ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, January 18, 2012

အမုန်းခံပြီး ရေးလိုက်သည်

Justify Fullအမုန်းခံပြီး ရေးလိုက်သည်

by Kyaw Thu Aung on Wednesday, January 18, 2012 at 8:56pm
ဒေါက်တာဆိတ်ဖွား Voice Of Myanmar
ဇန်န၀ါရီလ ၁၆ ရက်နေ့က ပေါ်ပြူလာဂျာနယ်ရဲ့ facebook စာမျက်နှာမှာ "ပွင့်လင်းသူရှိမှ ပွင့်လင်းမီဒီယာ ဖြစ်လာမည် " ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရပါတယ် ၊ ဆောင်းပါးမှာ ဆောင်းပါးရှင်က ဒီမိုကရေစီနိုင်ငံတွေမှာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာကဏ္ဍ အရေးပါပုံ ၊ မရှိမဖြစ်လိုအပ်ပုံ တို့ကိုဖေါ်ပြပြီး နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ မီဒီယာနဲ့စိမ်းနေသေးပုံ ပွင့်လင်းရန်လိုအပ်နေပုံ တို့ကို အကိုးအကားအချို့နဲ့ ဖေါ်ပြထားတာကိုတွေ့လိုက်ရပါတယ် ၊ ကောင်းပါတယ် ဒီလိုထောက်ပြဝေဖန်တာ ၊ ဒါပေမယ့် မီဒီယာတွေကိုယ်တိုင်ရော ပြည်သူ့အသံကို သရုပ်ဖေါ်နိုင်ပါရဲ့လား ၊ မီဒီယာရဲ့အသံ ဟာ ပြည်သူ့အသံ အမှန် ဖြစ်ပါရဲ့လားလို့ ပြန်မေးစရာ တွေးမိလာပါတယ် ။
ကျွန်တော်လဲ အဆင်ပြေအောင် ပြသနာမဖြစ်အောင် ပြောတတ်ပါတယ်၊ ရေးတတ်ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အကြောင်း ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ ကမ္ဘာမှာဝင်ဆန့်မှုတွေဟာ နိုင်ငံအပေါ်မှာ ဘယ်လိုကောင်းတဲ့အလားအလာတွေဖြစ်တယ်ဆိုတဲ့အကြောင်း ။ အခုပါတီတရား ၀င်လုပ်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းရွေးချယ်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ် ဆိုတဲ့အကြောင်း ၊ မီဒီယာတွေကလည်း အခက်အခဲတွေကြားထဲက ပြည်သူ့တာဝန်ကို ကျေခဲ့တယ် ဆိုတဲ့အကြောင်း စသဖြင့်ပေါ့ဗျာ. .ရေးရင်၊ ပြောရင် ရတာပေါ့ဗျာ ... ။ ဒါပေမယ့် ပြောစရရှိတာ ကိုပြောကိုပြောရပါ့မယ် ၊ အမုန်းခံပြီးတော့ကို ပြောရပါ့မယ် ဒီနေ့မီဒီယာအများစုဟာ ပြည်သူ့ အသံအစစ်ကို သရုပ်မဖေါ်နိုင်သေးပါဘူး (တိုင်းပြည်ကို နှစ်ရှည်လများတင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သူတွေကြောင့် ခုလိုဖြစ်နေတာ လည်း ဖြစ်နိုင်ပါတယ် ) ၊ မီဒီယာရဲ့အသံဟာ ပြည်သူ့အသံအမှန် မဖြစ်သ၍ တိုင်းပြည်ဟာ အန္တရာယ်တွေ ၊ စိတ်ဝမ်းကွဲမှုတွေ ရှိနေဦးမှာပါဘဲ...။
ဥပမာတစ်ခုအနေနဲ့ပြောရရင် မီဒီယာတွေပေါ်မှာ ဖတ်လိုက်ရင် NLD ပါတီ ချီးမွမ်းခန်းတွေ ထပ်နေပြီး ၊ ပြည်ခိုင်ဖြိုးပါတီကတော့ လူဆိုးပါတီအဖြစ် သရုပ်ဖေါ်ထားတာကိုတွေ့ရမှာပါ ၊ ဒီလိုပြောလိုက်ရင် ဒါပြည်သူ့အသံပဲလေ... ပြည်ခိုင်ဖြိုးကို ဘယ်သူကမှမကြိုက်တာ ဒါကြောင့် ဒီလို ဖြစ်နေတာပေါ့ ၊ NLD ကတော့ လူတိုင်းကြိုက်တယ်လေ.. လို့ ပြောကြမှာပါဘဲ ... ဒီအတိုင်းအမှန်ဖြစ်ပါရဲ့လား ဆိုတာ သေသေချာချာ ကြည့်ရအောင်ပါ ။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအကြိုကာလက ထင်ရှားတဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လွင်မိုးဟာ သူဟာ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့အကြောင်း မီဒီယာတွေကနေ တဆင့် ပြောခဲ့ပါတယ် ၊ ဒါနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပါဘဲ ၊ သူ့ဟာသူဘယ်ပါတီကြိုက်ကြိုက် သူ့ကိစ္စသာ ဖြစ်ပါတယ် ၊ ကိုယ်ကလဲ ကိုယ်ကြိုက်တဲ့ ပါတီကိုမဲပေးလိုက်ယုံပါဘဲ ၊ ဒါပေမယ့် မီဒီယာတွေဟာ မင်းသား လွင်မိုးကို ဗီလိန်ဖြစ်အောင်လုပ်လိုက်ကြတယ် ၊ မဲပေးခါနီး ရက်ပိုင်အလိုမှာ လွင်မိုးက သူဟာ မဲပေးဘို့အတွက် သူ့ ဇာတိကိုပြန်မှာဖြစ်ကြောင်း မဲပေးရာမှာလဲ ပြည်ခိုင်ဖြိုးက ဦးဌေးမြင့်ကို ပေးမှာဖြစ်ကြောင်း ပြောဆို လိုက်ပြန်တဲ့အတွက် မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ လွင်မိုးဟာ လူဆိုးကြီးလုံးလုံး ဖြစ်သွားတယ် ၊ ကြံ့ဖွတ် လွင်မိုး ဘာညာဆိုပြီး ပြောကြဆိုကြသံတွေစီစီညံခဲ့ကြတယ် ။ ဒီအထိ ထင်စရာရှိတာက ပြည်ခိုင်ဖြိုးပါတီမကောင်းပါဘူးလို့ ပြည်သူ့အသံ စတုတ္ထမဏ္ဍိုင် တွေက ထောက်ပြနေပါ ရက်နဲ့ ဒီမင်းသားလွင်မိုးဟာ လုပ်ချင်ရာလုပ်ရကောင်းလားဆိုပြီး ၀ိုင်းဆဲကြတာဖြစ်မယ် လို့ ထင်စရာရှိတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတော့ မဲရလဒ်တွေလဲထွက်လာရော လွင်မိုးထောက်ခံတဲ့ ပြည်ခိုင်ဖြိုးက ဦးဌေးမြင့်နိုင်သွားတယ် ၊ ကြိုတင်မဲ ကျန်တဖက်ကိုပေါင်းလိုက်ရင်တောင် သူပဲနိုင်ပါတယ် ။ ဒါဆိုရင် ခုနအွန်လိုင်းပေါ်ကအသံတွေဟာ ပြည်သူ့အသံမဟုတ်ဘူးပေါ့ ...။
ဒီလိုပြောလိုက်တိုင်း ပြည်ခိုင်ဖြိုးက မဲလိမ်တာကိုး ၊မဲခိုးတာကိုး ဒါတောင်မသိဘူးလားဆိုပြီးတော့ အပြစ်တင်တတ်ကြတယ် ၊ အရှုံးကို လက်ခံဘို့ မြန်မာတွေ ၀န်လေးနေတာကိုတွေ့ရတယ် ၊ အရှုံးကို ကြည်ဖြူစွာ လက်ခံနိုင်တဲ့ အလေ့အကျင့်မရှိမချင်း ပြည်သူတွေဟာဒီမိုကရေစီနဲ့ဝေးနေဦးမှာပါဘဲ ။ နောက်ထပ်စိတ်ဝင်စား စရာကောင်းတဲ့ မဲဆန္ဒနယ်တစ်ခုကိုကြည့်ရအောင်ပါ ...။
NLD ပါတီရွေးကောက်ပွဲမ၀င်တဲ့အတွက် အတိုက်အခံဘက်မှာ နိုင်ငံရေးအရ အထင်အရှားဆုံးသူဟာ ဦးသုဝေလို့ ပြောရင် မှားမယ်မထင်ပါဘူး ၊ အဲဒီတုန်းက ပြည်တွင်းမီဒီယာတွေ ၊ ပြည်ပမီဒီယာတွေမှာ ဦးသုဝေနာမည်ဟာ ထပ်နေပါတယ် ၊ သူ့အင်တာဗျူးတွေကလည်းနားမထောင်ချင်အဆုံးပါ ၊ သူနဲ့ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းဟာ ဦးအောင်ကြည် ဖြစ်ပါတယ် ။ သတင်းတွေမှာကြည့်လိုက်ရင်လဲ ဦးအောင်ကြည် ဟာ ဟိုအလုပ်သမားအေဂျင်စီက ကွန်ပြူတာတွေတောင်းပြီး လှူပြနေပါတယ်တို့ ၊ ဘယ်ကလေးကစားကွင်းက ကိစ္စမှာတော့ ဘယ်လိုမတရားလုပ်ပါတယ်တို့ ၊ စုံနေတာပါဘဲ ... ၊ မီဒီယာပေါ်ကအခြေအနေအရကြည့်မယ်ဆိုရင်ဦးအောင်ကြည်ဟာ နိုင်စရာအကြောင်းကိုမရှိပါဘူး ။
ရွေးကောက်ပွဲလုပ်တဲ့နေ့ကျတော့ ဦးသုဝေဟာ မဲရုံမဖွင့်ခင်ကတည်းက ရောက်နေပါတယ် ၊ တစ်နေကုန် ထိုင်နေပါတယ် ၊ မြို့နယ်ထဲက တခြားမဲရုံတွေမှာလည်း သူ့လူတွေ သတင်းထောက်တွေ ၊ အင်ပြည့် အားပြည့်နဲ့ သူတို့ပါတီရဲ့ ဥက္ကဌအတွက် စောင့်ကြည့် ပေးခဲ့ကြပါတယ် ။ မဲရေတွက်တော့လဲ သူတို့လူတွေအကုန်ပါ ပါတယ် ။ ဘယ်လိုမှ လိမ်လို့ကောက်လို့မရပါဘူး ၊ ဒါပေမယ့် မဲတွေအားလုံးရေတွက်ပြီးတဲ့အခါ သူရှုံးပါတယ် ၊ ဒီအနိုင်အရှုံးစာရင်းကိုကြည့်ပါ ၊ ကြိုတင်မဲတွေ အကုန်ယူလဲ ဦးအောင်ကြည်ကို ဦးသုဝေမနိုင်ပါဘူး ....။
သူနဲ့အလားတူ အခြားနာမည်ကြီးသူတွေဖြစ်တဲ့ ၊ ဒေါ်သန်းသန်းနု ၊ ဒေါ်နေရီဗဆွေ ၊ ဒေါ်ချိုချို ကျော်ငြိမ်းတို့ လဲ သက်ဆိုင်ရာနယ်မြေတွေမှာ ဒီလိုပဲစောင့်ကြည့်ပြီး ရှုံးသွားကြပါတယ် ။ ဒီလိုထင်ရှားသူတွေ ၊ ခေါင်းဆောင်တွေ မှရှုံးရင် ကျန်တဲ့သူတွေ ရှုံးတာဘာဆန်းလဲဗျာ .... မဟုတ်ဘူးလား ၊ ဒါပြည်ခိုင်ဖြိုးဘက်ကကာကွယ်ပြောနေတာမဟုတ်ပါဘူး ၊ ဒီပြည်ခိုင်ဖြိုးနဲ့ ကျွန်တော်နဲ့လဲ ဘာမှမဆိုင်ပါဘူး ခင်ဗျားတို့ဘယ်လိုပြောပြော ပြည်ခိုင်ဖြိုး ကို ထောက်ခံသူတွေရှိကိုရှိတယ် ဆိုတာကို လက်မခံလို့မရပါဘူး ဆိုတာပြောချင်တာပါ...။ အရင်ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီကို အင်နဲ့အားနဲ့ ထောက်ခံတဲ့ သူတွေရှိခဲ့တယ်ဆိုရင် အခုရွေးကောက်ပွဲရော.....??? ၊ ဒီလူတွေအကုန်လုံးသေမသွားလောက်သေးပါဘူး ရှိနေဦးမှာပါဘဲ ။

နောက်တစ်ခုစဉ်းစားစရာရှိတာက အခုကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မဲဆန္ဒနယ်တွေဟာ အစိုးရအဖွဲ့ဝင်တွေ ဖြစ်သွားလို့ လစ်လပ်သွားတဲ့နေရာတွေ ၊ တနည်းပြောရရင် ပြည်ခိုင်ဖြိုးပါတီ ရဲ့ နိုင်ခဲ့တဲ့နေရာတွေ ဒီပါတီရဲ့ အမာခံ နယ်မြေတွေအများစု ဖြစ်တယ် ဆိုတာမေ့မထားဘို့ လိုတဲ့အချက်ဖြစ်တယ် ။ ဒါ... NLD မပြိုင်သေးလို့ပါကွာ... ပြိုင်ရင် ဒီကြံ့ဖွတ်တွေ မနိုင်ပါဘူး ဘာညာနဲ့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ် ။ ပြောပါ ၊ နိုင်သွားရင်ဘာပြသနာမှမရှိပါဘူး ။ ပြသနာရှိတာက ရှုံးသွားရင် ပါ ။


ဒီဆောင်းပါးရဲ့ဆိုလိုရင်းက လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်ရင် ရွေးကောက်ပွဲကတရားတယ် ရှုံးရင်မတရားဘူးဆိုတဲ့ အသံတွေထွက်လာမှာစိုးလို့ပါ ၊ ဒီလိုထွက်လာတော့ ဘာဖြစ်လဲဆိုတော့ ၊ အချင်းချင်းစိတ်ဝမ်းကွဲတယ် ၊ တိုင်းသူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲနေတဲ့တိုင်းပြည် ၊ ဘယ်တော့မှ မတိုးတက်ပါဘူး ၊ မကြီးပွားနိုင်ပါဘူး ၊ ပြည်သူတွေ မီဒီယာတွေက ဒီရွေးကောက်ပွဲတရားမျှတမှုရှိအောင် ၊ မတရားလုပ်လို့မ၇အောင် မကျင်းပခင်ထဲက သေချာစောင့်ကြည့် ဖို့သာ လိုပါမယ် ၊ အရှိန်အဟုန်နဲ့ ခုတ်မောင်းနေပြီဖြစ်တဲ့ ဒီမိုကရေစီရထားကြီး ဒီကြားဖြတ်ရွေးကောက်ပွဲကြောင့် အရှိန်တက်သွား တာပဲ ဖြစ်စေချင်ပါတယ် ။တန့်မသွားစေချင်ပါဘူး ။

ဒေါက်တာဆိတ်ဖွား Voice Of Myanmar ထံမှ ရယူပါသည်။

No comments: