ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, December 6, 2007

မောင်ဒိုင်း အတွက် ဆုံးမစာ

ပြောလိုက်ပြန်ရင်လည်း စွာကျယ်၊ စွာကျယ်၊ မထိခလုတ်၊ ထိခလုတ်၊ စောင်းသလို၊ ချိတ်သလို၊ ကလိသလို၊ ရိသလို၊ ခနဲ့သလို၊ ရွဲ့သလိုနဲ့ အဆီအနှစ်မရှိ သိမ်ဖျင်းတာတွေ၊ အကျိုးယုတ် စေနိုင်တာတွေကို ပြော၊ လုပ်သမျှကလည်း အမြီးအမောက် မတည့်၊ ဖီလာ ကန့်လန့်၊ တစ်ဇောက်ကန်၊ တစ်ဇွတ်ထိုး၊ ဆင်ခြင်တုံတရားမရှိ၊ စိတ်ထားကလည်း ငါနဲ့ ငါ့အတွက်က လွဲရင် ကျန်တာ ဘာဖြစ်ဖြစ်၊ ဘာကိုမှ အကောင်းမမြင် နိုင်တဲ့ မောင်ဒိုင်း အတွက် လယ်တီဆရာတော် ဘုရားကြီး၏ ဆုံးမစာ-

ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော
ဂင်္ဂါသဲမျှ ၊ ပွင့်ကုန်ကြသား
ဘုရားသာသနာ ၊ ခေတ်အခါဝယ်
လူ့ရွာနတ်၌ ၊ နင်ကြုံကြိုက်လည်း
အမိုက်မခြွေ၊ အလိုက်နေ၍
အခြေအကြီး ၊ အချည်းနှီးလျှင်
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်
သန်းခေါင်လကွယ်၊ တောအုပ်လည်၌
ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည့်
မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား
အမိုက်အပြား ၊ အင်လေးပါးထက်
နင်ကားရာထောင်၊ မကမှောင်၏ ။
လူ့ဘောင်လူရွာ၊ သာသနာ၌
ကြမ္မာတော်၍ ၊ ယခုတွေ့လည်း
အလေ့မလွဲ၊ အများနည်းလျှင်
မိုက်မြဲနှင်နှင် ၊ မိုက်စရွှင်၏ ။
မျက်မြင်လောက ၊ ဤဘ၀ကား
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏ ။
သေမင်းအစာ၊ နင့်ခန္ဓာကို
တဏှာဘီလူး၊ အမှောင့်ပူး၍
အရူးပြင်ပြင် ၊ နင့်ကိုထင်၏ ။
နင်နှင့်မဆိုင် ၊ နင်ပိုင်မဟုတ်
နင့်ရုပ်နှင့် နာမ်၊ နင့်သဏ္ဍာန်ကို
နင့်ဥာဏ်မစူး၊ အပေါ်မြူ၍
မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ
အာရုံဝတ္ထု၊ မီးစာစုကို
မှုမှုရရ၊ နင်အားကျလည်း
ဓားပြသေမင်း၊ သူ့လက်တွင်းက
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်
ပြာပုံအပြီး ၊ ဖြစ်လုနီးပြီ။
ယီးတီးယားတာ၊ သေ၍သွားလည်း
တရားမကြွယ်၊ အထုပ်ငယ်လျက်
အပါယ်စခန်း၊ သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်
တငြင်ငြိုငြို ၊ ဆင်းရဲပိုလျက်
ထိုထိုဘ၀၊ အနန္တလျှင်
အစမဆုံး၊ အများထုံးတည့်။ ။
အနှုန်းမပျက် ၊ အောက်နရက်ဝယ်
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့
အပါယ်ထိုထို၊ ဥဒဟိုသည်
နင့်လိုလူမိုက်၊ သွားလမ်းတည်း။

(ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး)

No comments: