ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, July 18, 2008

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ဆန္ဒ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားနှင့်၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ၊် အန္တရာယ်သည်
မဖွယ်မရာ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။

ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။

အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု၊ တိုင်းပြည်ပြုတို့
မရှုမလှ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ၊ ကျခဲ့ကြောင်း။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊ မင်းသားကောင်းကို
အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏
ရှိပါကတဲ၊ သူ့စိတ်ထဲ၌
တိတ်စွဲသောက၊ စွဲဒေါသတို့
မကြွစေချင်၊ ပြေစေချင်၏
ပညာအသိ၊ သတိဖြစ်ရေး
အတွေးမှန်ကန်၊ နိုင်ငံလူထု
ကိုသာပြု၍ ၊ ပြုစေချင်၏ ပြုပါဘိ။ ။

(ဆရာဇော်ဂျီ )


Wednesday, July 2, 2008

အချိန်မီ

အချိန်မီ

(၂၀၀၈ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် အမျိုးစောင့်သော မြန်မာ့အမျိုးသမီးများနေ့ အတွက် မောင်စေတနာ၏ blog တွင် ဖော်ပြထားသော ၀တ္ထုတို တစ်ပုဒ်အား ကူးယူ ဖော်ပြအပ် ပါသည်။ )

``အောင်မယ်လေး ငပေါရယ်၊ နင့်ပါးစပ်ကများ ဒီလိုစကားမျိုး ထွက်ရတယ်လို့ အံ့ပါ့၊ ရယ်ချင်ရဲ့ ပက်ကျိလို ဖြစ်နေပြီ၊ ငါက မင်းသမီး၊ နင်က လူရွှင်တော်၊ ငါ့ကိုများ စော်စော်ကားကား ချစ်တယ် ဟုတ်လား။

အဟင်း ဟင်း၊ နင့် ကိုယ် နင် ရွှေမင်းသမီးနဲ့ မောင်ရွှေရိုး ဇာတ်က နေတယ်လို့များ ထင်နေလား။ ဒီမယ် ငပေါ မင်းသမီးနဲ့ လူရွှင်တော် ညားတာကတော့ ရှိပါတယ်။ ငါက ဒီလို ခပ်ညံ့ညံ့ မင်းသမီးထဲမှာ မပါဘူးဟဲ့၊ နင့်ညကြေး တစ်လစာ ပေါင်းရင်တောင် ငါ့ထဘီတစ်ထည်ဖိုး မရှိဘူး။ ငါ့လို ထိတ်ထိတ်ကြဲ ရွှေမင်းသမီးကိုလေ နင်ကများ တော်တော်…ငါ ဒေါသထွက်လာပြီး ငါ့ရှေ့က ထွက်သွား ``

`` ဟေ့ ငပေါ၊ လူဆိုတာ ကိုယ့်နေရာကိုယ် နေရတယ်ကွ။ ခိုင်သစ္စာကို တို့တစ်တွေ ဖူးဖူးမှုတ်ထားတာ မင်းအသိပဲ၊ မင်းလိုလူက ဇာတ်ထဲမှာ မရှိလို့ ဘာမှမဖြစ်ဘူး ကိုယ့်လူ၊ မင်းသမီးမရှိမှ အားလုံးအိုးစားကွဲ သွားမယ် မှတ်ထား၊ မင်း….ကြပ်ကြပ် သတိထား သွား သွားတော့ နှစ်ပါးခွင်လည်း နီးနေပြီ ``

ငပေါ(ခေါ်)ကိုမြကြီးမှာ ခိုင်သစ္စာ၏ ဥပေက္ခာစကား၊ ဇာတ်ဆရာ၏ အထင်အမြင် သေးသော စကားများကြောင့် အံကို ကြိတ်လိုက်သည်။

----------------------

`` မောင်ကြီးတို့ရေ``

``ဗျာ ဗျ ``

`` လူရွှင်တော်ဆိုတာ ရှေးယခင်က ပျော်တော်ဆက်ကနေ လူပျက်၊ လူရွှင်တော်တဲ့ ဟော ခုခေတ်ကျတော့ ဟာသလုလင်တဲ့ မဟုတ်လားရှင်``

``ဟုတ်တာပေါ့ မင်းသမီးရဲ့``

``အဲသလို လူရွှင်တော်နဲ့ ကျွန်မလို ပြည်ချစ်မင်းသမီးတို့ လက်ဆက်မယ်ဆိုရင်… မောင်ကြီးတို့ ကျေနပ်ပါ့မလား ဟင်``

`` ဟာ…ဘာယ်ကျေနပ်ပါ့မလဲ၊ ဟောဒီကောင်လား၊ ကိုယ့်သမီးလေး အရွယ်ကို စောင့်ရှောက်ရမယ့် အစား စာကလေးကို အမြောက်နဲ့ ချိန်တဲ့ မဟာအကျင့် မဟာအကြံတွေ ကြံနေတာကိုး…..ကဲ………ငပေါ လာ လာ မင်းကို ငါမေးမယ်``

ဇာတ်စင်ထောင့်နားတွင် ထိုင်နေသော ငပေါက

``ဘာလုပ်မလို့တုန်း၊ ငါ့ဟာနဲ့ ငါ ဖီလင်တက်နေတာ``

``လာပါဆို…….လာစမ်းပါ``

ငပေါက သုန်သုန်မှုန်မှုန်နှင့် ထလာပါတယ်။

``မင်းခိုင်သစ္စာကို ကြိုက်လား``

``ကြိုက်တယ်``

``ချစ်လား``

``ချစ်ပါတယ်ဆို``

``မင်း ဒီ မင်းသမီးကို ရရင်ကံကောင်းတယ်``

``ဘာဖြစ်လို့``

``ဟကောင် ငတုံးရ၊ မင်းသမီးက အဘက်ဘက်က ပြည့်စုံနေတော့ မင်း သူ့ကို ရရင် ဘာမှ လုပ်စရာ မလိုတော့ဘူး``

``ဗျာ……လုပ်စရာ မလိုတော့ဘူး ဟုတ်လား``

``ဟုတ်တယ်လေ``

``ဒါဆို မယူတော့ဘူးဗျာ``

``ဘာဖြစ်လို့``

``မင်းတို့ပဲ စဉ်းစားကြည့်လေ၊ မင်းသမီး ယူပြီး ဘာမှ မလုပ်ရဘူးဆိုတော့ ဘာထူးလို့တုန်း``

``သေနာကြီး``

ဆိုပြီး လူရွှင်တော်တွေက ၀ိုင်းထုကြပါတယ်။

ပရိသတ်က မည်သို့သဘောပေါက်သွားကြသည် မသိ။ တ၀ါးဝါးနှင့် ပွဲကျသွားသည်။

-----------------

ဇာတ်ရုံထောင့်နားတွင် ယိမ်းသမ တစ်စု ပွစိပွစိနှင့် ထုံးစံအတိုင်း အတင်းရော၊ သတင်းပါ ရောသမမွှေပြီး သကာလ အတင်းတုတ်နေကြပါသည်။ ငပေါက ၀င်ပြီး နားစွင့်လိုက်သည်။

``ညည်းတို့ စဉ်းစားကြည့်ကြစမ်းပါအေ၊ တို့လို ဇာတ်သမကို ဒီအင်္ဂလိပ်ကြီးက အတည်လက်ထက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလာကွယ်၊ တို့ ဟိုတစ်ည သံရုံးညစာ စားပွဲမှာ ဗြုန်းကနဲ ခိုင်သစ္စာကို လာရစ်နေတုန်းကတည်းက တို့က သိထားပြီးသား၊ အဲဒီကောင်မကလည်း နှာခေါင်းနီကြီး အရေးပေးတာနဲ့ တစ်ခါတည်း ဖျပ်ဖျပ်ကို လူးနေတာပဲ၊ ဘာပြောလိုက်သေးတယ်ထင်လဲ၊ တို့လို မြန်မာအမျိုးသမီး တစ်ယောက်ကို နိုင်ငံခြားသားက စိတ်ဝင်စားတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးလားဟဲ့၊ တောက်….. သင်းကို မပြောလိုက်ချင်ဘူး``

မပြောလိုက်ချင်ဘူးလို့ဆိုပြီး ထပ်ပြောနေမည်ကို သိ၍ ကိုပေါ ဇာတ်ဆရာအခန်းသို့ ၀င်လိုက်သည်။

---------------

``ဒီတစ်ညပြီးရင် ကျွန်မ မကနိုင်တော့ဘူး ဆရာ၊ ကျွန်မစာချုပ်ဖောက်ဖျက်မိတဲ့အတွက် ကျွန်မလျော်ဆို လျော်ပါ့မယ်ဆရာ၊ အပြစ်တင်ရင်လည်း လည်စင်းခံဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒီဇာတ်က လူတွေအားလုံး ကျွန်မကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်။ ကျွန်မ မစ္စတာဗင်(ခ်ျ)ကို ကတိပေးထားပြီးပါပြီ။ သူ့ရဲ့ အထောက်အပံ့နဲ့ ကျွန်မတို့ မိသားစုအများကြီး ချောင်လည်ခဲ့တာကိုလည်း ဆရာ အသိပါ။ အခု ကျွန်မမှာ တိုက်နဲ့ ကားနဲ့ ကျွန်မကို ဒီလိုမျိုး ဘယ်သူက ထောက်ပံ့နိုင်မှာလဲ ဆရာ၊ ညီအစ်ကို မောင်နှမလား၊ မိတ်ဆွေတွေလား၊ ဟင်း ဟင်း ဟင်း ဝေးပါသေးတယ် ဆရာ။ ကျွန်မ ဒီဇာတ်ထဲရောက်တာ ငါးနှစ်ရှိပါပြီး ။ ကျွန်မစီးပွားရေးအရ ဘာများ တိုးတက်မှု ရှိလို့လဲ၊ ရတဲ့ ညကြေးကလည်း မိတ်ကပ်ဖိုးသာသာ….``

`` တော်စမ်း မိခိုင်၊ နင့်စကားတွေ လွန်လာပြီ၊ နင့်ကိုယ်နင် ဘာများထင်နေလို့လဲ၊ မပြောချင်လို့ ကြည့်နေတာ ကြာပြီ၊ အရေးပေး ရောင့်တက်၊ ပရိသတ်တွေ ချီးမြှင့် မြှောက်စားတယ်ဆိုတာ နင်တစ်ယောက်တည်း တော်လို့ မဟုတ်ဘူး၊ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြလို့ ခိုင်သစ္စာဆိုတဲ့ နာမည်တစ်လုံးရလာတာ၊ ကျေးဇူးမကန်းနဲ့၊ နောက်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာလည်း မဟုတ်တဲ့သူကို နင်ဘာတွေမက်စရာ ရှိလို့လဲ၊ သူတို့ကို နင်ဘယ်လို ယုံရမလဲ၊ ကျေးဇူးဆိုပြီး အဲဒီကျေးဇူးတွေရဲ့ နောက်မှာ ကြောက်စရာအန္တရာယ်ဆိုးကို နင်ဘယ်သိပါ့မလဲ၊ ခုချိန်မှာ နင်က ခိုင်သစ္စာ ခိုင်သစ္စာ ဆိုပြီး မာန်မာန၊ အတ္တတိမ်သလ္လာတွေ ဖုံးနေတာကိုး၊ ကောင်းပြီ ငကန်းသေ ငစွေပေါ်လာလိမ့်မယ်၊ ညည်း ကတိအတိုင်း ဒီည ကလိုက်ဦး``

ဇာတ်ဆရာက ဒေါသတကြီး ပြောပြီးထွက်သွားသည်။ ဇာတ်တစ်ဖွဲ့လုံးက မကျေနပ်သော အကြည့်ဖြင့် ခိုင်သစ္စာကို လှမ်း၍ ကြည့်လိုက်ကြသည်။

---------------

ခိုင်သစ္စာ၏ အငြိမ့်ခွင်အခန်းသို့ ရောက်ပြီဖြစ်၍ အပြင်တွင် လှည့်ပတ်ဈေးတန်း လျှောက်နေသော အစ်ကို ကာလသားတစ်သိုက် ဇာတ်စင်နားသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။ ခိုင်သစ္စာ၏ အလှ၊ ခိုင်သစ္စာ၏ အဆို၊ အပြော၊ အကနှင့် ညုလုံးလေးများကို လွတ်သွားမည်စိုး၍ ရောက်သည့်နေရာများမှ အပြေးအလွှား လာရောက်အားပေးကြခြင်း ဖြစ်သည်။ ခိုင်သစ္စာ၏ အပြုံးသည် သူတို့အား ညှို့ယူဖမ်းစား လက်ယပ်ခေါ်နေသည်။ ယနေ့ခေတ် အငြိမ့်များတွင် မင်းသမီး၏ အကထက် လူရွှင်တော်၏ ပြက်လုံးများကို ပို၍ သဘောကျ ကြသည်။ သို့ရာတွင် ခိုင်သစ္စာ၏ အငြိမ့်ကို ကြည့်မိသူတိုင်း မှော်ထက်လိုက်တာ အိမ်ကဟာမနှင့် ကွာပါ့လို့ ပြောရလောက်အောင် မင်းသမီးတို့ တတ်အပ်သော မာယာလေးဆယ်အပြင် ဆယ့်နှစ်ကြိုး ကဝေ အတတ်ပါ ကျွမ်းတဲ့အတွက် တတ်လည်း တတ်နိုင်ပါရဲ့ဟု အောချရအောင် ပြည်သူတွေ ချစ်တဲ့ ခိုင်သစ္စာ။

ယနေ့ည ခိုင်သစ္စာ၏ ဆိုပုံ၊ ကပုံကို ပရိသတ်များ နားမလည်နိုင်အောင် ဖြစ်နေသည်။ လေးလေး ပင်ပင်နှင့်မို့ ကာလသား တစ်သိုက်က

``ချစ်ကလေး ခိုင်ရေ ဘာ အလိုမကျပါလိမ့်``

ဆိုပြီး အူရစ် ရစ်ပြီး ဟစ်နေကြပါသည်။ မင်းသမီးတစ်ပုဒ်ကပြီး ဆိုင်းဝိုင်းသို့ အသွား လူရွှင်တော်များက

``ပရိသတ်ကြီး ခင်ဗျား၊ ဒီညပြက်လုံးသစ်တစ်ခု တင်ဆက်ပါ့မယ်၊ ပရိသတ်ကို တစ်ခါဖူးမှ မတင်ဆက် ဖူးပါဘူး၊ ကဲ မင်းသမီးရေ လာပါဦး``

မင်းသမီးမှာ ပြုံးပြုံးလေးနှင့် လူရွှင်တော်နှစ်ယောက် အကြားရောက်သွားသည်။ လူရွှင်တော်နှစ်ဦးက

``တို့ မြန်မာမင်းသမီးကို တို့ယူမယ်``

ဆိုပြီး သူလု ငါလု သူယူမယ် ငါယူမယ်ဆိုပြီး လုနေကြ၍ ပရိသတ်မှာ တ၀ါးဝါး ပွဲကျနေသည်။

``အောင်မလေးဗျာ ကုန်ပါပြီ၊ ကုန်ပါပြီ၊ ခိုင်သစ္စာဆိုတဲ့ ထန်းလျက်မလေးရေ ခွေးတွေလျက်လို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ကုန်ပါပြီဗျ``

ဆိုပြီ ကာလသားတစ်သိုက်က စင်မြင့်ထောင့် ၀ဲယာကနေ အားပေးနေ ပါတယ်။

အဲဒီအချိန်မှာ လူရွှင်တော် တစ်ဦးက အင်္ဂလိပ် ယူနီဖောင်း အပြည့်အစုံနဲ့ ယူနီယံဂျက်အလံကို ကိုင်လာပြီး မင်းသမီးအနားကို ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက် တိုးကပ်သွားပါတယ်။ ရုတ်တရက်မို့ မင်းသမီးက အံ့အားသင့် သွားတယ် ထင်ပါ့။ ဒါပေမယ့် မင်းသမီးပဲလေ ဒါလေးများ။

အင်္ဂလိပ်(လူရွှင်တော်)က

`` ကဲ မင်းသမီး ကျုပ်ကို ယူမလား၊ ဟောဟိုက မြန်မာနိုင်ငံသားကို ယူမလား ပြောစမ်း ပြောစမ်း``

ဆိုပြီး အိုက်တင်အပြည့်နဲ့ ဘိုလို မှုတ်နေပါတယ်။ အဲဒီအချိန်မှာ လူရွှင်တော် ကိုပေါက

``ပရိသတ်ကြီး ခင်ဗျား ခင်ဗျားတို့သာ မင်းသမီးဆိုရင် အင်္ဂလိပ်ကြီးကို ယူမလား၊ ကျုပ်ကို ယူမလား`` လို့ ပရိသတ်ကြီးဆီသို့ အော်ပြောလိုက်ပါတယ်။

ပရိသတ်ကလည်း

``မြန်မာနိုင်ငံသားကို ယူပါ ခိုင်သစ္စာရေ၊ သူ့ကို မယူရင် ကျုပ်တို့ကို ယူပါ``

ဆိုပြီး ကာလသား တစ်သိုက်တ၀ါးဝါး ဖြစ်နေကြပါတယ်။ အဲဒီအခါမှာ ခိုင်သစ္စာဆီက မမျှော်လင့်တဲ့ စကားတစ်ခွန်း ထွက်လာပါတယ်။

``ခိုင်ချစ်တဲ့ ပရိသတ်ကြီးရှင့် ခိုင်ကတော့လေ၊ ဟောဒီရိုးတဲ့၊ အတဲ့၊ ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံသား ကိုပေါကို မယူနိုင်ပေါင်၊ ဟောဟိုက အင်္ဂလိပ်ကြီး မစ္စတာကြီးကိုသာ အသည်းစွဲ ချစ်ပါသတဲ့ရှင်၊ ကြိုက်ပါသတဲ့ရှင်၊ အားကိုးပါသတဲ့ရှင်၊ ပျိုမေအထုပ်ပိုက်လို့ ဘိုခေါ်ရာ နောက်လိုက်မယ်ရှင်``

လို့ ကြာမူပါပါနဲ့ အင်္ဂလိပ်(လူရွှင်တော်)ကြီးကို လှမ်းအဖက် ပရိသတ်ကြီးက မထင်မှတ်လောက်အောင် မီးကို ရေနဲ့ ငြိမ်းသတ်သလို ငြိမ်ကျသွားပါတယ်။ မကြာလှပါ။ ဇာတ်ခုံပေါ်သို့ ဆေးလိပ်တို၊ ပြောင်းဖူးတို ခဲလုံးများ ပျံတက်လာပါတယ်။

``အမျိုးဖျက်မ၊ သေနာမ``

ဆိုတဲ့ အသံတွေနဲ့အတူ ခဲမိုးများ ရွာလာပါတယ်။

လူရွှင်တော်များက ပြောင်းလဲ သွားတဲ့ အံ့သြဖွယ် မြင်ကွင်းများကြောင့်…………..

``သည်းခံပါခင်ဗျား၊ သည်းခံပါ၊ တကယ် မဟုတ်ပါဘူး ခင်ဗျား၊ ပြက်လုံးထုတ်တာပါခင်ဗျာ၊ ပြက်လုံး ထုတ်တာပါ``

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အတွက် ပြည်ဖုံးကား ကန့်လန့်ကာကို ကမန်းကတန်း ချပစ်လိုက်ရပါတယ်။

---------------------

ခိုင်သစ္စာ၏ မျက်နှာမှာ ရစရာ မရှိအောင် စုတ်ပြတ်နေပါသည်။ ကိုပေါနှင့် ဇာတ်ဆရာကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။ မျက်ရည်ပေါက်ပေါက် ကျနေပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်နေပါသည်။ သို့သော် အသံကား ထွက်၍ မလာပါ။ ဇာတ်ဆရာက ခိုင်သစ္စာကို ကြည့်ပြီး

``မင်းသမီး သဘောပေါက်ပါပြီနော်``

ခိုင်သစ္စာက ခေါင်းညိတ်ပြ လိုက်ပါသည်။ ဇာတ်ဆရာ ထွက်သွားပြီးနောက် ငပေါက ခိုင်သစ္စာရဲ့ လက်ကို ဆုပ်ကိုင် လိုက်ပါတယ်။ ပြီးမှ အနားကပ်ပြီး

``အချိန်မီပါသေးတယ် ခိုင်ရယ်၊ မီပါသေးတယ်``

ဟု တိုးတိုးလေး ကပ်ပြောလိုက်လေသတည်း…………။

(ကရင်ပြည်နယ်မဂ္ဂဇင်းမှ စာရေးဆရာ လူကြီး၏ ၀တ္တုတိုကို ထုတ်နုတ်ဖော်ပြပါသည်။)

Monday, June 16, 2008

ဘိုကတော်အတွက် မွေးနေ့လက်ဆောင်

ဘိုကတော်အတွက် မွေးနေ့လက်ဆောင်



အရှက်ကုန်ကာ
ဘ၀ဂ်ဘုံအထိ တက်ခုန်လို့
အာဏာရူးကြပါကလား။
အထူးစာသစရာ
မလိုတော့ပါဘူး
(ဘိုကတော်ရေ.....)
မြန်မာမ ဟာ မင်းမဟုတ်လေသမို့
အတွင်းသရုပ်အသွင်သဏ္ဍန်က
အင်္ဂလန်သူကြီးပါတဲ့
အလျင်အမြန် နင်ပြန်ပေဦး။

Wednesday, May 28, 2008

ဒီမိုအတိုက်ခံများ၊ ဒီမိုဘလော့ဂါများ၏ ဂုဏ်ရည် (၁၃) ရပ်

၁) တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာပဲ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့တောင် ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ကြသူများဖြစ်ပါတယ်ခင်ဗျ..

၂) စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေးစစ်သားပေါင်းများစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၃) စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပီလို့ အော်နေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့.. အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောနိုင်တဲ့ ဆွံ့အသူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၎) မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ တရားစွဲမတတ်ထိကို ဖြစ်နေပြီး တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ၇ည်ရွယ်တာရော.. နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိနိုင်တဲ့ သူတွေ၊ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ ဖြစ်နေပြန်ပါသေးသဗျ..

၅) အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပစ်တင်နေချိန်မှာပဲ အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင်မထားတော့တဲ့ ခြေရှုပ်မှုတွေ.. သတင်းဖလှယ်တာတွေ.. လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၆) အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး.. ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ.. တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် ပြုလုပ်ကြသူများလည်း ဖြစ်နေပြန်ပါတယ်ခင်ဗျ..

၇) အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို ပစ်တင်နေသူများဟာ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့လည်း နိုင်ငံတကာမှာ မမြင်နိုင်သူများ ဖြစ်နေပါတယ်ဗျ..

၈) တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲနေကြပီး.. တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြော.. အဲလိုပြစ်မှုတွေနဲ့ ပြည်ပထွက်ပြေးလာရင်တောင် ဆီးကြိုနေရာပေးခြင်းများကိုလည်း ပြုလုပ်ကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၉) မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပီလို့ အားရ၀မ်းသာကြေငြာပစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ေ၇ာက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့လည်း လစ်လျူရှုနိုင်သူများ ဖြစ်ကြပါတယ်ခင်ဗျ..

၁၀) မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးသော အဲဒီလူတွေဟာ ဘလော့တွေမှာဆိုလဲ ဘန်းပစ်တာတွေ.. သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ.. ကော်မန့်တွေ ဖျက်ပစ်တာတွေကို အစဉ်တစိုက်လုပ်ဆောင်နေတာကိုလဲ နေရာအားလုံးလိုလိုမှာ အံ့သြောစွာမြင်နိုင်သူများလဲ ဖြစ်နေပြန်ပါရောဗျ..

၁၁) အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတောင်တင်.. အဲဒါတွေကိုးကားပီး ဝေဖန်.. လုပ်ကြံအင်တာဗျူးတွေလွှင့်.. စတာတွေကိုလဲ မရိုးမသား လုပ်နေကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၁၂) ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး.. နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်.. ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်ကအသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန်အစရှိတဲ့ သင်္ဘောတွေ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ ကြံစည်ရက်သူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၁၃) နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုတောင် နားမလည်ပဲ ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ရုံတင်မက သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင်ဆန်လွန်းလှတာကိုလဲ တွေ့ရပါတယ်ခင်ဗျ..

ဟုတ်ကဲ့ခင်ဗျာ.. ဒီလိုမြင်ပီးသကာလမှ ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ ငါဘာလဲ.. သူဘာလဲ.. ငါဘာကောင်းလဲ.. သူဘာကောင်းလဲ.. ငါဘယ်လောက်ရိုးသားလဲ.. သူဘယ်လောက်ရိုးသားလဲ.. အကိုတွေ အမတွေ စဉ်းစားစေချင်ပါတယ်.. ဒီ အတိုက်အခံဒီမိုတွေ၊ ဘလော့ဂါတွေရဲ့ ဂုဏ်ရည် ၁၃ ရပ်ဟာ တကယ်ဟုတ်နေလား မဟုတ်ဘူးလားဆိုတာလဲ ကိုယ့်ဘာသာစဉ်းစားလို့ရပါတယ်ခင်ဗျ..

အားလုံးကျေးဇူးတင်ပါတယ်။

မျိုးမြန်မာ ထံမှ ရယူပါသည်။

Thursday, April 3, 2008

ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတွေ ထောက်ခံပါတယ်

မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုလွတ်လပ်ရေးနှင့်အတူလည်း နယ်ချဲ့ အင်္ဂလိပ်ရဲ့ လက်ဆောင် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ခဲ့မှု ကိုပါ ရရှိခဲ့တာဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွတ်ခိုင်းသလို ညီအစ်ကို အချင်းချင်း လုံးဝမမှတ်မိတော့ပဲ တစ်ဦးနှင့် တစ်ဦး ကျိုး၊ ကန်း၊ သေ၊ ကျေအောင် တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီး စတေးခံခဲ့ရတဲ့ တိုင်းရင်းသား ညီအစ်ကိုများလည်း မနည်းတော့ပြီ။ ဒီလို နှစ်ပေါင်း ၄၀ ကျော် ၀ိဝါဒကွဲလွဲပြီး အမုန်းပွားခဲ့သူများဟာ မေတ္တာတရားကို အခြေခံတဲ့ ယုံကြည်မှုများနဲ့ ဆွေးနွေးခဲ့မှုတွေကြောင့် ပြည်လည် စည်းလုံးညီညွတ်ခဲ့ပြီး အမျိုးသားညီလာခံကြီးက တဆင့် နိုင်ငံတော်ရဲ့ အသက်သွေးကြော သဖွယ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ရေးဆွဲခဲ့တာ အခုအချိန်မှာ ဆိုရင် မူကြမ်းရေးဆွဲပြီး ဖြစ်လို့ မကြာမီကာလမှာ တိုင်းရင်းသား ပြည်သူအားလုံးက တခဲနက် ထောက်ခံမဲပေးကြတော့မှာ ဖြစ်ပါတယ်။ အဲဒီ အနာဂတ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ နိုင်ငံတော်ရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပြည်ထောင်စုကြီး အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေကို ခွဲဝေ အပ်နှင်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်၍ တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီ အနှစ်သာရများ အပြည့်အ၀ ပါဝင်တဲ့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား အသီးသီးက တစ်ခဲနက် ကြိုဆို ထောက်ခံခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းနဲ့ ဒေါက်တာ မနမ်တူးဂျာ တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံကြောင်း ပြောကြားချက်တွေကို သာကီနွယ်မှာ ရေးသားထားတာ ဖတ်လိုက်ရတော့ အေးချမ်းသာယာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဟာ အနာဂတ်မှာ အလှမ်းမဝေးတော့ဘူး ဆိုတာ ဆိုလိုက်ချင်ပါတော့တယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်တောင်းရင်း ဂါဝရပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင် အထူးဒေသ(၁) က ဦးဇခုန်တိန့်ယိန်း ဖြစ်ပါတယ်။ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။


လေးစားအပ်ပါသော သဘာပတိကြီးခင်ဗျား-

ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူအားလုံးဟာ အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးတဲ့ မင်္ဂလာသတင်းကောင်းကို ကြားသိကြပြီးကြည်နူးပီတိ အပြုံးနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့ ကချင်ပြည်နယ်က တိုင်းရင်းသားများဟာ နိုင်ငံတော်တစ်ဝှမ်းလုံးက အခြားသော သွေးချင်းညီအစ်ကို မောင်နှမများလိုဘဲ နယ်မြေတည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလား တောင်းတကြပါတယ်။ ယခင်က နယ်မြေခံတိုင်းရင်းသား လူမျိုးစုတွေ မလုံမခြုံနေထိုင် ၊ သွားလာ လှုပ်ရှားခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းမှာ သမိုင်းကြောင်း တစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ တည်ငြိမ်အေးချမ်းခြင်း၊ တရားဥပဒေစိုးမိုးခြင်းများ ရရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်အထူးဒေသ(၁) အနေနဲ့လည်း နိုင်ငံတော်ရဲ့ သဘောထားမှန် ၊ ဖြူစင်တဲ့ စေတနာအရင်းခံ လုပ်ရပ်မှန်များကို နားလည်သဘောပေါက်ပြီး အပြန်အလှန် နားလည်ယုံကြည်မှုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ အေးချမ်းတည်ငြိမ်မှုနဲ့ အတူဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ဒေသတွင်း အေးချမ်းမှု၊ တိုးတက်မှုများကို ပြည်သူများနှင့် အတူ မျှဝေခံစားနေရလို့ ကျေနပ်မှုအပြည့်နဲ့ ကြည်နူးပီတိ ဖြစ်ရပါတယ်။

နိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးများ ၊ ဒေသရေမြေများ ၊ ဓလေ့ထုံးစံစတဲ့ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးစနစ်များ ကျင့်သုံးနိုင်ဖို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ အနာဂတ် နိုင်ငံတော်တွက် အရေးကြီးလှပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ကျင်းပတဲ့ အမျိုးသားညီလာခံကြီးကို ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန် ၊ ဆန္ဒမှန်နဲ့ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

အမျိုးသား ညီလာခံကြီးကို စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ကျင်းပခဲ့ပါတယ်။ ကချင် အထူးဒေသ(၁)က ကိုယ်စားလှယ်များ အနေနဲ့လည်း မိမိသဘောထား ၊ ဆန္ဒကိုပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေး တင်ပြနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ပြည့်စုံစစ်မှန်တဲ့ ညီလာခံကြီးဖြစ်ပါတယ်ခင်ဗျား။

အမျိုးသားညီလာခံက ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ ပါဝင်မယ့် အခြေခံမူတွေ ၊ အသေးစိတ် အခြေခံရမယ့်မူများကို တညီတညွတ်တည်း အတည်ပြုချမှတ် ပေးနိုင်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ကနဦးလိုအပ်သည့် အထောက်အပံ့တစ်ရပ် ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်။

အမျိုးသားညီလာခံကချမှတ်တဲ့ အခြေခံရမယ့်မူနဲ့ အသေးစိတ်အခြေခံရမယ့် မူများထဲမှ ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော် အာဏာသုံးရပ်နဲ့ ပတ်သက်ပြီးကြည့်ရင် တိတိကျကျချမှတ်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော် ဖွဲ့စည်းရာမှာလည်း တိုင်းဒေသကြီး(၇)ခု ၊ ပြည်နယ်(၇)ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ(၁) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (၁)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခု ဖွဲ့စည်းခဲ့ခြင်းဟာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုအဖြစ် သဘာဝကျပြီးသင့်မြတ်လှပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ခြင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းက သဘောတူ လက်ခံမှ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ လွယ်လင့်တကူပြောင်းလဲပြင်ဆင်လို့ မရအောင် အခြေခံဥပဒေက ထိန်းကျောင်း တာဝန်ခံလိုက်တာဖြစ်လို့ အလွန်ကောင်းမွန်လှပါတယ်။

တိုင်းရင်းသားရေးရာနှင့်ပတ်သက်ပြီး-

-နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။

-နိုင်ငံတော်သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မည်။

-နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ လမ်းပမ်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်၊ လို့ တိုင်းရင်းသားများ အကျိုးစီးပွားကို ပြည့်ပြည့်စုံစုံ ဖော်ဆောင် ရေးဆွဲထားတာ ဖြစ်တာကြောင့် ခိုင်မာတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ပေါက်လာမှာကို များစွာ ကျေနပ် အားရဖြစ်မိပါတယ်။

လေးစားအပ်ပါသော သဘာပတိကြီး ၊ သဘာပတိအဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ ခင်ဗျား-

ကျွန်တော်တို့ အနေနဲ့ အမျိုးသားညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများဟာ ဒို့တာဝန်အရေးသုံးပါးကို အာမခံပေးမယ့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မယ့် အခြေခံမူများ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် အမျိုးသား ညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံလိုက်ပါတယ်ခင်ဗျား။

မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေလို့ ဂါရ၀ပြုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ကျွန်တော်ကတော့ ကချင်ပြည်နယ် ကချင်အထူးဒေသ (၂) က ဒေါက်တာမနမ်တူးဂျာ ဖြစ်ပါတယ်။ ယနေ့ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း အဆိုကို ထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။


လေးစားအပ်ပါသော သဘာပတိကြီးခင်ဗျား

ကျွန်တော်တို့ နိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် လိုအပ်ပါတယ်။ နိုင်ငံတော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုရှိခဲ့ဖူးပါတယ်။ ခေတ်ကာလအခြေအနေ၊ တိကျခိုင်မာပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ အထူးဒေသ (၂) က အမျိုးသားညီလာခံကို ထောက်ခံပြီး အမျိုးသားညီလာခံမှာလည်း တက်ရောက်ပါဝင်တင်ပြခဲ့ပြီး အမျိုးသားညီလာခံနှင့် နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူပါဒလမ်းစဉ်ကို ထောက်ခံကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။

ယခုအမျိုးသားညီလာခံကြီးအောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်လို့ ဆက်လက်ဆောင်ရွက်ရန်ရှိနေသော လုပ်ငန်းများအောင်မြင်ရေးကိုလည်း ၀ိုင်းဝန်း ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက တဆင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် မကြာမီ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံမူများ ခြမှတ်ပေးနိုင်ခဲ့တဲ့ အမျိုးသားညီလာခံကြီးကို ထောက်ခံရင်းဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျား။

လေးစားအပ်ပါသော သဘာဝတိကြီးခင်ဗျား

ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အခြေခံရမယ့်မူထဲက နိုင်ငံသားများရဲ့ မူလအခွင့် အရေးနဲ့ တာဝန်များ ပြဌာန်းထားချက်ကို ကောက်နှုတ်တင်ပြလိုပါတယ်။

ယခင်ရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂) ခုမှာ နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ တာဝန်များဆိုင်ရာ အခန်းများပါရှိပေမယ့် မပြည့်စုံခဲ့ပါဘူး။ ယခု အမျိုးသားညီလာခံကြီးက ချမှတ်ခဲ့တဲ့ အခြေခံမူမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းဟာ ပြည့်စုံလှပါတယ်။ အသေးစိတ် အခြေခံရမယ့်မူ အချက် (၅၀) ပါဝင်ပါတယ်။

-နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့် ပေးရမည်။

-နိုင်ငံတော်သည် မည်သည့်ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်းး၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။

-အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေး၊ လစာတို့ကို ခံစားခွင့်ရှိသည်။

-မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသောအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်။

- နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု ၊အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ ပြင်မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေလျှင် သက်ဆိုင်သူများသည် အချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက် ခွင့်ရှိသည် စတဲ့မူများပါဝင်ပါတယ်။

ဘာသာ၊ သာသနာရေး အခွင့်အရေးများကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

- ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင်းတရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် သော်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက် တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည်း ဘာသာသာသနာရေးတွင် လွပ် လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွပ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။

စတဲ့အချက်များဟာ နိုင်ငံသားအားလုံးအတွက် အခွင့်အရေးများအချုပ်အခြာ အာဏာပိုင်ဆိုင်မှုများ၊ အမျိုးသားရေး အကျိုးစီးပွားများပြည့်ပြည့်စုံစုံပါဝင်နေပါတယ်။ ချမှတ်ခဲ့တဲ့ အခြားအခြေခံမူများဟာ လည်းကျွန်တောတို့တိုင်းရင်းသားများရဲ့ လက်တွေ့ဘ၀၊ ဆန္ဒနဲ့ကိုက်ညီပြီး ကောင်းမွန်ပြည့်စုံမှန်ကန် မှုရှိပါတယ်။ ဒါကြောင့်ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသာများ အားလုံးပါဝင်ရေးဆွဲထားတဲ့ ခိုင်မာတဲ့ဥပဒေတစ်ရပ် ဖြစ်မယ်ဆိုတာ ပြောကြားလိုပါတယ်။

လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများခင်ဗျာ။

ကျွန်တော်တို့လိုလားတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကြီးကို ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကသာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီလာခံကြီးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား-