေးအရ တိုက်ခိုက်ရေးအတွက် အစီအစဉ်များစွာရှိခဲ့သည်။ ဥပမာအားဖြင့် ၁၉၉၂ ခုနှစ်တွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို မြန်မာအစိုးရစစ်ဆင်ရေးဆင်နွှဲအပြီးတွင် ဆော်ဒီအာရေဗျစစ်တပ်မှ အရာရှိကြီးတစ်ဦးက မြန်မာနိုင်ငံအပေါ်စစ်ရေးအရ အရေးယူမှုများ ပြုလုပ်ရန် ကမ္ဘာသိဆော်သြခဲ့သည်။ ၁၉၉၅ခုနှစ်တွင် အီရတ်နိုင်ငံအပေါ်တွင် အမေရိကန်နိုင်ငံက ထိုးစစ်ဆင်ချိန် (Operation Desert Storm) ကာလတွင် ပြည်ထောင်စုဗမာမူဆလင်အဖွဲ့ (All Burma Muslim Union) ကမြန်မာအစိုးရအပေါ်တွင် မူဆလင်ဘာသာဝင်များအပေါ်တွင် ဖိနှိပ်မှုများအတွက်ဟုဆိုကာ မူဆလင်နိုင်ငံများမှ ဘာသာရေးစစ်ပွဲဆင်နွှဲရန် တိုက်တွန်းခဲ့သည်။ ယခင်အချိန်များတွင် ထိုသို့သောတိုက်တွန်းတောင်းဆိုမှုများသည် သိသာစွာပျံ့နှံ့ကြားသိနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုအခါ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး အပြောင်းအလဲကာလတွင် မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်ရေး မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့သည် ကမ္ဘာ့မူဆလင် အစွန်းရောက်အကြမ်းဖက်မှုကွန်ယက်များတွင် ပါဝင်ပက်သက်လာသည်ကို သတင်းများတွင် တွေ့ရှိနေရပြီဖြစ်သည်။

No comments: