ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, January 11, 2008

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စုကြည့်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော် အမြင် (၂)

မျိုးမြန်မာ ရေးသားပါသည်။


ယခု အခါတွင်မူ စီးပွားရေး ပိတ်ဆို့မှုနှင့် ဗိုလ်ချုပ်၏ ဖက်ဆစ်ဂျပန်နှင့် လက်တွဲကာ အင်္ဂလိပ်တို့အား ဆန့်ကျင်ပုံအား နှိုင်းယှဉ်ကာ ဆိုလာသည့် အတွက် (ပုထုစဉ်မှ တီးရှော့တွင် ရေးသားခဲ့ပြီး အခြား blogger အတော်များများ မှလည်း ထောက်ခံ ကိုးကားကြပါ၏) ယခု ဆောင်းပါးအား ရေးသားပြီး တလက် စတည်းမှာပင် ဒေါ်စုကြည်အား ဤရှုထောင့်မှ ဆက်လက် သုံးသပ်သွားမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဖက်ဆစ်ဂျပန်အား မြန်မာပြည်တွင်းသို့ ဖိတ်ခေါ်လာခြင်းအား ပြည်သူများမှ အပြစ်မမြင် ကြခြင်းသည် အဘယ်ကြောင့် ပါနည်း။ တာဝန်ယူရဲသော စိတ်ဓါတ်ကြောင့်ဟု ကျွန်တော် ယူဆ ယုံကြည် ပါသည်။ ဗိုလ်ချုပ်သည် မိမိခေါ်လာသည့် ဖက်ဆစ်ဂျပန် တို့သည် မိမိနိုင်ငံတော်အား နစ်နာစေသည်။ မိမိလမ်းကြောင်းသည် မှားယွင်းခဲ့ပြီဟု သိသည်နှင့် တပြိုင်နက် ဂျပန်တော်လှန်ရေးကို မဆုတ်မနှေး ချက်ခြင်းပင် ဦးဆောင်ကာ ပြန်လည် ပြုလုပ်ခဲ့၏။ မည်သည့် အတွက်ကြောင့်မှ ဆုတ်ဆိုင်း နေခြင်းမပြုချေ။ ဤသည်ပင် သူ့အား အာဇာနည်နှင့် ထိုက်တန်စေသော စိတ်ဓါတ် ဖြစ်ခဲ့ပါ၏။ ထိုကဲ့သို့ မိမိအမှားကို တာဝန်ယူရဲသော၊ နိုင်ငံအား မည်သည့် အကြောင်းကြောင့်မှ မနစ်နာ စေသည့် အမှန်တကယ် စိတ်ဓါတ်ခိုင်မာသော တာဝန်သိစိတ် ရှိသည့် အာဇာနည် တစ်ဦးသည် ကျွန်တော်တို့ မြန်မာ့သမိုင်းတွင် ဂုဏ်ယူဖွယ် တည်ရှိပါသည်။ ထိုအရာသည် ဆုကြေးများ၊ အထောက် အပံ့များနှင့် ရစ်တွယ်ကာ လမ်းကြောင်း ပျောက်နေသည့်၊ နိုင်ငံကို နစ်မွန်းစေသည့် နည်းလမ်းများကို သိလျှက်နှင့် နောက်ပြန် မဆုတ်နိုင်သည့် သမီးဖြစ်သူဒေါ်စုကြည်နှင့် လွန်စွာကွဲပြားစေသော အချက်ပင် ဖြစ်၏။

ဒေါ်စုကြည်အား လေ့လာကြည်ပါမည်။ သူမ၏ နိုင်ငံရေးသမားဘ၀ အစသည် ယောင်ဝါးဝါးနိုင် လှ၏။ အတွေ့အကြုံ အားနည်းသေးသည့် အတွက်ကြောင့် လည်းကောင်း၊ သူမပါဝါအား သူမကိုယ်တိုင် မတိုင်းတာနိုင်သေးသည့်အတွက် လည်းကောင်း တခါတရံ ပျော့ပြောင်း တွေဝေစွာ၊ တခါတရံ တင်းမာ ခက်ထန်စွာဖြင့် သူမ စရိုက်သည် မငြိမ်ပဲ အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ (အခြေနေကိုမူတည်ပြီး ပျော့သင့်သည့် နေရာတွင်ပျော့၊ မာရမည့်နေရာတွင်မာသည့် ပုံစံမျိုးမဟုတ်ပါ) နောက်ပိုင်းတွင် သူမ၏ အရှိန်ဝါသည် နိုင်ငံတကာ အလယ်တွင် များစွာ နေရာရှိ လာသောအခါ၊ ထိုအရာကို သူမကိုယ်တိုင် သတိပြုမိ လာသောအခါ သူမသည် မည်သူ့မျှ လူမထင်သည့် ပုံစံကို ထင်ရှားစွာပင် ပြလာတော့၏။ အန်အယ်ဒီ၏ ပါတီတွင်း အာဏာသိမ်းခြင်း ခံရခြင်းဟု ဆိုချင်ပါသည်။

မည်သို့ပင် ဆိုစေကာမူ ဒီမိုကရေစီ မပြည့်ဝသည့် နိုင်ငံရေးသမား များသည် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး ကိုသာ ဦးတည်သည့် တပါတီစနစ် အောက်တွင် အသားကျနေသည့် ပြည်သူသည် လည်းကောင်း သူမအား ဒီမိုကရေစီစနစ်၊ နည်းလမ်း စသည် တို့ထက် ပုဂ္ဂိုလ်ရေးကိုသာ အသားပေးကာ ဒေါ်စုဆိုရပြီ ဘာဖြစ်ဖြစ် ဆိုသည့် အနေထားဖြင့် ကျေကျေနပ်နပ်ပင် သူမ၏ လွှမ်းမိုးမှုကို လက်ခံကြပါ၏။ လွတ်လပ်စွာ သဘော ကွဲလွဲခွင့်နှင့် အသား မကျသော ထိုသူများသည် ဒေါ်စုကြည်၏ လုပ်ရပ်များ အပေါ် ဝေဖန်မှုများ ရှိလာသည့်အခါ ကြမ်းတမ်းစွာ တုန့်ပြန်ကြသည့် အတွက် သူမကို ဝေဖန် ဆန့်ကျင်မှု များသည် တစတစ ပျောက်ကွယ်ကာ သူမအား အကြွင်းမဲ့ အာဏာကို ပိုင်စိုးစေ၏။ ယခု မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိုသည်ကို အငမ်းမရ တောင်းဆိုနေကြ သော်လည်း ဒေါ်စုမပါသည့် ဒီမိုကရေစီ လမ်းကြောင်းများ (အစိုးရလမ်းစဉ် ၇ ရပ်အားမဆိုလိုပါ)၊ မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်သည့် လမ်းကြောင်း များအား တင်ပြမှုများ ရှိလာသည်နှင့် ခါးခါးသီးသီး ခပ်ကြမ်းကြမ်းပင် တုန့်ပြန်ကြ ပါသည်။ ထို့ကြောင့်ပင် ဒေါ်စုကြည်သည် အနောက်မှ ကြေငြာလေ့ ရှိသလို ဒီမိုကရေစီ၏ ပုံရိပ်ဖြစ်လာ၏။ ကမ္ဘာ့သမိုင်းနှင့် ချီသည့် ခန့်ခန့်ထည်ထည် အစဉ်လာရှိသော ဒီမိုကရေစီသည် ဒေါ်စုမပါပဲ ဖြစ်တည်၍ မရတော့ချေ။ မျက်နှာဖုံး စွပ်ခြင်း ခံရချေ၏။

ထိုသို့ အဆင့်တန်း တစ်ခုသည် မည်သို့မှ အိမ်မက်ပင် မမက်ခဲ့သော အနေထားသို့ ရောက်လာသော အခါ သူမအနေဖြင့် မည်သည့် ပြည်တွင်း နိုင်ငံရေးသမားကိုမျှ မျက်စိထဲ တန်းတူ မမြင်တော့ချေ။ အဓိက တိုင်ပင် ဆွေးနွေးမှုများသည် အနောက် အုပ်စုများနှင့်သာ ဖြစ်လာခဲ့၏။ ထို့နောက်တွင်စီးပွါးရေး ပိတ်ဆို့မှုသည် ပေါ်ပေါက်လာကာ သူမသည် ၀မ်းသာအားရပင် ထောက်ခံခဲ့ချေသည်။ မည်သည့် နိုင်ငံရေး သမားမျှလည်း ကန့်ကွက် ပါသည်ဟု ကျယ်ကျယ် လောင်လောင် မဆိုဝံ့ကြပါချေ။

မြန်မာ့နိုင်ငံရေး အတိုက်ခံများသည် ထိုအချိန်မှစကာ မြန်မာနိုင်ငံအား အဆိုးပင်မြင် ချင်ကြပါသည်။ ဘက်စုံ နိမ့်ကျလာသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအား လက်ညှိုးထိုး စွပ်စွဲကြပါသည်။ အမှန်တကယ် ဖြစ်လာနေသည့် အပြစ်များကို လက်ညှိုးထိုးခြင်းများ အပြင် အတွင်းစိတ်တွင်လည်း ထိုအရာများ မြင့်တက်လာမည်ကို စိုးရွံ့မှုများ ရှိလာကြ၏။ လက်ရှိအစိုးရ လက်ထပ်တွင် မည်သည့် အပိုင်းတွင်မျှ ကမ္ဘာ့အလယ်တွင် မြန်မာ မျက်နှာရသွားမည်ကို မလိုလားချေ။ ပြည်သူတွေ ကျေနပ်လောက်အောင် ကောင်းသွားမည်ကို မလိုလားချေ။ ယုတ်စွအဆုံး မြန်မာ့ဘောလုံး ဆီမီးလောက်တက်ပြီ ဆိုလျှင်ပင် မျက်နှာပျက်ချင် လာကြ၏။ ပျက်နေပါပြီ၊ ဆင်းနေပါပြီ၊ ကျပ်နေပါပြီဟု စွပ်စွဲ အော်ဟစ် နေသော်ငြားလည်း အတွင်းစိတ်သည် ပိုပျက်စမ်း၊ ပိုဆင်းစမ်း၊ ပိုကျပ်စမ်း၊ မခံမရပ်နိုင် ပွင့်ထွက် ကုန်ကြစမ်းဟု ကြံရွယ် နေကြသည်မှာ မဖုံးနိုင် မဖိနိုင်ပင် ထင်ရှားလှ၏။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှု အောက်တွင် 10 နှစ်ကျော်မျှ လုံးပါးပါးကာ ဘက်စုံ ကျဆင်းမှုများအား စိတ်ပိုင်း ဆိုင်ရာတွင်ကော ရုပ်ပိုင်းဆိုင်ရာတွင်ပါ ထိခိုက် ခံစားရပါ၏။ နိုင်ငံအား အထိခိုက်များ လှသော ထိရောက်မှုနည်းသည့် ဤနည်းလမ်းအား ပြန်လည် ဆန့်ကျင်တိုက်ခိုက်ရန် ဒေါ်စုကြည်သည် မစဉ်းစားပါ။ မစဉ်းစား ရဲခြင်းလည်း ဖြစ်နိုင်ပါသည်။

ထိုအခါ အချက် သုံးချက်ဖြင့် သုံးသပ်ကြည့် ပါမည်။
၁) ဒေါ်စုကြည်သည် စီးပွါးရေးပိတ်ဆို့မှုလမ်းကြောင်း၏ ထိခိုက်မှုကြီးမားပုံကို သုံးသပ် နိုင်စွမ်း ရှိလောက်အောင် အမြင်မရှိခြင်း။ တနည်းအားဖြင့် မမြင်ခြင်း။
၂) နိုင်ငံနှင့် လူထုအား မည်မျှ ထိခိုက်စေကာမူ အာဏာရရေး သာလျှင် အဓိက လမ်းကြောင်းအဖြစ် သတ်မှတ် ထားခြင်း၊ တနည်း။ နိုင်ငံနှင့် လူထုအား စတေးခြင်း၊
၃) မြင်သိသော်လည်း ထိုလမ်းကြောင်းအား ပယ်ဖျက်ရန် မဖြစ်နိုင်ခြင်း။ ပယ်ဖျက်မည် ဆိုပါလျှင် အနောက်နှင့် ဆန့်ကျင်မှုများ ရှိလာနိုင်သောကြောင့် ထိုလမ်းကြောင်းကို မရွေးချယ်ဝံ့ခြင်း။ တနည်း။ ပယ်ဖျက် ရမည့် လမ်းကြောင်းသည် အနောက်မှ မြန်မာဒီမိုကရေစီရေး အတွက် ကူညီရန် ချထားပေးသော လမ်းကြောင်းအား ဖောက်ဖျက်ရာ ကျခြင်း။

ထိုအခါ ဒေါ်စုကြည်သည် မှားမှန်း သိသော်လည်း ပြင်ဆင်ရန် တွေဝေသော၊ အမှားကို ၀န်မခံရဲသော၊ ဆုကြေး အထောက်ပံ့များအား ပယ်ဖျက်ရန် သတ္တိမရှိသော သူတစ်ဦးဖြစ်လာ၏။ စိတ်ဓါတ်ခိုင်ကာ ရဲရဲတောက် စကားများအား မြန်မာနိုင်ငံ အတွင်းရှိ လူများအား အတွန့်ဆုတ်မရှိ ပြောဝံ့သော အဆိုပါ အမျိုးသမီးသည် ကမ္ဘာ့နိုင်ငံများ ၀ိုင်းဝန်း ဝေဖန်ကြသည့် အနောက် အုပ်စုများ၏ မတရားစစ်ပွဲများ၊ နိုင်ငံရေး ကိစ္စများတွင် ကမ္ဘာ့အရေးကို လစ်လျူရှု ထားခြင်းပဲလား မသိနိုင်လောက်အောင် အနောက် နိုင်ငံများအား (အာရှနိုင်ငံများ မပါပါ) ချီးကျူး ထောက်ခံခြင်းမှအပ ဝေဖန်စကား ပြောရန် လက်ရှောင် နေသည်ကို ထင်ရှားစွာ ပင်မြင်နိုင်၏။

ထိုသို့ သူမ၏ စိတ်ဓါတ်အား လေ့လာနေစဉ်တွင် အမျိုးသမီးများ နေ့သတ်မှတ်ချက်သည် ကျွန်တော့်အား ပိုမိုစိတ်ပျက်မိစေ ပါသည်။ နိုင်ငံရေးသမားများက သူမ မွေးနေ့အား အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ခဲ့ ကြသည်။ မည်မျှပင် နိုင်ငံ ဂုဏ်ဆောင်စေကာမူ တိုင်းတပါးသားနှင့် လက်ထပ်ထားသည့် သူမ၏ မွေးနေ့သည် မြန်မာ အမျိုးသမီးများနေ့ မဖြစ်ထိုက်ပါချေ။ ဒေါ်စုကြည်ကြောင့် တိုင်းတပါးသားနှင့် အိမ်ထောင်ပြုခြင်းအား မြန်မာ့အသိုင်းဝိုင်းမှ ဤမျှထိ လက်ခံ လာကြခြင်း ဖြစ်ပါသည်။ ထို့ပြင် ထိုသို့သတ်မှတ်ခြင်းအားဖြင့် မျိုးဆက်သစ် မြန်မာ အမျိုးသမီးလေး များအား အထိန်းကွပ် မရှိအောင် တွန်းအားပေးရာ ရောက်စေ ပါသည်။ အိမ်ထောင်ပြုခြင်းနှင့် ပက်သက်၍ ကျယ်ပြန့်သည့် အမြင်များ ရှိလာကြသည် မှန်သော်ငြားလည်း စိန်ကြည်တိုင်း လက်မထောင်နိုင် လောက်အောင်တော့ မဖြစ်သင့်ပါချေ။ ကျယ်ပြန့်သော အမြင် ခေတ်အမြင် စသည်တို့ကို အကြောင်းပြကာ ငြင်းချက် ထုတ်ခြင်းများကို ပြုကြမည်ဆိုလျှင် တောင်ပင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီး တစ်ဦး၏ မွေးနေ့သည် မြန်မာ အမျိုးသမီးများနေ့ မဖြစ်သင့် ပါချေ။ ထိုအရာအား နိုင်ငံရေးသမား များသည် သင့်သည် မသင့်သည် မစဉ်းစား အဆင်ခြင် မဲ့စွာပင် ဖားရလျှင် ပြီးရော သတ်မှတ်ခဲ့ကြ ချေ၏။

ထိုအခါ ဒေါ်စုကြည်၏ တုန့်ပြန်မှုကို ကျွန်တော်များစွာ စိတ်ဝင်စားမိ ခဲ့သည်။ သူမသည် သူမပြုခဲ့သည် ဆိုရုံမျှ နှင့်တော့ သင့်မသင့်ကို မဆုံးဖြတ်ပဲ လက်ခံ လိမ့်မည်ဟု လုံးဝပင် ထင်မထားမိခဲ့ပါချေ။ မည်သူ ပြုသည်ဖြစ်စေ မသင့်လျှော်ခြင်းသည် မသင့်လျော်ခြင်းသာ ဖြစ်၏။ မှားသည်ဟု ထင်သည်ကို ငုံ့မခံ ပြန်ပြော တတ်သော၊ မည်သည့်အကြောင်းမျှ နောက်မတွန့်သောသူဟု အများက သတ်မှတ်သော သူမသည် ဆိတ်ဆိတ် နေခဲ့ပါ၏။ (ပြုံးပြုံးကြီး ကျေနပ်ခဲ့မည်ဟု ထင်ပါသည်) မည်သို့မျှ ပြင်ဆင်ရန် မကြိုးစားပါချေ။ ဒီလိုလုပ်လျှင် ဘာတွေ အကျိုးပြစ်ရှိနိုင်သည် မစဉ်းစား၊ မြှောက်လျှင် သင့်သည် မသင့်သည်တောင် မစဉ်းစားပဲ ကျေနပ် နေတတ်သည့် သာမာန် လူတစ်ယောက်ထက် ပိုမိုသည့် တုန့်ပြန်ချက်မရရှိခဲ့ပါချေ။

ထိုသို့ ထိုသို့ သုံးသပ်မိသော အခါဝယ် သူမအား နိုင်ငံတော် အတွက် အားကိုး သင့်သည့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်း ဆိုင်ရာတို့တွင် ထူးခြားချက်အား မတွေ့ရှိ ပါတော့ချေ။ သင်တို့သည် သူ့နေရာမှာ ငါသာဆိုလုပ်နိုင်မှာမဟုတ်ဘူး ဆိုသည့် လုပ်ဆောင်ချက် မျိုးကို သူမထံမှ တွေ့ဘူးပါသလား။ မည်သူမဆို သူမနေရာ ရောက်လျှင် သူမလောက်တော့ ပြုမူနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

သို့သော် သူမသည် ချက်နှင့်လက်နှင့် စကားပြောကောင်းသူ တစ်ဦးဖြစ်၏၊ ဖခင် အရှိန်ဖြင့် မြန်မာ ပြည်သူတို့အား လွှမ်းမိုး ချုပ်ကိုင်နိုင်သူဖြစ်၏၊ ပညာတတ်သူ တစ်ဦးဖြစ်၏။ တဖြည်းဖြည်းနှင့် နိုင်ငံရေး အတွေ့အကြုံများ ရင့်ကျက်လာနေသူ တစ်ဦးဖြစ်၏။ ထို့ကြောင့် အမှန်တကယ် ကြိုဆိုသင့်သည့် ဝေဖန်မှုများအား ပြုပြင်ကာ ထိန်းသိမ်းရင်း ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ရန် ကြိုးစားလျှင်မူ မြန်မာ နိုင်ငံရေး သမားများ ထဲတွင် အလားလာ အကောင်းဆုံးသူ တစ်ဦးအဖြစ် ဆက်လက် ရပ်တည် နိုင်သည်ကိုမူ ကျွန်တော့်အနေဖြင့် ငြင်းချက်မရှိပါချေ။

သို့မဟုတ်ပါလျှင်မူ အဆိုပါအမျိုးသမီး၏ လက်တွင်းသို့ နိုင်ငံအား အပ်နှင်းရန် ကြံစည်မှုသည် ????.....

ကျေးဇူးတင်ပါသည်

မျိုးမြန်မာ

1 comment:

Myint Yee said...

ဒီလို.. သူတောင်းစားလေးရဲ.။ မင်းဦးနှောက်ရှိရင် အရင်ဆုံး မရေးပဲနှင့်တွေးကြည့်ပါဦး။ ဒေါ်အောင်စန်းစုကြည်ပေါ်လာတာက ၁၉၈၈ နောက်ပိုင်းမှ။ အဲဒီမတိုင်ခင်က မင်းပထွေးလုပ်သွားတာလေ။ မြန်မာပြည်သူပြည်သားတွေဆိုတာပညာကောင်းကောင်းမတတ်၊ တရက်တရက် ထမင်းစားဖို.မနည်းလုပ်ရ။ ဒီကြားထဲ ခြိမ်းခြောက်နှိပ်စက်တတ်တဲ.အရာရှိတွေကို လုပ်ကျွှေးရသေးတယ်။ ဩော်သူတို.မှာတော.တိုက်တွေ၊ကားတွေ၊စိန်တွေ ဆယ်သက်စားမကုန်အောင်ယူထားကြပြီးတော့။

ဟိုကမင်းတို.လက်ချက်ကြောင့်ခုထိဘာမှတောင်မလုပ်/မထိရသေးဘူး။ မင်းတို.ကြီးပဲ ၈၈ မတိုင်ခင်ရော၊ တိုင်ပြီးရော လက်ဝါးကြီးအုပ်ပြီးလုပ်လာတာ။ အဲလို မင်းတို.အိတ်ထဲမင်းတို.ထဲ့ပြီး နိုင်ငံသားတွေရဲ.အရေးဆုတ်ယုတ်နေတာက မင်းဦးနောက်ရှိရင်သိပါတယ်။ ဒေါ်စုနဲ.ဆိုင်လားမဆိုင်လားဆိုတာ။

အခုသူ.ကိုယ်ရေးကိုယ်တာတွေကို ပုတ်ခတ်တော.ရောဘာအကြောင်းထူးမှာလဲ။ တိုင်းပြည်ကိုဆုတ်ယုတ် သထက်ဆုတ်ယုတ်အောင် လုပ်နေတယ်ဆိုတာက မင်းတို. ၊ကိုယ့်အိတ်ထဲကိုယ်ထဲ့နေတာကလဲမင်းတို.၊တိုင်းပြည်ကိုတကယ်ချစ်လို.ကိုယ့်အကျိုးကိုယ်မကြည်.ဘဲ အသက်ရော၊လူရောပေးထားရတာက သူ။ အဲဒီအမှားအမှန်ကို လူတိုင်းသိတယ်။ မင်းအော်နေလဲဘယ်သူကမှဆောက်ဂရုမစိုက်ဘူးကွ။ (မင်းလိုပဲလေ။)